မြန်မာ့အရေးမှာ တက်ကြွတဲ့အခန်းကဏ္ဍကပါဝင်ဖို့ ကုလကို အီးယူ တောင်းဆို
2024.11.20
မြန်မာ့အရေးမှာ ကုလသမဂ္ဂအနေနဲ့ ပိုပြီးတက်ကြွတဲ့ အခန်းကဏ္ဍကပါဝင်ဖို့ ဥရောပသမဂ္ဂ (အီးယူ) က နိုဝင်ဘာ ၂၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီရဲ့ ၇၉ ကြိမ်မြောက်အစည်းအဝေးမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာနဲ့ တခြားလူမျိုးစုတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်မချမှတ်ခင် အဆိုပြု ဆုံးဖြတ်ချက် တင်သွင်းရာမှာ အီးယူက အခုလို တောင်းဆိုလိုက်တာပါ။
မြန်မာနိုင်ငံက အခြေအနေကို ထိန်းသိမ်းနိုင်ဖို့အတွက် ကုလလုံခြုံရေးကောင်စီကို ကုလအထွေထွေအတွင်းရေးမှူးချုပ်က တိုက်တွန်းဖို့လည်း အီးယူက တောင်းဆိုပါတယ်။
မြန်မာစစ်တပ်က စစ်လက်နက်နဲ့ နည်းပညာတွေ ဆက်လက်ရရှိနေတဲ့အခြေအနေကို လက်ရှိထက်ပိုပြီး အရေးယူဆောင်ရွက်သင့်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်း၊ နည်းပညာနဲ့ လေယာဉ်ဆီတင်ပို့ရောင်းချတာ၊ လွှဲပြောင်းပေးအပ်တာတွေကို နိုင်ငံတွေအားလုံးက ရှောင်ရှားကြဖို့လည်း အီးယူက ထပ်မံတောင်းဆိုပါတယ်။
ဒီအပြင် မြန်မာစစ်တပ်အနေနဲ့ အင်တာနက်ဖြတ်တောက်ထားတာကို ပြန်လည်ဖယ်ရှားဖို့လည်း အီးယူက တိုက်တွန်းပါတယ်။
မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်နဲ့ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်မှုတွေအပေါ် အလွန်အမင်းစိုးရိမ်မိကြောင်းလည်း ကုလကို အီယူးက အဆိုပြုဆုံးဖြတ်ချက် တင်သွင်းရာမှာထည့်သွင်း ဖော်ပြထားပါတယ်။
အီးယူတောင်းဆိုချက်အပါအဝင် ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးနေတဲ့ကိစ္စတွေနဲ့ ပတ်သက် လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာတော့ မတွေ့ရသေးပါဘူး။