စစ်အုပ်ချုပ်ရေး ပဉ္ဓမနှစ် စစ်ကောင်စီအဆုံးသတ်ဖြစ်လာနိုင်ကြောင်း ဝါရှင်တန်စစ်တက္ကသိုလ် ပါမောက္ခ သုံးသပ်
2025.01.25

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ လေးနှစ်ပြည့်ဖို့ နီးကပ်လာတဲ့အချိန်မှာ စစ်ကောင်စီဟာ စစ်ရေး၊ စီးပွားရေးအခြေအနေအားလုံး အားနည်းချည့်နဲ့နေတယ်လို့ RFA ရဲ့ပင်တိုင် ဆောင်းပါးရှင်နဲ့ ဝါရှင်တန် အမျိုးသားစစ်တက္ကသိုလ်က မြန်မာ့အရေး လေ့လာသုံးသပ်သူ ပါမောက္ခ ဇက်ခါရီ အဘူဇာက ဆိုပါတယ်။
နိုင်ငံတစ်ဝန်း လျှပ်စစ်မီး ပြတ်တောက်မှုတွေ၊ နိုင်ငံခြားငွေ ပြတ်လပ်မှုတွေကြားမှာ စစ်ရေး ဘတ်ဂျက်တိုးမြှင့်ထားရပြီး စစ်မြေပြင်မှာလည်း တိုင်းရင်းသားအဖွဲ့တွေကို ထိုးစစ်ရပ်ဖို့ တရုတ်နိုင်ငံက ဖိအားပေးနေတဲ့ကြားက စစ်ပွဲတစ်ပွဲပြီးတစ်ပွဲ ရှုံးနိမ့်နေပြီး တိုင်းစစ်ဌာနချုပ်နှစ်ခုကို လက်လွှတ်လိုက်ရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက မြို့နယ် ၃၃၀မှာ ၁၀၇ မြို့နယ်ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး ၉၅ မြို့နယ်ကို တိုင်းရင်းသားအဖွဲ့တွေနဲ့ PDF တွေက အပြည့်အဝ ထိန်းချုပ်ထားပါတယ်။
စစ်ကောင်စီကိုယ်တိုင်ကလည်း ဒီလို မထိန်းချုပ်နိုင်တာကို ဝန်ခံထားပြီး မြို့နယ် ၁၆၁ မြို့နယ်မှာပဲ သန်းခေါင်စာရင်းကောက်ခံပြီး ရွေးကောက်ပွဲလုပ်နိုင်မယ်လို့ ပြောထားပါတယ်။
စစ်တပ်က အာဏာသိမ်း လေးနှစ်ပြည့်ဖို့ နီးကပ်လာချိန်မှာ လက်နက်ချအညံ့ခံလိုက်တဲ့ သုံ့ပန်းတပ်သားတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီဟာ စစ်မြေပြင်ကတပ်တွေကို ရိက္ခာနဲ့စစ်ကူတွေ ပို့ပေးနိုင်စွမ်းမရှိတော့အောင် အားနည်းနေပြီဆိုတာ သိသာလာပါတယ်လို့ ဆောင်းပါးရှင် ဇက်ခါရီ အဘူဇာက ဆိုပါတယ်။
မြေပြင်ကတပ်တွေအတွက် လက်နက်နဲ့ရိက္ခာတွေကို လေထီးနဲ့ ချထားပေးတဲ့ နည်းလမ်းကို တချို့နေရာတွေမှာ သုံးပေမဲ့လည်း ရန်သူတပ်တွေ လက်ထဲရောက်သွားတာတွေ မကြာခဏ ဖြစ်နေပါတယ်။
မြန်မာစစ်တပ်မှာ စစ်လက်နက်ပစ္စည်းနဲ့ စစ်ကူတပ်သားတွေ စစ်မြေပြင်ကို ချထားပေးနိုင်တဲ့ MI-17 ရဟတ်ယာဉ်တွေ အရေအတွက်အကန့်အသတ်နဲ့ပဲ ရှိနေပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း Mi-17 ရဟတ်ယာဉ် ခြောက်စီးနဲ့ တခြားအမျိုးအစား ရဟတ်ယာဉ် နှစ်စီး ဆုံးရှုံးခဲ့တာကိုကြည့်ရင် ဒီနည်းလမ်းကို အားထားလို့ မရတာတွေ့နိုင်ပါတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံကို ရန်သူသိမ်းပိုက်ထားတဲ့ နိုင်ငံတစ်နိုင်ငံလို အမြဲတမ်း ပြုမူလေ့ရှိပါတယ်။ ဒါကြောင့်လည်း အချိန်မရွေး ရန်သူကို တုံ့ပြန်နိုင်အောင် နိုင်ငံအနှံ့မှာ တပ်စခန်းတွေ ဖြန့်ကျက်ချထားတာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းမှာတော့ နိုင်ငံအနှံ့ စစ်ကောင်စီ စခန်း ၇၄၁ ခု ကျသွားပြီးပြီလို့ NUG က ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
ရမ်းဗြဲမှာ ဗုံးကြဲခံရလို့ အရပ်သား လေးဆယ်ကျော် သေဆုံး၊ ငါးဆယ်ကျော် ဒဏ်ရာရ
စစ်ခေါင်းဆောင်နဲ့ ၂၀၂၄ နိုင်ငံတကာအခင်းအကျင်း
၂ဝ၂၅ ခုနှစ်ကို မြန်မာ့အရေးလေ့လာသူတွေ ဘယ်လိုရှုမြင်ပါသလဲ
ဒါ့အပြင် ပြီးခဲ့တဲ့ လတွေအတွင်းမှာ အကြီးတန်းအရာရှိတွေပါအဝင် တပ်သား တစ်ထောင်ကျော် လက်နက်ချ အညံ့ခံခဲ့ပြီး အများအပြားကလည်း တပ်ကို စွန့်ခွာထွက်ပြေးသွားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ငွေကြေး ပြတ်လပ်နေပြီး၊ ကျဆုံးသွားတဲ့ တပ်သားတွေအတွက် ရပိုင်ခွင့်၊ ပင်စင်တွေ မပေးနိုင်တော့တဲ့အတွက် ကျဆုံးသွားတဲ့ တပ်သားတွေကို KIA “Kill in Action” သတ်မှတ်ချက်အစား၊ MIA “Missing in Action” လို့ သတ်မှတ်နေပါတယ်။
နိုင်ငံအနောက်ဘက်မှာဆိုရင်လည်း အာရက္ခတပ်တော် (AA) နဲ့ ချင်း PDF အဖွဲ့တွေဟာ ဒေသခံ PDF အဖွဲ့တွေကို အားပေးကူညီရင်း ဗမာလူများစုရှိရာ ဧရာဝတီတိုင်းထဲကို ထိုးဖောက်ဝင်ရောက်လာနေပါတယ်။
UWSA ‘ဝ’ တပ်ဖွဲ့ဟာဆိုရင်လည်း မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတွေက PDF တပ်ဖွဲ့တွေကို ဆက်ပြီး စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့နေတဲ့အတွက် တရုတ်ရဲ့ဖိအားကို ဖီဆန်နေပုံရပါတယ်လို့ ဆောင်းပါးရှင်က သုံးသပ်ပါတယ်။
တစ်ဘက်မှာတော့ စစ်ကောင်စီဟာ ဒရုန်းယာဉ်တွေ အသုံးပြုတဲ့နေရာမှာ ရန်သူတိုင်းရင်းသားအဖွဲ့တွေကို အမှီလိုက်လာပြီး ဒရုန်းယာဉ်တွေကနေ ဗုံးကြဲချတာ၊ အသေခံဝင်တိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တဲ့နေရာမှာ တိတိကျကျ ချိန်ပစ်နိုင်အောင် ပစ်မှတ်ရဲ့တည်နေရာကို ဒရုန်းယာဉ်တွေလွှတ်ပြီး လေ့လာစုံစမ်းတာတွေ လုပ်လာနေပါတယ်။
ဒီတိုးတက်မှုကြောင့် တိုင်းရင်းသားအဖွဲ့တွေရဲ့ ထိုးစစ်ကို နှောင့်နှေးအောင် လုပ်နိုင်ပေမဲ့ မြေပြင်က တိုက်ပွဲအခြေအနေအားလုံးကို လုံးဝပြောင်းလဲသွားအောင်လုပ်ဖို့တော့ နောက်ကျသွားပြီလို့ ဇက်ခါရီ အဘူဇာက ဆိုပါတယ်။
ဒါကြောင့်လည်း စစ်တပ်ဟာ ထုံးစံအတိုင်း လေကြောင်းကနေ ဆက်လက်တိုက်ခိုက်နေပါတယ်။ ဒီဇင်ဘာလကပဲ ရုရှားလုပ် Su-30 တိုက်လေယာဉ် အသစ် နှစ်စီးနဲ့ တရုတ်နိုင်ငံလုပ် FTC-2000G တိုက်လေယာဉ်သုံးစီးကို စသုံးလာပါတယ်။
ဒါပေမဲ့လည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားပစ်မှတ်တွေကိုပဲ ထိခိုက်သေကျေစေပြီး မြေပြင်တပ်ဖွဲ့တွေအတွက် အထောက်အကူမဖြစ်တာ တွေ့ရပါတယ်။ ဥပမာ ဇန်နဝါရီလ ၉ ရက်က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ကို ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သား ၅၂ ဦးသေဆုံးပြီး အိမ်အလုံး ၅၀၀ လောက် ဖျက်ဆီးနိုင်ခဲ့ပေမဲ့၊ စစ်ရေးအရ အထောက်အကူဖြစ်တာ မရှိခဲ့ပါဘူးလို့ ဇက်ခါရီ အဘူဇာက ဆိုပါတယ်။
နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တွေ အားလုံးနီးပါး ပိတ်ထားရတဲ့အတွက် မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေကလည်း ချွတ်ခြုံကျသထက် ကျလာနေပါတယ်။ စစ်ကောင်စီဟာ တရုတ်နဲ့ ထိုင်းနိုင်ငံတွေကို ဆက်သွယ်တဲ့ မူဆယ်နဲ့ မြဝတီကို ထိန်းချုပ်ထားဆဲ ဖြစ်ပေမဲ့ ဒီမြို့တွေရဲ့ ပတ်ပတ်လည်ကို တိုင်းရင်းသားအဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။ အခုဆိုရင် KNU ဟာ မြဝတီကို သိမ်းပိုက်ဖို့ မကြိုးစားတော့ပေမဲ့ ရန်ကုန်ကနေ မြဝတီကိုလာတဲ့ အာရှအဝေးပြေးလမ်းကို ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့ကတော့ ဘားအံကနေ ကော့ကရိတ်လမ်းပိုင်းမှာ တပ်ဖွဲ့တွေ၊ သံချပ်ကာကားတွေ ချထားပြီး၊ ထိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဆက်ပြီး ဖွင့်ထားနိုင်ဖို့ ကြိုးစားနေရပါတယ်။
ခြုံပြောရရင်တော့ စစ်အုပ်ချုပ်ရေး ငါးနှစ်ထဲကို ဝင်လာချိန်မှာ စစ်ကောင်စီရဲ့ အာဏာစက်ဟာ လျှင်လျှင်မြန်မြန်ပဲ ကျဆင်းနေပါတယ်။ နိုင်ငံလူဦးရေရဲ့ သုံးပုံနှစ်ပုံ၊ နိုင်ငံဧရိယာရဲ့သုံးပုံတစ်ပုံလောက်ကိုပဲ ထိန်းချုပ်ထားနိုင်တဲ့အချိန်မှာ စီမံခန့်ခွဲမှု အလွဲတွေကြောင့် စစ်ကောင်စီဟာ ငွေကြေးပြတ်လပ်လာနေပါတယ်။ စစ်မျက်နှာ တပ်ဖွဲ့တွေကို နိုင်ငံအနှံ ဖြန့်ကျက်ပြီး စစ်မျက်နှာပေါင်းများစွာ တစ်ပြိုင်နက်ဖွင့်ပြီး တိုက်နေရတဲ့ စစ်ကောင်စီအတွက်တော့ ၂၀၂၅ မှာ လုံးဝကျဆုံးခန်းကို မရောက်အောင် ရှောင်လွှဲနိုင်ဖို့ ခက်ခဲပါလိမ့်မယ်လို့ စစ်ရေးသုံးသပ်သူ ပါမောက္ခ ဇက်ခါရီ အဘူဇာက သုံးသပ်ပါတယ်။
(မှတ်ချက်။ ဇက်ခါရီ အဘူဇာသည် Zachary Abuza သည် ဝါရှင်တန်ဒီစီမြို့တော်ရှိ အမျိုးသားစစ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ပြီး Georgetown University ၏ တွဲဖက်ပါမောက္ခလည်း ဖြစ်သည်။ ဤဆောင်းပါးတွင် ဖော်ပြထားသော အမြင်များသည် ၎င်း၏ကိုယ်ပိုင်အမြင်များဖြစ်ပြီး အမေရိကန်ကာကွယ်ရေးဌာန၊ အမျိုးသားစစ်တက္ကသိုယ်၊ Georgetown တက္ကသိုလ် သို့မဟုတ် Radio Free Asia တို့၏ ရပ်တည်ချက်ကို မထင်ဟပ်ပါ။)