တမူးဘက် ကုန်စည်သယ်ယူခွင့် ကန့်သတ်လိုက်လို့ ဒေသခံတွေ အခက်အခဲဖြစ်နေ
2024.10.24
အိန္ဒိယ - မြန်မာနယ်စပ် တမူးနယ်စပ်ဂိတ် စစ်ကောင်စီက ပိတ်ထားပြီး ကလေးလမ်းကိုပါ ကန့်သတ်လိုက်တာကြောင့် တမူးနဲ့ ခါမ်းပါတ်မြို့က ဒေသခံတွေဟာ ကုန်ဈေးနှုန်းကြီးမှုအပြင် ကုန်ပစ္စည်းရှားပါးမှုနဲ့ပါ ကြုံနေရပါတယ်။
တစ်ချိန်တည်းမှာပဲ အိန္ဒိယ - မြန်မာနယ်စပ် တမူး-မိုရေး နယ်စပ်ကုန်သွယ်ရေးဂိတ် အိန္ဒိယဘက်က ပိတ်ထားတာကြောင့် အခက်အခဲတွေကြုံရပါတယ်။
"ဆိုင်ကယ်သွားတယ်၊ လူသွားတယ်။ အကန့်အသတ်ရှိတယ်။ အချိန်မရွေး မသွားခိုင်းဘူး"
စက်တင်ဘာလ ၂၇ ရက်နေ့မှာ တမူး - ကလေးကားလမ်းကို စစ်ကောင်စီဘက်က ကန့်သတ်လိုက်ပြီး အစစ်အဆေး တင်းကျပ်ခဲ့တဲ့အပြင် အောက်တိုဘာလကစပြီး ကုန်စည်သယ်ယူခွင့်ပါ ကန်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကလေးမြို့အဝင် ဆည်ကြီးတံတားနားမှာ စစ်ဆေးရေးဂိတ်လုပ်ပြီး ယာဉ်အသွားအလာရော၊ ကုန်ပစ္စည်းသယ်ယူမှုကိုပါ တင်းကျပ်ထားတာလို့ တမူးနဲ့ ကလေးကို ကုန်စည်ပို့ဆောင်နေတဲ့ ယာဉ်မောင်းတစ်ဦးက RFA ကို ပြောပါတယ်။
"ဆိုက်တွဲလည်း မသွားခိုင်းတော့ဘူး။ ဆိုင်ကယ် သွားခိုင်းတယ်။ ပစ္စည်းတွေဘာတွေ သယ်တာကြတော့ အရင်က တွန်လှည်းနဲ့ တွန်းပြီးတော့ သယ်ခိုင်းတယ်။ အခုကတော့ ပြည်သူတွေရဲ့ တွန်းလှည်းကို မသုံးခိုင်းတော့ဘဲ သူတို့ တွန်းလှည်းလုပ်တယ်။ အဲဒီတွန်းလှည်းကို ငှားခိုင်းတယ်။ ဂိတ်ဖြတ်ဖို့၊ တံတားဖြတ်ဖို့ကို သူတို့ တွန်းလှည်းသုံးခ တစ်ခေါက်ကို ငါးသောင်းတောင်းတယ်"
ဆက်နွှယ်သော သတင်းများ
တမူးကနေ ကလေးမြို့ကို ဆေးကုသဖို့ သွားလာခွင့် ကန့်သတ်
တမူးမြို့နယ် နယ်စပ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှု ခပ်စိပ်စိပ်ဖြစ်လာ
ချင်းပြည်နယ်မှာ မြို့ခုနစ်မြို့ကို ထိန်းချုပ်ထားနိုင်ကြောင်း ချင်းကာကွယ်ရေးအဖွဲ့တွေပြော
အဲဒီဂိတ်ကနေ ဆိုင်ကယ်နဲ့ လူသွားခွင့်ရပေမဲ့ ဂိတ်ဖွင့်ချိန်၊ ပိတ်ချိန် ကန့်သတ်ထားတာကြောင့် တန်းစီးပြီး စောင့်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခါမ်းပါတ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဆိုင်ကယ်သွားတယ်၊ လူသွားတယ်။ အကန့်အသတ်ရှိတယ်။ အချိန်မရွေး မသွားခိုင်းဘူး၊ မနက် ၉ နာရီမထိုးခင် တစ်ခေါက်သွားခိုင်းတယ်။ အဲလို ၁၂ နာရီကျရင် တစ်ခေါက်သွားခိုင်းတယ်။ ၃ နာရီ တစ်ခေါက်သွားခိုင်းတယ်။ လူတွေက အဲလိုစောင့်နေတာ၊ ဒီနယ်စပ်လိုမျိုးပေါ့။ ကလေးဘက်ကပစ္စည်းကို တမူးဘက်ပို့မဲ့ပစ္စည်းတွေ အဲဒီဂိတ်မှာ အရှည်ကြီးပဲ"
အောက်တိုဘာလ ၁၇ ရက်နေ့မနက်ကလည်း မြို့ထဲကိုအလုပ်သွားလုပ်ဖို့ ဂိတ်ဖွင့်ချိန်စောင့်နေတဲ့ ဒေသခံ အမျိုးသား တစ်ဦး ဆည်ကြီးဂိတ်အနီးမှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ကန့်သတ်ပိတ်ပင်ထားတာကြောင့် ကုန်ဈေးနှုန်းတက်တဲ့အပြင် လုံလုံလောက်လောက်လည်း ဝယ်လို့မရဘူးလို့ တမူးဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"ကုန်စည်စီးဆင်းမှု အဆင်မပြေတဲ့ခါကျတော့ ကုန်ဈေးနှုန်းတွေတက်တယ်။ အတိုင်းတာတစ်ခုထိ ထိခိုက်မှုတွေ ရှိတယ်လို့ ပြောရမှာပါပဲ၊ ကုန်တွေက ကြိုက်သလို သွားလာခွင့်မရှိတဲ့ အခါကျတော့ ပစ္စည်းတွေကလည်းကျပ်တယ်။ ကွက်ကြားကွက်ကြား နောက်လာတဲ့ဟာတွေကျတော့လည်း ဈေးမြင့်ဈေးကြီးတယ်ပေါ့နော်။ အဲဒါဆိုတော့ တော်တော်လေး ထိခိုက်တယ်လို့ ပြောလို့ရပါတယ်"
တမူးမြို့နယ်ထဲက ခါမ်းပါတ်မြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့နဲ့ မြို့သစ်မြို့ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့မှာ ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပါတယ်။
တမူးအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ တမူးမြို့နယ်ထဲက ခါမ်းပါတ်မြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတာကြောင့် စစ်ကောင်စီဘက်က အခုလို ဖြတ်တောက်နေတာလို့ ပြောကြပါတယ်။
အခုလို ကန့်သတ်ထားတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးရာ၀န်ကြီး ဦးညွန့်၀င်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီတပ်ဟာ ကလေးမြို့ကနေ ချင်းပြည်နယ်ဘက် ဆန် အပါအဝင် စားသောက်ကုန်နဲ့ အိမ်ဆောက်ပစ္စည်း သယ်ယူခွင့်ကိုပါ အခုနှစ် သြဂုတ်လလယ်ပိုင်းကစပြီး ပိတ်ပင်ထားပါတယ်။