စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူတွေကို Forum 2000 အဖွဲ့က ရဲစွမ်းသတ္တိဆုချီးမြှင့်

ဒေါက်တာတေဇာစန်း၊ ကိုနန်းလင်း၊ ကိုထက်မြက်အောင်နဲ့အတူ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုတို့ပါဝင်။

၂၀၂၁ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေနဲ့ စုပေါင်းထားတဲ့ အထွေထွေသပိတ် ပေါင်းစပ် ညှိနှိုင်းရေးအင်အားစု (GSCB)နဲ့အတူ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းနေတဲ့ ဒေါက်တာ တေဇာစန်း၊ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုနန်းလင်းနဲ့ ၂၀၂၅ ဒီဇင်ဘာက ထောင်ဒဏ် ၃၇ နှစ် အပြစ်ပေးခံထားရတဲ့ ကိုထက်မြက်အောင်တို့ကို ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့တော် အခြေစိုက် Forum 2000 အဖွဲ့က ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆုကို အောက်တိုဘာ ၁၁ ရက်နေ့က ပရာ့ဂ် မြို့တော်မှာ ချီးမြှင့်ခဲ့ပါတယ်။

အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ယာကွဗ် ကလက်ပယ် (Jakub Klepal)က သူတို့ရဲ့ ပြောင်းလဲနေတဲ့ အခြေအနေနဲ့ အညီ အန္တရာယ်ကြားက စွန့်စားလှုပ်ရှားနေကြတာကို ကမ္ဘာက လေးစားအားကျနေရတယ်လို့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

“ဒေါက်တာတေဇာစန်း၊ ကိုနန်းလင်းနဲ့ ကိုထက်မြက်အောင်တို့နဲ့အတူ အထွေထွေသပိတ်ကော်မတီအဖွဲ့ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ကြိုးပမ်းနေကြတာကို မိမိတို့ အလေးအနက် တန်ဖိုးထားပြီး ထောက်ခံ ပါတယ်။ ဒါ့အပြင် ထောင်ဒဏ်၊ ညှဥ်းပန်းနှိပ်စက်မှုနဲ့ ဖမ်းဆီးချုပ်နှောင်ခံရမယ့် အန္တရာယ်တွေနဲ့ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေ ကြားက လှုပ်ရှားမှုတွေ ဆက်လက်ပြီး ချိတ်ဆက်လုပ်ဆောင်နေကြတာကိုလည်း အလေးထား ထောက်ခံပြီး ဒီမဆုတ်မနစ် ကြိုးပမ်းနေတာတွေကိုလည်း ထောင်နဲ့ချီတဲ့ တခြားသူတွေက လေးစားအားကျနေပါကြရပါတယ်။”

ဒီဆုကို ကွယ်လွန်သူ ချက်ကိုစလိုဗက်ကီးယားနိုင်ငံရဲ့ နောက်ဆုံး သမ္မတနဲ့ ချက်နိုင်ငံရဲ့ ပထမဆုံး သမ္မတဖြစ်ခဲ့သူ ဗားဆလပ်ဟာဗဲ (Václav Havel ) က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သမ္မတ ဗားဆလပ်ဟာဗဲဟာ သက်ရှိထင်ရှား ရှိစဥ်က မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရရှိအောင် ကြိုးပမ်းခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဒီဆုချီးမြှင့် ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ခေါ် ကင်အဲရစ် (Kim Aris) လည်း တက်ရောက်ခဲ့ပြီး မိခင်ဖြစ်သူရဲ့ ဓာတ်ပုံကို Forum 2000 အဖွဲ့ကို ပေးအပ်ခဲ့ပါတယ်။

၂၀၂၆ အောက်တိုဘာ ၁၁ ရက်နေ့က ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့တော် အခြေစိုက် Forum 2000 အဖွဲ့က ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆု ချီးမြှင့်ပွဲကို တက်ရောက်လာသည့် ကိုထိန်လင်း ခေါ် ကင်အဲရစ် (Kim Airs) အား Forum 2000 အမှုဆောင်ဒါရိုက်တာ ယာကွဗ် ကလက်ပယ် (Jakub Klepal)နဲ့အတူ တွေ့ရစဥ်။
Myanmar activists receive Forum 2000 International Award2 ၂၀၂၆ အောက်တိုဘာ ၁၁ ရက်နေ့က ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့တော် အခြေစိုက် Forum 2000 အဖွဲ့က ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆု ချီးမြှင့်ပွဲကို တက်ရောက်လာသည့် ကိုထိန်လင်း ခေါ် ကင်အဲရစ် (Kim Airs) အား Forum 2000 အမှုဆောင်ဒါရိုက်တာ ယာကွဗ် ကလက်ပယ် (Jakub Klepal)နဲ့အတူ တွေ့ရစဥ်။ (Forum 2000 / Ondřej Besperát/Forum 2000)

အမျိုးသမီးမဟာမိတ်အင်အားစု (WAB)က မချမ်း၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) AFCC က ကိုစတန်းနဲ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ကျောင်းသားဟောင်းများအင်အားစု (USUAF) က ကိုဘုန်းသစ်တို့က တက်ရောက်လက်ခံရယူခဲ့တယ်လို့ Forum 2000 အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။