ဆိုးရွားလာတဲ့ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု
2024.10.11
![ဆိုးရွားလာတဲ့ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု ဆိုးရွားလာတဲ့ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု](https://www.rfa.org/burmese/program_2/ex-prisoner-need-medicin-10112024123613.html/@@images/4125298b-facf-47d7-9179-76ce2adb902a.jpeg)
စစ်တပ်အာဏာသိမ်းပြီးနောက် ထောင်တွင်း ဆေးကုသမှု မလုံလောက်တာကြောင့် သေဆုံးရသူ ၆၃ ယောက်အထိ ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အကျဥ်းထောင်တွေမှာ အကျဥ်းသားတစ်ယောက်ကို ဆေးကုသစရိတ် တစ်လကို မြန်မာငွေ ၁၁၀၀ ကျပ်ပေးထားပေမဲ့ ဘယ်လိုမှ မလုံလောက်ဘူးလို့ နိုင်ငံရေးအကျဥ်းသားဟောင်း ကိုသိုက်ထွန်းဦး က ဆိုပါတယ်။
“အကျဥ်းထောင်တွေကိုချပေးထားတဲ့ ဘတ်ဂျက်တစ်ခုဗျ၊ အကျဥ်းသားတစ်ယောက်လျှင် ၁၁၀၀ ဆိုတာကလေ၊ အဲတော့ အကျဥ်းထောင်တွေမှာ ဘာရောဂါပဲဖြစ်ဖြစ် ပါရာကတ်ဆေးပေးပြီးမှ ပြန်လွှတ်ကြတာမျိုး များတယ်“
ဒါ့အပြင် အကျဥ်းထောင်တွေမှာ ဆရာဝန်အင်အား မလုံလောက်မှုကလည်း တော်တော့်ကို ကြီးမားနေတယ်လို့ သူက ဆက်ပြောပါတယ်။
“သာယာဝတီလိုမျိုး အကျဥ်းသား သုံးထောင်ကျော်လောက်ရှိတဲ့ အကျဥ်းထောင်မှာတောင်မှ ဆရာဝန်အင်အား သုံးဦးလောက်ပဲရှိတယ်ပေါ့နော်၊ ပုံမှန်ဖျားနာတဲ့ ရောဂါလောက်ကိုပဲ ကုသနိုင်တယ်ပေါ့နော်၊ အဲတော့ အရေးပေါ် ခွဲစိတ်ကုသတာမျိုးဆိုရင်တော့ အကျဥ်းထောင်ထဲမှာ ကုသနိုင်တဲ့အခြေအနေတော့ မရှိဘူးခင်ဗျ“
၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းလိုက်ချိန်ကစလို့ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ လုံလောက်တဲ့ ဆေးကုသခွင့်မရခဲ့ဘဲ အကျဉ်းစံဘ၀မှာ ပြင်းထန်တဲ့ နာမကျန်းဖြစ်မှုနဲ့ ရုန်းကန်ခဲ့ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ထုတ်ပြန်ပြောဆိုပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာ ၇ ရက်က ကွယ်လွန်ခဲ့ပြီး မကွယ်လွန်မီ နာရီပိုင်းအလိုမှာမှ စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တာဟာ စစ်မှန်တဲ့ သနားကြင်နာမှု မဟုတ်ဘူးလို့လည်း ဥရောပသမဂ္ဂသံရုံးက ဆိုပါတယ်။
မန္တလေးအိုးဘိုအကျဥ်းထောင်မှာ ဒေါက်တာဇော်မြင့်မောင်နဲ့အတူ တစ်နှစ်ကျော်ကြာ နေထိုင်ခဲ့တဲ့ ကိုသိုက်ထွန်းဦးက ဒေါက်တာဇော်မြင့်မောင်ဟာ ဆယ်ပေပတ်လည် အခန်းကျဥ်းမှာပဲနေရပြီး အခြားအဆောင်တွေကို သွားလာခွင့်တွေ ပိတ်ပင်ခံရတာကြောင့် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုတောင် ပုံမှန်လုပ်ခွင့်မရခဲ့သလို ဆေးကုသခွင့် နှောင့်နှေးခဲ့ရတာတွေရှိခဲ့တဲ့အကြောင်း ပြောပါတယ်။
“ဆရာဒေါက်တာဇော်မြင့်မောင်ရဲ့ ရောဂါဟာ ကျွမ်းကျင်တဲ့ သမားတော်တွေကနေ အမြဲတစေ စောင့်ကြပ်ကြည့်ရှုပြီးမှ ကုသပေးရမဲ့ ရောဂါတစ်ခုဖြစ်ပါတယ်၊ ထောင်ဆေးရုံကို သွားဖို့ကိစ္စမှာတောင်မှ အကျဥ်းသားတွေ ဒေါက်တာဇော်မြင့်မောင်နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေဖြစ်ပြီးတော့မှ ထောင်တွင်း ဆန္ဒပြပွဲတွေဖြစ်မှာစိုးရိမ်တဲ့အတွက် တန်းပိတ်ချိန်မျိုးမှာပဲ အများအားဖြင့် ရွေးပြီးမှ ခေါ်ဆောင်ပါတယ် “
အလားတူ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ကိုဖေမောင်စိမ်းဟာလည်း ဩဂုတ် ၁၉ ရက်က ကွယ်လွန်ခဲ့ပြီး မကွယ်လွန်ခင်က သူ့ကို အင်းစိန်ဆေးရုံမှာ အကျဥ်းသားအဖြစ် ခြေချင်းနဲ့ ဆေးရုံတင်ထားခဲ့ကာ ကျန်းမာရေးဆိုးရွားနေချိန် မကွယ်လွန်ခင် ၃ ရက်အလို သြဂုတ်လ ၁၆ ရက်ကျမှ လွှတ်ပေးခဲ့တာပါ။
ကိုဖေမောင်စိမ်း သေဆုံးရတာဟာလည်း ဆေးမကုပေးဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ထားခံခဲ့ရတာကြောင့်လို့ သူထောင်မကျခင်က ရုပ်ရှင်တွေအတူဖန်တီးခဲ့တဲ့ အမည်မဖော်လိုသူ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
“သူခါးနာနေတယ်ဆိုတဲ့ အကြောင်းအရာပေါ့နော်၊ ဒီလိုမဖြစ်ခင် လပေါင်းများစွာပေါ့နော်၊ ထောင်မှူးလား၊ ထောင်ထဲမှာရှိနေတဲ့သူတွေကိုလား သူပြောတယ်၊ ပြောတော့ ရိုးရိုးခါးနာတာပါပေါ့ဆိုပြီးတော့ ပရုတ်ဆီလောက်နဲ့ ပေးတာမျိုးတို့ ဒီလိုမျိုး လုပ်တာ၊ ကိုစိမ်းဆိုတာက အကြောအမျှင်လေးတွေ၊ သွေးခုန်နှုန်းလေးတွေကအစ သူက သိတဲ့သူကွာ၊ သူ့ခန္ဓာကိုယ်မှာ သူဒီနေ့ဘာဖြစ်နေလဲ ဘယ်နားကနေမကောင်းတာလဲဆိုတာ ဆရာဝန်ထက်ကို သူကသိလို့တောင် အစ်မတို့က ရွဲ့စောင်းပြီး စနောက်နေကျ၊ သူဒီတစ်ခေါက် ခါးနာတဲ့ကိစ္စမှာ သူရိုးရိုးဖြစ်တာမဟုတ်ဘူး သူပြောတယ်၊ ဒါပေမဲ့ အဲဟာကို တမင်လျစ်လျူရှုတာ၊ လုပ်ကြံတာ သေကြောင်း ကြံစည်မှု တစ်ခုပဲ၊ တမင်ကို မကုသဘဲနဲ့ ရည်ရွည်ချက်ရှိရှိနဲ့ ပစ်ထားခံရတာ“
ထောင်တွင်းမှာ ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေတွေအတွက် ပြင်ပမှာ ကုသခွင့်ရဖို့ စောင့်ရချိန်ဟာ သုံးလကနေ ကိုးလအထိ ကြာမြင့်ပြီး ကုခွင့်ရခဲ့ရင်လည်း လုံခြုံရေးအကြောင်းပြချက်နဲ့ သုံး၊ လေးရက်ဆို ထောင်တွင်းပြန်ပို့ခံရကာ နောက်ဆုံးအချိန်ရောက်မှ ထောင်ပြင်ပဆေးရုံတွေဆီ ပြန်ပို့တာလို့လည်း နိုင်ငံရေးအကျဥ်းသားဟောင်းတွေက ပြောပါတယ်။
အထူးအစီအစဉ် ဆောင်းပါးများ
နိုင်ငံရေးအကျဉ်သားတွေ အချိန်မီဆေးကုသခွင့်ပေးဖို့ PPNM တောင်းဆို
အကျဉ်းထောင်တွင်း သေဆုံးတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်အထိရှိလာ
ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှု ဆုံးရှုံးမှုကြီးမားကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းပြော
နိုင်ငံရေးအကျဥ်းသားတွေကို လက်စားချေ သတ်ဖြတ်နေတာလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က သူ့အမြင်ကို ပြောပါတယ်။
“အခုက အဆိုးဆုံးခေတ်ကိုဖြတ်ကျော်နေရတာပေါ့၊ တရားဥပဒေစိုးမိုးရေးအမြင်နဲ့မကြည့်တော့ဘူး၊ လက်စားချေတာပေါ့ NLD ဆိုရင် ပိုဆိုးတာပေါ့၊ သူတို့အာဏာရရှိရေးကို တားဆီးမဲ့သူတွေ၊ အနှောင့်အယှက် ပေးမယ့်သူတွေ ဆိုပြီးတော့ သတ်သလိုဖြစ်နေတယ်၊ ဥပမာ- ဒေါက်တာဇော်မြင့်မောင်ဆိုလို့ရှိရင် နေအိမ်မှာ အကျယ်ချုပ်ပြန်ထားလိုက်ပြီးတော့ ဆေးဝါးကုသခွင့်ပေးရမယ်၊ အင်္ဂလိပ်ခေတ်မှာ ရေးဖြစ်ခဲ့တဲ့ အကျဥ်းထောင် လက်စွဲဥပဒေကိုတော့ သွားမရွတ်နဲ့တော့၊ ဒီနိုင်ငံက တရားဥပဒေစိုးမိုးတာ မဟုတ်တော့ဘူးဆိုတော့၊ ဘာမှတောင်းလို့မရဘူး၊ ဥပဒေစကားပြောရင်ကို အရိုက်ခံရတာ၊ အဲလိုပြောရင်ကို အပြစ်ပဲ၊ ဆွဲထုတ်ရိုက် တိုက်ပိတ်၊ အကျဥ်းသားတွေကို မသေ၊ သေအောင် လက်စားချေ သတ်ဖြတ်နေတယ်၊ ဆရာတော့ ဒီလိုမြင်တယ်လေ“
၂၀၂၃ အောက်တိုဘာလ နောက်ပိုင်းကစပြီး ထောင်ဝင်စာပစ္စည်းမှာ အစားအသောက်ရော ဆေးဝါးပါ ကန့်သတ်ခံရတာတွေရှိခဲ့ပါတယ်။
အဲဒါကြောင့် အကျဉ်းသား မိသားစုဝင်တွေ ပေးပို့တဲ့ နိုင်ငံခြားဆေးဝါးတွေကို အပြည့်အဝ လက်ခံဖို့၊ အကျဉ်းထောင်အတွင်း လုံလောက်တဲ့ ဆေးဝါးတွေထားရှိဖို့၊ ထောင်အတွင်း ဖျားနာလူနာတွေနဲ့ ဒဏ်ရာရလူနာ တွေကို လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ နဲ့ အရေးကြီးလူနာတွေကို ထောင်ပြင်ပဆေးရုံတွေကို အချိန်နဲ့တပြေးညီ ပို့ဆောင်ပေးဖို့တွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စစ်ကောင်စီကို အောက်တိုဘာလ ၉ ရက်မှာ တောင်းဆိုထားပါတယ်။