NUG ပြုပြင်ပြောင်းလဲရေးမှာ ကျွမ်းကျင်သူတွေပါလာဖို့ နိုင်ငံရေးလှုပ်ရှားသူတွေလိုလား
2025.01.21

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကျစ်ကျစ်လစ်လစ်နဲ့ ထိထိရောက်ရောက်အလုပ်လုပ်နိုင်ဖို့ အုပ်ချုပ်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲဖို့နဲ့ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ပြည်သူ့ကာကွယ်ရေး၊ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့တွေကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့လိုပြီလို့ ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်တို့က ပြောလာတာပါ။
ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ပသုံးလုံးလို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေး၊ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ စွမ်းရည်နဲ့ ကျင့်ဝတ်ဟာ အလွန်အရေးကြီးတာမို့ ပြုပြင်ပြောင်းလဲရေးကို အလုပ်ဖြစ်ရုံဆိုတာထက်ပိုပြီး လုပ်ဆောင်ရမယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဇန်နဝါရီလ ၁၄ ရက်နေ့က ပြောခဲ့ပါတယ်။
ပသုံးလုံးအဖွဲ့တွေကို ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ ယာယီသမ္မတရဲ့ ပြောဆိုချက်အပေါ် အကြံပြုချက်တွေလည်း ရှိပါတယ်။
အကြံပြုချက်တွေထဲ လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဥပဒေချိုးဖောက်မှုတွေမဖြစ်အောင်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့လည်း လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေမဖြစ်အောင် ပသုံးလုံးအဖွဲ့တွေ လိုက်နာရမဲ့ ကျင့်ဝတ်တွေကို လက်စွဲပြဋ္ဌာန်းချက်တွေအပြင် လုပ်ငန်းဆိုင်ရာဥပဒေတွေနဲ့ပါ ပြဋ္ဌာန်းပေးဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအနေနဲ့ အရည်အချင်းမပြည့်မှီတဲ့အခါ လွဲမှားတဲ့လုပ်ဆောင်ချက်တွေ ဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ အညာဒေသတော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦး က ပြောပါတယ်။
“ကျွမ်းကျင်မှု (Skill) မရှိတဲ့အခါ သေဒဏ်ပေးခြင်းမပေးခြင်းဟာ ဘယ်လိုအခြေအနေမျိုးမှာမှ ပေးသင့်တယ်ဆိုတာကို သူတို့နားမလည်ဘူး။ တရားရုံးကလုပ်ရမယ်ဆိုတဲ့လုပ်ထုံးလုပ်နည်းကိုလည်း နားမလည်ဘူး။ ကြေညာချက်တွေဘာတွေ ထထုတ်ပစ်တာ။ အလုပ်သမားသဘောနဲ့ပြောရင် ကျွမ်းကျင်သူ (Skill Labor) မဖြစ်နေဘူး။ အခုသူတို့ကိုယ်တိုင် (NUG) က ထုတ်မပြောလို့မရတဲ့အခြေအနေဖြစ်လာတယ်။ သူတို့ (NUG) ကိုယ်တိုင်က ဒီလုပ်ငန်းစဉ်မှာ အနီးကပ်ကွပ်ကဲနိုင်တဲ့ အနေအထားမရှိဘူး။ အခုတော်လှန်ရေး လေးနှစ်လောက်ဖြစ်လာတဲ့အခါ အခုမှ ပြည်တွင်းကို ပြန်ကြပါ၊ ရုံးစိုက်မယ်ဆိုတဲ့ ကိစ္စတွေထုတ်ပြောလာတာ”
ဆက်နွှယ်သောသတင်းများ
မဟာမိတ်တွေထဲက အရည်အချင်းရှိသူတွေ အစိုးရအဖွဲ့မှာထည့်သွင်းဖို့ NUG ယာယီသမ္မတပြော
၂၀၂၅ မှာ အစိုးရအဖွဲ့ အပြောင်းအလဲလုပ်ဖို့ NUG ဝန်ကြီးချုပ် တိုက်တွန်း
တော်လှန်ရေးအောင်မြင်ဖို့ အပြောင်းအလဲတွေ လုပ်မယ်လို့ NUG ဝန်ကြီးချုပ်ပြော
တစ်ဆက်တည်းမှာပဲ ဝန်ကြီးချုပ်မန်းဝန်းခိုင်သန်းကလည်း အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကျစ်ကျစ်လစ်လစ်နဲ့ ထိထိရောက်ရောက် အလုပ်လုပ်နိုင်အောင် ၂၀၂၅ ခုနှစ် အစောပိုင်းလတွေမှာ အုပ်ချုပ်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲရမယ်လို့လည်း ဇန်နဝါရီလ ၇ ရက်နေ့က ပြောထားပါတယ်။
နိုင်ငံရေး၊ စစ်ရေးလေ့လာသူတွေကတော့ ဖောင်းပွနေတဲ့ NUG ရဲ့ ဝန်ကြီးဌာနတွေကို လျော့ချပြီး တော်လှန်ရေးအစိုးရသဏ္ဍာန်ဆောင်အောင် ကျစ်ကျစ်လျစ်လျစ်ပြန်လည်ဖွဲ့စည်းဖို့၊ ပြည်တွင်းမှာအခြေစိုက်ဖို့၊ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေနဲ့ တိကျရေရာတဲ့ ကတိကဝတ်တွေထားရှိပြီး တော်လှန်ရေးမဟာမိတ် တပ်ပေါင်းစုတွေ ဖွဲ့စည်းဖို့ လိုလားနေကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်ကတော့ ပြည်တွင်းမှာ ရုံးပြန်စိုက်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်နေတယ်လို့ RFA ကို ပြောထားပါတယ်။
“အခုကတော့ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေတွေ ပိုမိုများပြားလာပြီးတော့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှု အုပ်ချုပ်ရေးကိစ္စတွေ ထိထိရောက်ရောက်ပေးနိုင်ဖို့၊ တော်လှန်ရေးအရှိန်ဟုန်မြှင့်ပြီး မဟာမိတ်တွေနဲ့ ပိုမိုပြီး ဆက်ဆံနိုင်ဖို့ ပြည်တွင်းမှာ ဝင်ဖို့လုပ်နေတာပါ။ ဘယ်သူတွေ၊ ဘယ်အချိန်မှာလာမယ်ဆိုတာကို စနစ်တကျ လုပ်ငန်းစဉ်တွေ စီစဉ်ဆောင်ရွက်နေပါတယ်”
ဝန်ကြီးဌာန ၁၇ ခုနဲ့ ဝန်ကြီးနဲ့ ဒုဝန်ကြီးစုစုပေါင်း ၃၄ ဦးရှိတဲ့ NUG အစိုးရကို ကျစ်ကျစ်လျစ်လျစ်နဲ့ ဖွဲ့စည်းပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာ သင့်တော်သူတွေကို ပြောင်းလဲခန့်အပ်ဖို့ လိုလားနေသူတွေထဲ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်လည်း ပါဝင်ပါတယ်။
“တကယ့်တကယ်မှာ အခုအချိန်အထိ EROs တွေနဲ့ NUG ကြားမှာ ခိုင်မာအားကောင်းတဲ့ နိုင်ငံရေးလမ်းစဉ်တွေ ချမှတ်ပြီး အပြန်အလှန်သဘောတူညီချက်တွေ၊ ကတိကဝတ်တွေ တည်ဆောက်ထားတာမတွေ့ရဘူး။ EROs တွေကတော့ ကိုယ်စီ၊ ကိုယ်စီနယ်မြေထိန်းချုပ်မှုတွေ၊ သိမ်းပိုက်မှုတွေ အနည်းဆုံး ဆယ်မြို့နယ် အထက်မှာရနေတယ်။ ခြေမပေါ်တဲ့သူတွေ၊ ခြေစွမ်းမပေါ်တဲ့သူတွေကို အမြန်ဆုံးပြုပြင် ပြောင်းလဲနိုင်မှာသာလျှင် နွေဦးတော်လှန်ရေးအတွက် တွန်းအားဖြစ်မယ်”
NUG အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG ကြားချိတ်ဆက်ဆောင်ရွက်နေမှုတွေကို နိုင်ငံရေးအသိုင်းအဝိုင်းကြား အားမရမှုတွေရှိနေတာပါ။
ယာယီသမ္မတ ဒူဝါလရှီးလကတော့ NUG အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပေမဲ့ ပြည့်စုံလုံလောက်တဲ့ အခြေအနေမဟုတ်သေးကြောင်းနဲ့ ယုံကြည်မှုတည်ဆောက်ရေးကို ရပ်ပစ်လိုက်လို့ မရဘူးလို့ ဇန်နဝါရီလ ၂၁ ရက်နေ့က ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။