ချင်းပြည်နယ်မှာ မြို့ခုနစ်မြို့ကို ထိန်းချုပ်ထားနိုင်ကြောင်း ချင်းကာကွယ်ရေးအဖွဲ့တွေပြော
2023.11.30
ချင်းပြည်နယ်ထဲမှာရှိတဲ့ မြို့ခုနစ်မြို့ကို ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပြောခွင့်ရသူ ဆလိုင်းကျုံးငိုင်က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ RFA ကို ပြောပါတယ်။
ဖလမ်းမြို့နယ်ထဲက ရိခေါ်ဒါရ်မြို့၊ ဝေဘူလမြို့၊ ထန်တလန်မြို့နယ်ထဲက နှာရိန်မြို့၊ ဟားခါးမြို့နယ်ထဲက ဆူရ်ခွာမြို့၊ မတူပီမြို့နယ်ထဲက လိုင်လင်းပီမြို့၊ ရေဇွာမြို့နဲ့ မင်းတပ်မြို့နယ်ထဲက မကွီးအိမ်နူးမြို့ တွေကို ထိန်းချုပ်ထားနိုင်တာလို့ ဆိုပါတယ်။
ဒီမြို့တွေမှာရှိတဲ့ စစ်တပ်စခန်းတွေကို ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာရှိသလို စစ်ကောင်စီတပ်က စခန်းကိုစွန့်ခွာသွားတဲ့ မြို့တွေကိုတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ထိန်းချုပ်နိုင်ခဲ့တာလို့ ချင်းကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီမြို့တွေမှာ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ CNDF ပြောခွင့်ရသူ ဆလိုင်းကျုံးငိုင်က ပြောပါတယ်။
"လက်ရှိ သိမ်းပိုက်ထားနိုင်တဲ့ မြို့ကတော့ ခုနစ်မြို့လောက်ရှိနေပြီ။ အာဏာ သိမ်းပြီးချိန်ကတည်းက ကျွန်တော်တို့ တိုက်နေတာ၊ အဲဒီမှာ စခန်းတပ်ကုန်းတွေကို စွန့်ခွာသွားတာလည်း ရှိပါတယ်။ အခုလက်ရှိမှာ ကျွန်တော်တို့သိမ်းထားတဲ့ ဝေဘူလကို အုပ်ချုပ်ရေး လုပ်ဆောင်နေပါတယ်။ အခုချင်းပြည်နယ်မှာ တကယ့်မြို့ကြီးတွေပေါ်က တပ်ကုန်းတွေလောက်ပဲ ကျန်တော့တာပါ"
တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ဟားခါး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နဲ့ ပလက်ဝ စတဲ့ မြို့နယ်တွေထဲမှာရှိတဲ့ ကျေးရွာတွေကိုလည်း ဒေသအလိုက် ချင်းကာကွယ်ရေးအဖွဲ့တွေက ထိန်းချုပ်နိုင်ပြီလို့ သူကဆိုပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကိုရနိုင်ဖို့ စစ်ကောင်စီ၊ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးကျော်စိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ချင်းရွှေဟော်၊ ပန်ဆိုင်း၊ ဖောင်းဆိုင်၊ သိန္နီ၊ နမ့်ခမ်း၊ ကွမ်းလုံမြို့တွေကို ထိန်းချုပ်ထားပြီလို့ မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းထဲမှာတော့ ကောလင်းမြို့၊ တမူးမြို့နယ် ခါမ်းပါတ်မြို့နဲ့ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့တွေကို သိမ်းထားနိုင်ပြီလို့ စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။