အကျဥ်းကျနေတဲ့ မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီး အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရ

RFA Burmese
2024.11.04
အကျဥ်းကျနေတဲ့ မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီး အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရ အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က ဦးဇာနည်အောင်ကို တွေ့ရစဥ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး

မန္တလေးမြို့၊ အိုးဘိုအကျဥ်းထောင်မှာ အကျဥ်းကျနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်ဟာ နိုဝင်ဘာ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ အဲဒီအခြေအနေကို သိရှိသူတွေက ပြောပါတယ်။

ကင်ဆာရောဂါ ခံစားနေရတဲ့ ဦးဇာနည်အောင်ဟာ မန္တလေးဆးရုံကြီးရဲ့ ကင်ဆာဌာနမှာ ဆေးရုံသမှု ခံယူပြီးနောက် နိုဝင်ဘာ ၃ ရက်နေ့မှာ အိုးဘိုအကျဥ်းထောင်ကို ပြန်ခေါ်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“နိုဝင်ဘာ ၁ ရက်နေ့က ရောက်တယ်။ ကင်ဆာဌာနမှာ ဓာတ်ကင်ပြီး ၃ ရက်နေ့ နေ့လယ်စာ ကျွေးပြီးတာနဲ့ ပြန်ခေါ်သွားတယ်။ လူကတော့ လန်းလန်းဆန်းဆန်း ရှိတယ်။ ပိန်တာကတော့ ပိန်သွားတယ်။ ရောဂါရော၊ စိတ်ရောကြောင့် ဖြစ်မယ်။ ဒေါက်တာ ဇော်မြင့်မောင်သတင်းကြားတုန်းက အတော်လေး စိတ်ထိခိုက်သွားတယ်လို့ ပြောကြတယ်”

မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေစဥ်မှာလည်း အာဏာပိုင်တွေက မိသားစုနဲ့ တွေ့ခွင့်မပေးဘူးလို့ သူက ပြောပါတယ်။

စစ်ကောင်စီက ဦးဇာနည်အောင်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ၊ အဂတိလိုက်စားမှု ဥပဒေတွေနဲ့ ထောင်ဒဏ်ရှစ်နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီက ဖမ်းဆီးအကျဥ်းချခဲ့တဲ့ NLD လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ဟာလည်း မန္တလေးဆေးရုံကြီးက အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသနေရစဥ် အောက်တိုဘာ ၂၈ ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းသက်ခွင့် ပေးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ သူဟာ ဒီနေ့အထိ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရဆဲပဲလို့ ဆိုပါတယ်။

အောက်တိုဘာ ၇ ရက်နေ့ကလည်း NLD ပါတီ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါနဲ့ မန္တလေး အိုးဘိုထောင်ကနေ ဆေးရုံကြီးကို လွှဲပြောင်းကုသနေရင်း ဆုံးပါးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။