၂ဝ၂၅ ခုနှစ်ကို မြန်မာ့အရေးလေ့လာသူတွေ ဘယ်လိုရှုမြင်ပါသလဲ
2025.01.25

လာမယ့် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းထားတာ လေးနှစ်ပြည့်ပါတော့မယ်။ ဒီအာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်က ရက်ရက်စက်စက်ချေမှုန်းတဲ့အတွက် လက်နက်ကိုင်တော်လှန်ဖို့ တချို့ ဆုံးဖြတ်ရာက အရင်က မရှိဖူးတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေ ပေါ်ပေါက်လာတာလည်း လေးနှစ်နီးပါးရှိပါပြီ။
ဒီလေးနှစ်အတွင်း PDF တွေဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ ပူးပေါင်းတော်လှန်တဲ့အတွက် စစ်ကောင်စီက ခံစစ်အသွင်ပြောင်းရတဲ့ အနေအထား ရောက်လာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တို့ဟာ နိုင်ငံ တစ်ဝန်းက မြို့နယ် ၁၄၄ မြို့နယ်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ စစ်တိုင်းကြီး နှစ်တိုင်း လက်လွတ်ဆုံးရှုံးခဲ့ရပြီး ၂၀၂၄ ခုနှစ် အတွင်း စစ်အရာရှိ ၃၁၅ ယောက်သေဆုံးခဲ့ပါတယ်။ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်နဲ့ ဗိုလ်ချုပ်အဆင့်ရှိတဲ့သူ ၅၃ ယောက်ဟာ တိုက်ပွဲ အတွင်းသေဆုံး၊ ဒဏ်ရာရ ဒါမှမဟုတ် သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်သား၊ ရဲနဲ့နယ်ခြားစောင့်ရဲ တစ်သောင်းလေးထောင်ကျော် သေဆုံးခဲ့ပြီး ခုနှစ်ထောင်ကျော်က ဒဏ်ရာရခဲ့ကြပါတယ်။ ဒါကြောင့် ပမာဏအားဖြင့် တပ်မ ၁၀ ခုကျော်နဲ့ ညီမျှတဲ့ စစ်သည်အင်အားပြုန်းတီးခဲ့တယ်လို့လည်း ဆိုထားပါတယ်။
ဒါကြောင့်လည်း မြေပြင်မှာစစ်တိုက်နေတဲ့စစ်သားတွေ စိတ်ဓာတ်တွေပျက်ပြားနေကြပြီလို့ ပုဇွန်တောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောပါတယ်။
"၂၀၂၅ ကတော့ အပြောင်းအလဲတစ်ခုသေချာပေါက်ဖြစ်မယ့်နှစ်လို့ လူတွေကပြောကြတယ်၊ ဒါ ဘာဖြစ်လို့ပြောလဲဆိုတော့ စစ်ကောင်စီရဲ့ယန္တယားက အခြေအနေက ယိုယွင်းပျက်စီးနေပြီ၊ စစ်တပ်တစ်ခုနဲ့မတူတော့ဘူး၊ အကြောင်းအမျိုးမျိုးကြောင့် သူတို့က Brainwashed (ဦးနှောက်ဆေး) လုပ်ခံထားရတော့ ကျွန်တော်တို့ဘက်ကိုပေါ့လေ၊ ကျွန်တော်တို့ဘက်ရောက်ရင် မင်းတို့အသတ်ခံရမှာပဲ ဟုတ်လား၊ ငါတို့ဖက်က မီးရှို့သလို သူတို့က မင်းတို့ကိုမီးရှို့လိမ့်မယ်လို့ ရိုက်သွင်းထားသလို၊ နောက်တစ်ချက်ကကျတော့ သူတို့ရဲ့မိသားစုများဟာ ပြန်ပေးဆွဲခံထားရသလို တစ်ဘက်က စစ်အုပ်စုကကိုင်တွယ်ထားတော့ သူတို့ မလုပ်သာဘူးပေါ့၊ သူတို့ဘက်မှာ အခက်အခဲတွေရှိမှာပါ၊ သူတို့လည်းဘယ်စိတ်ပါမလဲ၊ သူတို့တွေက အများစုဟာ ဘာပဲဖြစ်ဖြစ် သူတို့လုပ်နေတဲ့စစ်က အဓိပ္ပာယ်မရှိဘူးဆိုတာ သူတို့အထိုက်အလျောက်တော့ သဘောပေါက်တယ်"
လူအင်အားလျော့နည်းလာတဲ့အတွက် ပြည်သူတွေကို စစ်ကောင်စီကအဓမ္မ စစ်မှုထမ်းခိုင်းပါတယ်။ လေကြောင်းကနေဗုံးကြဲနိုင်တာက စစ်ကောင်စီရဲ့ အားသာချက်တစ်ခုလို့ဆိုရပေမဲ့ လက်လွတ်ဆုံးရှုံးခဲ့တဲ့ နယ်မြေတွေကို စစ်တပ်က ပြန်မသိမ်းနိုင်ပါဘူး။
ဆက်နွှယ်သောသတင်းများ
၂၀၂၅ ခုနှစ်မှာ စစ်ရေးပြင်းထန်လာနိုင်ကြောင်း တော်လှန်ရေးအဖွဲ့တွေသုံးသပ်
NUG ပြုပြင်ပြောင်းလဲရေးမှာ ကျွမ်းကျင်သူတွေပါလာဖို့ နိုင်ငံရေးလှုပ်ရှားသူတွေလိုလား
တော်လှန်ရေးအောင်မြင်ဖို့ အပြောင်းအလဲတွေ လုပ်မယ်လို့ NUG ဝန်ကြီးချုပ်ပြော
ဒါကြောင့်လည်း ၂၀၂၅ ခုနှစ်ဟာ ပြည်သူတွေအတွက် အဆုံးအဖြတ်ပေးမယ့်နှစ်ပဲလို့ New Myanmar Foundation ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာစန်းအောင်က ဆိုပါတယ်။
"ပြောမယ်ဆို ကျွန်တော်တို့ဘက်က တစ်လှိုင်းပြီးတစ်လှိုင်းတက်နေတယ်၊ သူတို့ဖက်ကတစ်လှိုင်းပြီး တစ်လှိုင်း နောက်ဆုတ်နေရတယ်၊ ဒီအခြေအနေအတိုင်းသာသွားရင် ၂၀၂၅ ကဟာ အဆုံးအဖြတ်ပေးမယ့်ပွဲပဲ၊ ဒါပေမဲ့ ဘယ်လိုဖြစ်သွားမလဲဆိုရင် စစ်ရေးအရ အဓိကအဆုံးအဖြတ်ပေးလိမ့်မယ်၊ တွေ့ဆုံဆွေးနွေးရေးဆိုတာတော့ စစ်တပ်ပေါ်မှာမူတည်တယ်၊ စစ်တပ်က ဝဲလ်ကမ်းလုပ်တယ်ဆိုရင် ဆွေးနွေးကြဖို့က အတိုက်အခံအင်အားစုတွေက အသင့်ပဲ၊ တန်းတူတော့ရှိရမယ်၊ ဒေါ်အောင်ဆန်းစုကြည်လိုခေါင်းဆောင်တွေကို နိုင်ငံရေးသမားတွေကို လွှတ်ပေးရမယ်၊ တန်းတူရည်တူပေါ့နော်၊ ဘာ ကန့်သတ်ချက်မှမထားဘဲနဲ့ အတားအဆီးမှမရှိဘဲနဲ့ ဆွေးနွေးရမယ်"
စစ်ကောင်စီဟာ ထွက်ပေါက်ပိတ်လာရင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်လာမယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမဲ့တွေ့ဆုံဆွေးနွေးနိုင်အောင် ပြည်မဒေသတွေမှာ အနိုင်တိုက်ဖို့ လိုနေသေးတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ အတွင်းရေးမှုး ဦးမျိုးကျော်က သုံးသပ်ပါတယ်။
"တိုင်းရင်းသားတွေနဲ့ သီးခြားပုံစံမျိုးကတော့ဖြစ်လာနိုင်ခြေရှိတယ်ပေါ့ဗျာ၊ ဘာဖြစ်လို့လဲဆိုတော့ အခုလောလောလတ်လတ်ပဲ ကိုးကန့်နဲ့သူတို့ဆွေးနွေးတာတို့ ရှိလာတယ်လေ၊ ဒါပေမဲ့ တကယ့်တကယ် အဲဒီလိုတွေ့ဆုံဆွေးနွေးပွဲအလုံးစုံဖြစ်ဖို့အတွက်တော့ မမြင်နိုင်သေးဘူး၊ ဘာဖြစ်လို့လဲဆို အထူးသဖြင့် ပြည်မလို့ခေါ်တဲ့ တိုင်းတွေမှာ စစ်ရေးဖော်ဆောင်ဖို့လိုသေးတယ်လို့မြင်တယ်၊ ဘာဖြစ်လို့လဲဆို စစ်ရေးအရသူတို့ အကျပ်အတည်းဖြစ်လာမှသာ ဒီတွေ့ဆုံဆွေးနွေးပွဲဆိုတဲ့ဟာမျိုးက ဖော်လေ့ရှိပါတယ်ခင်ဗျာ"
ဒီလေးနှစ်တာကာလအတွင်း စစ်အာဏာရှင်အမြစ်ပြတ်ဖို့ တော်လှန်ရေးအင်အားစုတွေဟာ အခက်အခဲပေါင်းများစွာနဲ့ ကျော်ဖြတ်လာနိုင်ခဲ့ပြီမို့ ပန်းတိုင်ရောက်ဖို့နီးကပ်နေပြီလို့လည်းပြောကြပါတယ်။
ဒီကာလအတွင်း စတေးခဲ့ရတဲ့အသက်တွေ၊ ပေးဆပ်ခဲ့ရတဲ့ဘဝတွေ အလဟဿမဖြစ်ရအောင် တော်လှန်ရေးအင်အားစုတွေအားလုံး ညီညွတ်ကြဖို့လိုတယ်လို့ နိုင်ငံရေးအကဲခတ်တွေက တစ်ညီတစ်ညွတ်တည်း တိုက်တွန်းကြပါတယ်။