ဒေါက်တာဇော်မြင့်မောင်ဈာပန လူထောင်နဲ့ချီ လိုက်ပါပို့ဆောင်

RFA Burmese
2024.10.08
ဒေါက်တာဇော်မြင့်မောင်ဈာပန လူထောင်နဲ့ချီ လိုက်ပါပို့ဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၏ ဈာပနကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မန္တလေးမြို့မှာ ဒီနေ့ပြုလုပ်တဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ဈာပနကို ပြည်နယ်နဲ့ တိုင်းအသီးသီးက ပါတီဝင်တွေ အပါအဝင် လူထောင်နဲ့ချီ လိုက်ပါပို့ဆောင်ခဲ့တယ်လို့ ကိုယ်တိုင်ပို့ဆောင်ခဲ့သူတွေနဲ့ NLD ပါတီဝင်တွေက ပြောပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်နေအိမ်ကနေ တောင်အင်းမြောက်အင်းသုသာန်ကို ဒီနေ့မနက် ၁၀ နာရီမှာ ပို့ဆောင်ခဲ့ကြတာပါ။

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ချိန်မှာ ဇနီးနဲ့ သားသမီးသုံးဦးကျန်ခဲ့ပေမဲ့ နောက်ဆုံးခရီးကို ဘယ်သူမှ မတက်ရောက်နိုင်ခဲ့ဘူးလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“မိသားစုဝင် အရင်းတွေဖြစ်တဲ့ အန်တီယုရယ်၊ သားသမီးတွေရယ်ကတော့ အဝေးကနေပဲ Video Conferencing (အွန်လိုင်းဆက်သွယ်မှု) နဲ့ပဲ ကြည့်ရတာပေါ့နော်။ ဆရာ့ညီမနဲ့ ကျန်တဲ့မိသားစုဝင်တွေ တက်ရောက်တယ်လို့ သိရပါတယ်။ ကိုမြအေး လာတယ်။ ဆရာထင်လင်းဦး လာတယ်။ ဦးသိန်းဦး၊ ဦးမျိုးညွန့်၊ ဒေါ်ဝင်းမြမြတို့ လာပါတယ်။ ဆွေမျိုးမိတ်သဟာတွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဝင်တွေလည်း တက်ရောက်တယ်လို့ သိရပါတယ်”

နိုင်ငံတကာသံရုံးတွေကလည်း ဝမ်းနည်းကြောင်းထုတ်ပြန်ခဲ့ပြီး သမ္မတဦးဝင်းမြင့်ရဲ့ ဇနီးဖြစ်သူ ဒေါ်ချိုချိုနဲ့ အိန္ဒိယကောင်စစ်ဝန်ချုပ် Mr. Sundeep Kaushal တို့က လွမ်းသူ့ပန်းခွေ ပေးပို့ခဲ့ကြပါတယ်။

“လိုက်ပါပို့ဆောင်တဲ့သူတွေနဲ့ လမ်းဘေးကကြည့်ရင်း နှုတ်ဆက်သူတွေပါ မျက်ရည်ကျတဲ့အထိ ဖြစ်ကြရပါတယ်”

နာရေးကို လိုက်ပါပို့ဆောင်ခဲ့တဲ့ မန္တလေးမြို့ခံတစ်ဦးကတော့ လိုက်ပါပို့ဆောင်တဲ့သူတွေနဲ့ လမ်းဘေးကကြည့်ရင်း နှုတ်ဆက်သူတွေပါ မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

“လမ်းတွေမှာ ကြည့်လိုက်တော့လည်း အကုန်လုံးက တစ်ခါတည်း အော်ငိုကြပေါ့နော်။ ဝမ်းနည်းပက်လက်တွေ ဖြစ်ကြ၊ လမ်းမှာ ယောက်ျားလေးတွေကလည်း တစ်ခါတည်းကို မျက်ရည်တွေ ကျကြပေါ့”

အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထောင်ချခံထားရတဲ့ အသက် ၇၃ နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါနဲ့ မန္တလေး အိုးဘိုထောင်ကနေ ဆေးရုံကြီးကို လွှဲပြောင်းကုသနေရင်း အောက်တိုဘာ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တာပါ။

သူဟာ နိုင်ငံရေးအကျဥ်းသားအဖြစ် စစ်အာဏာရှင်တွေအဆက်ဆက် အကျဥ်းထောင်ထဲမှာပဲ ၂၂ နှစ် ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။

စာရေးဆရာ ဦးထင်လင်းဦးက ဒေါက်တာ ဇော်မြင့်မောင်ဟာ လိုအပ်တဲ့အချိန်မှာ ဆေးကုသမှု မရတာကြောင့် ကွယ်လွန်ခဲ့တာလို့ RFA ကို ပြောပါတယ်။

“အဆိုးရွားဆုံးကတော့ ကုသရမဲ့ဆေးဝါးကို လိုအပ်တဲ့အချိန်မှာ ကုသရမှု မရှိဘူးဆိုတာတွေ အားလုံးက တစ်တိတိနဲ့ သတ်ပစ်လိုက်တာပါပဲ။ ရှင်းရှင်းပြောရရင် ဆရာဇော်က သေဒဏ်အမိန့် ချခံရတာမဟုတ်ပေမဲ့ သေဒဏ်ကို ခံစားသွားရတယ်လို့ပဲ ကျွန်တော်တို့ ယူဆတယ်”

ဈာပနကို လိုက်ပါပို့ဆောင်တဲ့ လမ်းတစ်လျှောက်မှာလည်း အရပ်ဝတ်ရဲနဲ့ စစ်ကောင်စီတပ်သားတွေ အင်အားအများအပြားချထားပြီး စောင့်ကြည့်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အကျဥ်းထောင်အတွင်း ဆေးဝါးပို့ဆောင်ခွင့် ကန့်သတ်လိုက်တာကြောင့် ဆေးကုသခွင့်မရဘဲ နိုင်ငံရေးအကျဥ်းသားတွေ သေဆုံးနေရတာပါ”

ဒါ့အပြင် နာရေးကပြန်လာတဲ့ ဆိုင်ကယ်နဲ့ ကားတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မန္တလေး ၇၈ လမ်း၊ စက်မှု (၂)၊ Max ဆီဆိုင်ရှေ့ကနေ တားဆီးပြီး လက်ကိုင်ဖုန်းနဲ့ ဆိုင်ကယ်တွေကိုပါ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

ဒေါက်တာဇော်မြင့်မောင်ကို ဂုဏ်ပြုကြောင်း သံရုံးတွေထုတ်ပြန်

ဒေါက်တာ ဇော်မြင့်မောင် လုံလောက်တဲ့ဆေးကုသခွင့် မရခဲ့ကြောင်း NUG နဲ့ EU ပြော

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှု ဆုံးရှုံးမှုကြီးမားကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းပြော


NLD ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဒေါက်တာမျိုးညွန့်ကတော့ ဒေါက်တာဇော်မြင့်မောင်ဟာ တိုင်းပြည်အတွက် ရှေ့ဆောင်လမ်းပြ ဖြစ်ခဲ့သူလို့ မှတ်ချက်ပေးပါတယ်။

“ဆရာဟာ တိုင်းပြည်အတွက် အဖွဲ့ချုပ်အတွက် မန္တလေးတိုင်းအတွက် ရှေ့ဆောင်လမ်းပြအဖြစ် မားမားမတ်မတ် ဆောင်ရွက်ခဲ့တာကို ကျွန်တော်တို့နဲ့တကွ၊ မန္တလေးတိုင်းသူ၊ တိုင်းသားအားလုံး အမှတ်ရပြီး ဆရာ့နည်းတူ ထာဝရ ရပ်တည်သွားမယ်ဆိုတာကို ကျွန်တော်ဆန္ဒပြုပါတယ်၊ ကတိပြုပါတယ်”

အရိုးပြာကိုတော့ မန္တလေးမြို့ မြောက်ဘက်မှာရှိတဲ့ ကြာနီကန် သုသာန်မှာ ဂူသွင်းမယ်လို့လည်း ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၏ ဈာပနကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၏ ဈာပနကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)

စစ်တပ်ဟာ အာဏာသိမ်းကတည်းက ဒေါက်တာဇော်မြင့်မောင်ကို ဖမ်းဆီးခဲ့ပြီး ပုဒ်မ - ၅၀၅ (ခ)၊ သဘာဝ ဘေးအန္တရာယ် တားဆီးကာကွယ်ရေးပုဒ်မ၊ အဂတိလိုက်စားမှု ဥပဒေပုဒ်မ၊ ပုဒ်မ ၃၀ တို့နဲ့ တရားစွဲဆိုခဲ့သလို ထောင် ၂၉ နှစ် ချမှတ်ခဲ့ပါတယ်။

ဒါပေမဲ့ သူမကွယ်လွန်ခင် အချိန်ပိုင်းလေးမှာမှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

စစ်တပ်အာဏာသိမ်းချိန်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင် အများအပြားဖမ်းဆီးခံခဲ့ရပြီး ဦးဉာဏ်ဝင်း၊ မုံရွာအောင်ရှင်နဲ့ သူရဦးတင်ဦးနဲ့ ဒေါက်တာဇော်မြင့်မောင်တို့လို့ ပါတီရဲ့ခေါင်းဆောင်တွေ ကွယ်လွန်ခဲ့ရပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်မှာ အကျဥ်းထောင်အတွင်း ဆေးဝါးပို့ဆောင်ခွင့် ကန့်သတ်လိုက်တာကြောင့် ဆေးကုသခွင့်မရဘဲ နိုင်ငံရေးအကျဥ်းသားတွေ သေဆုံးနေရတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က အောက်တိုဘာ ၇ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ထောင်တွင်းဆေးဝါးကုသခွင့် လုံလောက်မှု မရတာကြောင့် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ ၁၃ ဦး သေဆုံးခဲ့ရပြီး ၂၀၂၄ ခုနှစ်မှာ ၁၂ ဦး သေဆုံးခဲ့ရတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။