မြန်မာအစိုးရကို ဖိအားတိုးပေးဖို့ ချက်သမတဟောင်းတိုက်တွန်း

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး လေးစား လိုက်နာလာဖို့ မြန်မာအစိုးရအပေါ် ဖိအားပေးမှု ပိုတိုးလုပ်ဆောင်ဖို့ ချက်သမတဟောင်း ဗားဆလပ် ဟာဗဲက ဖေဖော်ဝါရီ ၁၅ ရက် ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

2011.02.15
vaclav_havel_czech_uprise_305_z.jpg ချက်သမတဟောင်း ဗက်ဆလပ် ဟာဗဲလ် (အလယ်) က မြန်မာ ကျောင်းသားနှစ်ဦး ခြံရံလျက် ချက် နိုင်ငံ ပရပ်ဂ်မြို့လယ်တွင် ၂၀၀၃ နိုဝင်ဘာ ၁၇ ရက်က ပန်းစည်းချ ဂုဏ်ပြုနေပုံ ဖြစ်ပါသည်။ ၁၉၈၉ ခုနှစ် ထိုနေ့နံနက်က ချက်တက္ကသိုလ် ကျောင်းသားများ အုံကြွခဲ့သော ကတ္တီပါ တော်လှန်ရေးကြီးကြောင့် ကွန်မြူနစ်အစိုးရ ပြုတ်ကျကာ ချက်သမတနိုင်ငံ ပေါ်ထွန်းခဲ့သည်။ (Photo: AFP)
(Photo: AFP)
မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဥရောပနိုင်ငံတွေရဲ့ ဘုံမူဝါဒ သဘောထား ပေါ်လစီ ပြောင်းလဲသင့် မသင့် သုံးသပ်တဲ့ ဆွေးနွေးပွဲတခု ချက်သမတ နိုင်ငံမြို့တော် Prague မှာ ဒီကနေ့ ကျင်းပရာမှာ ချက်သမတဟောင်း မစ္စတာဟာဗဲက အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး သတ်မှတ်ချက်တွေဟာ လူသားအားလုံးနဲ့ ဆိုင်တဲ့ စံတန်ဖိုးတွေ ဖြစ်ပြီး အခုလို ခေတ်ကာလ အခြေအနေမျိုးမှာ ပိုပြီး လေးစားလိုက်နာလာဖို့ တောင်းဆိုရမှာ ဖြစ်ကြောင်း၊ အခု အရှေ့အလယ်ပိုင်းဒေသမှာ လွတ်လပ်ခွင့်ရဖို့ တောင်းဆိုနေမှုတွေကို ကြည့်ရင် ဒီမိုကရေစီစံတွေဟာ လူသားအားလုံးနဲ့ သက်ဆိုင်နေတယ်ဆိုတာ ပြသလိုက်တာ ဖြစ်ကြောင်း ချက်သမတဟောင်းက ပြောပါတယ်။

ဆွေးနွေးပွဲကို ချက်ရီပတ်ဘလစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Karel Schwarzenberg လည်း တက်ရောက်ခဲ့ပြီး ချက်သမတဟောင်း ဗားဆလပ် ဟာဗဲနဲ့ အတူ ဆွေးနွေးပွဲကို ဒီကနေ့ မနက်ပိုင်းက ဖွင့်လှစ်ပေးခဲ့တာပါ။ ဆွေးနွေးပွဲကို မြန်မာပြည် ရွေးကောက်ပွဲလွန် ဥရောပနိုင်ငံတွေရဲ့ သဘောထားပေါ်လစီလို့ အမည်ပေးထားပါတယ်။ ဒီဆွေးနွေးပွဲမှာ ဥရောပနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ဌာနက တာဝန်ရှိသူတွေ တက်ရောက်တယ်လို့ Burma Project တာဝန်ခံ Ms Kristina Prunerova က ပြောပါတယ်။

ဥရောပ ၁၇ နိုင်ငံက အစည်းအဝေး တက်ရောက် နားထောင်ကြသလို တချို့ဟာလည်း ပါဝင်ဆွေးနွေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဥရောပမှာ ရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေလည်း တက်ရောက် ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

ဒီအစည်းအဝေးကနေ ရွေးကောက်ပွဲ ပြီးသွားချိန် မြန်မာနိုင်ငံတွင်းက တိုးတက်ပြောင်းလဲမှုတွေကို လေ့လာမှာပါ။ ဒီဆွေးနွေးပွဲဟာ လာမဲ့ ဧပြီလမှာ ကျင်းပမဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဘုံသဘောထားကို ပြန်လည်သုံးသပ်ရာမှာ အထောက်အကူပေး မှာ ဖြစ်တယ်လို့ အစည်းအဝေး ကျင်းပသူတွေက ပြောဆိုပါတယ်။

အစည်းအဝေးနဲ့ ကျင်းပပုံနဲ့ ပတ်သက်ပြီး RFA မှ ဦးတင်အောင်ခိုင်က Prague မြို့က မြန်မာ့အရေး ဆောင်ရွက်နေသူတွေကို မေးမြန်းပြီး စုစည်း တင်ပြထားပါတယ်။

စုစည်းတင်ပြချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။