မဟာမိတ်တွေထဲက အရည်အချင်းရှိသူတွေ အစိုးရအဖွဲ့မှာထည့်သွင်းဖို့ NUG ယာယီသမ္မတပြော
2025.01.14

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့အတွင်း တိုင်းရင်းသား မဟာမိတ်အင်အားစုတွေက ဦးဆောင်နိုင်သူတွေကို အားသစ်လောင်းနိုင်ရင် ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီလ ၁၄ ရက်နေ့က အွန်လိုင်းကကျင်းပတဲ့ အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောကြားခဲ့တာပါ။
“တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်တဲ့နေရာမှာ လက်တွေ့ကျတဲ့ တပ်ပေါင်းစုဖြစ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ မဟာမိတ်အင်အားစုတွေထဲက ဦးဆောင်နိုင်မှု ထက်မြက်တဲ့ လူပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်းမှာ အားသစ်လောင်း ဖြည့်ဆည်းခြင်းအားဖြင့် တည်ဆဲ အခြေအနေထက် ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”
လူထုနဲ့ နေ့စဉ်ထိတွေ့နေရတဲ့ ပသုံးလုံး ယန္တရားဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေဟာ အရေးကြီးတာကြောင့် ပသုံးလုံး ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်ရာမှာ လက်လည်း မနှေးသင့်သလို၊ အလုပ်ဖြစ်ရုံမျှ ပြုပြင်ပြောင်းလဲရေး ဆိုတာထက်လည်း ပိုသင့်တယ်လို့ ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။
NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အုပ်ချုပ်ရေးကဏ္ဍနဲ့ အခွန် ဘဏ္ဍာဆိုင်ရာကဏ္ဍတွေမှာ အသံတွေ အတော်ထွက်ပြီး တချို့မြို့နယ်တာဝန်ရှိသူတွေအနေနဲ့ တော်လှန်ရေးလမ်းကြောင်းကို သွေဖယ်လာတာတွေရှိတာကြောင့် တင်းတင်းကျပ်ကျပ် စီမံဆောင်ရွက်သွားကြဖို့လည်း အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာ NUG အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ မြန်မြန်ဆန်ဆန်လုပ်ဖို့ လိုအပ်နေကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇန်နဝါရီ ၇ ရက်နေ့မှာ ကျင်းပတဲ့ အစည်းအဝေးမှာ တိုက်တွန်းထားပါတယ်။
NUG ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်တို့ဟာ အစိုးရအဖွဲ့ကို အပြောင်းအလဲလုပ်ဖို့ ဒီလပိုင်းတွေအတွင်းမှာ မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုလာပါတယ်။
အပြောင်းအလဲတွေလုပ်မဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ NUG အစိုးရအဖွဲ့က ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။