နိုင်ငံရေးအကျဉ်သားတွေ အချိန်မီဆေးကုသခွင့်ပေးဖို့ PPNM တောင်းဆို
2024.10.09

နိုင်ငံရေးအကျဉ်းသားတွေထဲက အရေးပေါ်လူနာတွေကို ထောင်ပြင်ပဆေးရုံတွေမှာ ကုသနိုင်ရေး အချိန်နဲ့တပြေးညီ ပို့ဆောင်ပေးဖို့ အပါအဝင် အချက်လေးချက်ကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ စစ်ကောင်စီကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အောက်တိုဘာလ ၉ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
အကျဉ်းထောင်အတွင်း သေဆုံးမှုတွေ လျှော့ချအောင် စစ်ကောင်စီ အကျဉ်းဦးစီးဌာနကို အချက်လေးချက် တောင်းဆိုတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
“အရေးပေါ်ဖြစ်တဲ့အချိန် ပြင်ပဆေးရုံတွေမှာ လုံလောက်တဲ့ ဆေးဝါးကုသမှုတွေ ပေးမယ်ဆိုရင် အကျဉ်းသားသေဆုံးမှုတွေ အများကြီး လျှော့ချနိုင်မှာ ဖြစ်လို့ အခုလို တောင်းဆိုရတာဖြစ်ပါတယ်။ အကျဉ်းထောင်ထဲမှာရှိနေတဲ့ ကိစ္စကို လက်တွေ့ဆောင်ရွက်နိုင်တာက အကျဉ်းဦးစီးဌာန ဖြစ်ပါတယ်၊ ဒါကြောင့် အကျဉ်းဦးစီးဌာနအနေနဲ့ ကျွန်တော်တို့ တောင်းဆိုတဲ့ အချက်လေးချက်ကို အမြန်ဆုံး လုပ်ဆောင်ပေးပါလို့ တောင်းဆိုချင်ပါတယ်”
အကျဉ်းသား မိသားစုဝင်တွေ ပေးပို့တဲ့ နိုင်ငံခြားဆေးဝါးတွေကို အပြည့်အဝ လက်ခံဖို့၊ အကျဉ်းထောင်အတွင်း လုံလောက်တဲ့ ဆေးဝါးတွေထားရှိဖို့၊ ထောင်းအတွင်း ဖျားနာလူနာတွေနဲ့ ဒဏ်ရာရလူနာတွေကို လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ အပါအဝင် အရေးကြီးလူနာတွေကို ထောင်ပြင်ပဆေးရုံတွေကို အချိန်နဲ့တပြေးညီ ပို့ဆောင်ပေးဖို့ဆိုတဲ့ အချက်လေးချက်ကို တောင်းဆိုထားတာပါ။
PPNM အဖွဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
တောင်းဆိုချက်လေးချက်ကို နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို ဖိအားပေးတောင်းဆိုပေးဖို့လည်း တိုက်တွန်းထားပါတယ်။
တောင်းဆိုချက်တွေနဲ့အတူ “အသက်တွေကို ပိတ်မထားနဲ့ဖွင့်ပေး” ဆိုတဲ့ ဓာတ်ပုံလှုပ်ရှားမှုတစ်ခုလည်း အောက်တိုဘာ ၉ ရက်နေ့မှာ လုပ်ခဲ့တယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့အထိ နှစ်နှစ်နီးပါးအတွင်း နိုင်ငံတစ်ဝန်း အကျဉ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် နိုင်ငံရေးအကျဉ်သား အယောက် ၃၀ သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
အကျဉ်းထောင်တွေကို မိသားစုဝင်တွေက ပေးပို့တဲ့ ထောင်ဝင်စာ ဆေးဝါးတွေကို ကန့်သတ်ပိတ်ပင်တာ၊ ထောင်တွင်းဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မရရှိတာနဲ့ အရေးပေါ် လူနာတွေကို အချိန်နဲ့တပြေးညီ ပြင်ပဆေးရုံတွေကို ပို့ဆောင်ဆေးကုသခွင့်မရတာတွေကြောင့် သေဆုံးရတာလို့ ထောက်ပြထားပါတယ်။
မန္တလေးအိုးဘိုထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မရတာကြောင့် အောက်တိုဘာလ ၇ ရက်နေ့မှာ သေဆုံးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့အထိ ဆယ်လအတွင်း နိုင်ငံရေးအကျဉ်းသား ၁၁ ယောက်နဲ့ နိုင်ငံရေးအကျဉ်းသူ နှစ်ယောက် စုစုပေါင်း ၁၃ ယောက် ထောင်တွင်း ဆေးဝါးလုံလောက်စွာ မရတာကြောင့် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၁၅ ယောက်နဲ့ နိုင်ငံရေးအကျဉ်းသူ နှစ်ဦး စုစုပေါင်း ၁၇ ယောက် အကျဉ်းထောင်နဲ့ အကျဉ်းထောင်ပြင်ပတွေမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။