မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ ဥရောပသမဂ္ဂနဲ့ ကမ္ဘာ့ကိုးနိုင်ငံတောင်းဆို
2025.02.01

[Update: 3: 13 AM, Feb 2, 2025]
ဥရောပသမဂ္ဂအပါအဝင် သြစတြေးလျ၊ ကနေဒါ၊ ကိုရီးယား၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန်တို့က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပြီး အကြမ်းဖက်မှုတွေ ချက်ချင်း လျှော့ချဖို့ မြန်မာစစ်တပ်ကို တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်အာဏာရှင်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ လိင်ပိုင်းဆိုင်ရာနဲ့ ကျား/မအခြေပြု အကြမ်းဖက်တာတွေ၊ ဘာသာရေးနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် စနစ်တကျ နှိပ်ကွပ်တာနဲ့ ခွဲခြားဆက်ဆံတာတွေအပါအဝင် အကြမ်းဖက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတာကို အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာ့အရေးကို အာဆီယံမဟုတ်တဲ့ နိုင်ငံကြီးတွေအနေနဲ့ ဆောင်ရွက်နိုင်ဖို့ အကန့်အသတ်ရှိနိုင်မယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသူတစ်ယောက်က ဆိုပါတယ်။
"အသုံးအနှုန်းအားဖြင့်တော့ ပိုပြီးတော့ တိကျပြတ်သားလာတာကိုတွေ့ရတယ်၊ သူတို့လုပ်ချင်တာ လိုချင်တာကိုလည်း ပိုပြီးတော့ တိကျပြတ်သားလာတာကိုတွေ့ရပေမဲ့ အာဆီယံကို မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ ဦးဆောင်မှုအခန်းကဏ္ဍကို ပေးထားတဲ့အခါကျတော့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်အားဖြင့် ထိစပ်နေတဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ အစရှိတဲ့နိုင်ငံတွေကတော့ အိမ်နီးချင်းဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီးတော့ မြန်မာနိုင်ငံနဲ့ ထိတွေ့ ရတာ၊ ဆက်ဆံရတာ ပိုပြီးတော့လွယ်ကူပေမဲ့ ဒေသတွင်းနိုင်ငံမဟုတ်တဲ့ နိုင်ငံကြီးတွေအနေနဲ့ အာဆီယံကိုကျော်ပြီးတော့ သူတို့အနေနဲ့ ဆောင်ရွက်နိုင်မှာတွေလည်း အကန့်အသတ်ရှိမယ်၊ ဖိအားပေးနိုင်မှာတွေလည်း အကန့်အသတ် ရှိတယ်ပေါ့ "
၂၀၂၅ မှာ နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံ ဒါမှမဟုတ် ၁၉.၉ သန်းကျော်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အခြေခံအထောက်အပံ့တွေ လိုအပ်နေပြီး ခန့်မှန်းပြည်သူ ၁၅.၂ သန်းဟာ စားနပ်ရိက္ခာထောက်ပံ့မှုလိုအပ်နေတယ်လို့လည်း ဖော်ပြပါတယ်။ ဒါဟာ အာဏာသိမ်းပြီးချိန်ကထက် လူသားချင်းစာနာမှု အကူအညီလိုအပ်ချက် အဆ နှစ်ဆယ် ပိုတိုးလာတာလို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျတင်မြှောက်ထားတဲ့ အစိုးရကို မြန်မာစစ်အာဏာရှင်က ဖယ်ရှားခဲ့ပြီး အင်ဒိုပစိဖိတ်ဒေသအတွင်း အကြီးမားဆုံး အကျပ်အတည်းတွေထဲကတစ်ခုကိုဖန်တီးခဲ့တာ လေးနှစ်ပြည့်မြောက်တဲ့နေ့လို့လည်း ရေးသားထားပါတယ်။
၂၀၂၁ ခုနှစ်ကထက် လေကြောင်းကနေ တိုက်ခိုက်မှု ၂၅ ဆနီးပါးတိုးလာပြီး တစ်ရက်ကို ပျမ်းမျှ ၃ ကြိမ် လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။ ပဋိပက္ခမဖြစ်တဲ့ဒေသတွေကိုပါ လေကြောင်းတိုက်ခိုက်မှု မြင့်မားလာတာဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတာကို အထင်းသားပေါ်လွင်စေတယ်လို့ လည်း ထောက်ပြပါတယ်။
ဆက်နွှယ်သော သတင်းများ
စစ်ကောင်စီကို အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အီးယူ အပါအဝင် ကိုးနိုင်ငံက ပူးတွဲကြေညာချက် ထုတ်ပြန်
ဆိပ်ဖြူမှာ လက်နက်ကြီးကြောင့် အမြွှာကလေးနှစ်ဦး အပါအဝင် မိသားစုဝင် ငါးဦး သေဆုံး
မြန်မာ့အရေးမှာ တက်ကြွတဲ့အခန်းကဏ္ဍကပါဝင်ဖို့ ကုလကို အီးယူ တောင်းဆို
အဲဒါကြောင့် ပြည်သူတွေနဲ့ အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပျက်စီးစေတာတွေ အပါအဝင် အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့နဲ့ နိုင်ငံတစ်ဝန်းကို လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိ အပြည့်အဝ ဘေးကင်း လုံခြုံစွာပေးနိုင်ဖို့တွေ မြန်မာစစ်တပ်ကို တောင်းဆိုပါတယ်။
ဒီတောင်းဆိုချက်တွေအပေါ်မှာ စစ်ကောင်စီအပါအဝင် ဘယ်သူမှအလေးအနက်မထားဘူးလို့ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်း တစ်ယောက်က သူ့အမြင်ကို ပြောပါတယ်။
"ဘာမှမဆိုင်တဲ့ အစိုးရဝန်ထမ်းတွေကိုကျ ဖမ်းပြီးတော့ ဆက်ကြေးတွေတောင်း၊ လူတွေလည်းသတ် ဒါတွေကျတော့ မပြောဘူး၊ စစ်တပ်ကျပြောတယ်ဆိုတဲ့အခါကျတော့ တိုင်းပြည်အကျိုးလိုလားတယ်လို့ မယူဆနိုင်တော့ဘဲနဲ့ တစ်ဘက်အုပ်စုသာယာရေးအတွက် သာပြောတယ်လို့ နစက (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) အပါအဝင် ဘယ်ဘက်မှမပါဘဲ ရပ်တည်နေတဲ့ ကျွန်တော်တို့ လစ်ဘရယ်အုပ်စုကလည်း ဒီလိုပဲ ယူဆကြတယ်၊ ဒါကြောင့်မို့လို့ သူတို့နဲ့ပတ်သက်ပြီးတော့ ဘယ်သူကမှ အလေးအနက်ထားခြင်းမရှိပါဘူး"
ဒါပေမဲ့ စစ်မှန်ပြီးအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီကို အလေးအနက်ထား တိုက်တွန်းတဲ့အပေါ် တော့ လက်ခံတယ်လို့ သူက ဆိုပါတယ်။
ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ ပြည်သူဟာ မနှစ်ကထက် တစ်သန်းနီးပါးတိုးလာပြီး စုစုပေါင်း ၃.၅ သန်းကျော်ရှိနေပြီလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မြန်မာနိုင်ငံကနေ နယ်နိမိတ်ဖြတ်ကျော် တိမ်းရှောင်ထွက်ပြေးရတဲ့ ပြည်သူအမြောက်အမြား ရှိနေပြီး မူးယစ်ဆေးဝါးထုတ်တာ၊ တရားမဝင်ကုန်သွယ်တာ၊ လူကုန်ကူးမှုနဲ့ ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းတွေကြောင့် မြန်မာပြည်သူအများအပြား ထိခိုက်နစ်နာနေရတယ်လို့လည်း ရေးသားထားပါတယ်။ ဒါဟာ အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာလည်း သက်ရောက်မှုရှိပြီး ဒေသတွင်းမတည်ငြိမ်မှုတွေ ပိုဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
ခုချိန်မှာ နိုင်ငံတိုင်းက ဒုက္ခကိုယ်စီနဲ့ ဖြစ်နေပေမဲ့ အခုလိုပြောပေးတာ ကျေးဇူးတင်တဲ့အကြောင်း တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
"ကျေးဇူးတင်ရတာပေါ့၊ ဒီလိုလေးထုတ်လာပေးတာ၊ ဒါတွေက သိပ်အားကိုးပြုလောက်စရာတော့ မရှိဘူး ထင်တယ်နော်၊ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ကြဖို့ပဲ၊ သူတို့ကတော့ စကားအဖြစ်တော့ ပြောကြတာပဲ။ အဲဒါကြောင့်မို့လို့ အမေရိကန်ကလည်း သူ့ဒုက္ခတွေနဲ့သူပါ၊ ဥရောပကလည်း သူ့ဒုက္ခတွေနဲ့သူ "
အကြမ်းဖက်လုပ်ရပ်တွေအားလုံး ချက်ချင်းရပ်ဖို့ ၂၀၂၂ ခုနှစ်က ချမှတ်ထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၂၆၆၉ အကောင်အထည်ဖော်ဖို့ကို ဆက်လက်အားပေးထောက်ခံသွားဖို့လည်း နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်း ဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး အားလုံးပါဝင်ပြီး ငြိမ်းချမ်းတဲ့ အနာဂတ်ဖြစ်ပေါ်လာဖို့ ဆက်လက်အားပေးထောက်ခံသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
(မှတ်ချက်- နိုင်ငံရေးလေ့လာသူတစ်ဦး၊ စစ်တပ်အရာရှိဟောင်းနှင့် ဒေါက်တာလှကျော်ဇော တို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ရေးသားထားသည်။)