အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့မှာ တိုက်ပွဲပြင်းထန်နေ

RFA Burmese
2024.10.18
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့မှာ တိုက်ပွဲပြင်းထန်နေ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
AA Info Desk Photo

[Update: 3: 50 PM, Oct 18, 2024]

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး တိုက်ပွဲဟာ အမ်းမြို့နဲ့ သုံးမိုင်ခန့်သာ ဝေးတော့တယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

AA ဟာ နပခရဲ့ အဓိကဗျူဟာနှစ်ခုဖြစ်တဲ့ တောဟိန်းတောင်နဲ့ မဲတောင်ဗျူဟာကို သိမ်းပိုက်ပြီးနောက် နပခ ဌာနချုပ်နဲ့ အမ်းအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

“အခုလောလောဆယ် ဒုက္ခတွေရောက်နေတာကတော့ မြို့ပေါ်ကနေ ဘယ်ကိုမှထွက်မရဘူး။ ထွက်လို့ ရရင်တော့ ပြည်သူတွေက မကွေးတို့၊ မင်းဘူးတို့ အဲဒီဘက်တွေကို ရှောင်ဖို့လုပ်နေကြတယ်။

AA က လက်နက်ကြီးတွေနဲ့ နေ့ရော ညပါ ပစ်ခတ်နေသလို စစ်ကောင်စီတပ်ကလည်း ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲနေတယ်လို့ အမ်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အာရက္ခတပ်တော် (AA) ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုရော၊ အမ်းမှာ ရှိတဲ့ ၃၇၃ တပ်ရင်းရော၊ အမြောက်တပ်ကိုရော တပ်နေရာအားလုံးကို နေ့ရော၊ ညရော လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ပြီးရင် လက်ရှိ အမ်းမှာ စစ်ရေးက အရှိန်မြင့်နေတယ်ပေါ့”

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကစပြီး အမ်းမြို့နယ်ထဲမှာ တိုက်ပွဲပြင်းထန်နေတာပါ။

အမ်းမြို့ မဲတောင်ဗျူဟာကုန်းစခန်းကို အာရက္ခတပ်တော် (AA) မှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့စဉ်။ (Photo: AA Info Desk)
အမ်းမြို့ မဲတောင်ဗျူဟာကုန်းစခန်းကို အာရက္ခတပ်တော် (AA) မှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့စဉ်။ (Photo: AA Info Desk)

စစ်ကောင်စီတပ်ကလည်း မဲတောင်ဗျူဟာကျပြီးကတည်းက တပ်အင်အားတွေ ထပ်မံဖြည့်တင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမ်းဒေသခံတွေဟာ တိုက်ပွဲကြောင့် ဘေးလွတ်ရာကိုထွက်ပြေးချင်ပေမဲ့ စစ်ကောင်စီတပ်က ထွက်ခွင့် မပေးတာကြောင့် စိုးရိမ်နေကြရတယ်လို့ အမ်းမှာ ပိတ်မိနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“အခုလောလောဆယ် ဒုက္ခတွေရောက်နေတာကတော့ မြို့ပေါ်ကနေ ဘယ်ကိုမှထွက်မရဘူး။ ထွက်လို့ ရရင်တော့ ပြည်သူတွေက မကွေးတို့၊ မင်းဘူးတို့ အဲဒီဘက်တွေကို ရှောင်ဖို့လုပ်နေကြတယ်။ ပြည်သူတွေကတော့ တအားစိုးရိမ်နေကြတာပေါ့။ ဘယ်အချိန် ဘာဖြစ်လာမလဲဆိုတာ။ စားဖို့သောက်ဖို့ကလည်း အဆင်မပြေဘူး။ ဆေးဝါးရော၊ ဆေးရုံ၊ ဆေးခန်းတွေမှာရော အဆင်မပြေဘူး။ ရှိတဲ့ဆေးဝါးတွေကလည်း ဈေးတွေက တအားမြင့်နေတော့ အခြေခံလူတန်းစားတွေက မဝယ်နိုင်ဘူး။ အသွားအလာလည်း အဆင်မပြေဘူး။ ဆိုင်ကယ်ဆီတွေကလည်း တစ်လီတာကို သုံးသောင်းကျော်နေတော့လေ”


ဆက်နွှယ်သောသတင်းများ

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးက မဲတောင်ဗျူဟာကုန်းကို AA သိမ်းပိုက်

အမ်းမြို့နယ်မှာ စစ်ဘေးဒုက္ခသည်တစ်ရာကျော်ကို စစ်ကောင်စီဖမ်းဆီး

စစ်တွေထောင်မှာ AA နဲ့ ဆက်စပ်ဖမ်းဆီးခံထားရသူ ၃၇၀ ခန့် ရုတ်တရက် ပြောင်းရွှေ့ခံရ


အခုလအစောပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ထောက်ခံစာနဲ့ မြို့ကနေ ထွက်ခွာခွင့်ရခဲ့ပေမဲ့ အောက်တိုဘာ ၁၆ ရက်နေ့ ကစပြီး ထွက်ခွင့်မပေးတော့တာလို့ ဆိုပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့က အမ်းမြို့ပေါ်ကနေ ပဒါန်းနဲ့ မင်းဘူးဘက် ထွက်ပြေးတိမ်းရှောင်ဖို့သွားနေတဲ့ ဒေသခံ တစ်ရာကျော်ပါ ကား ၁၅ စီးကို အမ်းမြို့နယ် ကျီးကန်းတောင်နဲ့ ခြောက်မိုင်ဂိတ်နေရာတွေမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီနေ့အထိ ဖမ်းဆီးခံရသူတွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ အမ်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကား ၁၅ စီးထွက်တဲ့အချိန်မှာ ပထမငါးစီးကို အမ်း ရှုခင်းသာ ကျီးကန်းတောင် ပတ်လမ်းမှာဖမ်းတယ်။ နောက်ကလာတဲ့ ဆယ်စီးကိုတော့ အမ်း ခြောက်မိုင်ဂိတ်နဲ့ ပဲပဒုံဂိတ်မှာ ကြားညှပ်ပြီးဖမ်းတာ။ ပထမဖမ်းသွားတဲ့ ကားငါးစီးကတော့ ဖမ်းထားတဲ့နေရာမှာ မရှိတော့ဘူး။ ဘယ်နားကို ရွှေ့သွားလဲဆိုတာ အစအနမသိဘူး ဖြစ်နေတယ်။ နောက်ကားဆယ်စီးကတော့ ခြောက်မိုင်ဂိတ်နဲ့ ပဲပဒုံဂိတ်မှာ ရပ်ထားတယ်လို့သိရတယ်”

အမ်းမြို့နယ်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေတာ တစ်နှစ်ခန့်ရှိနေပြီဖြစ်ပြီး တိုက်ပွဲတွေအတွင်း ရခိုင်ပြည်နယ်က မြို့နယ်ဆယ်ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။

(မှတ်ချက်။ ဒေသခံအသံ နှစ်သံ ထပ်မံဖြည့်စွက် ရေးသားထားပါသည်။)



ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
တောင်ကိုရီးယားမှာ သမ္မတ စစ်အုပ်ချုပ်ရေးကြေညာပြီး လွှတ်တော်က ပယ်ဖျက်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။