အရှေ့တောင်အာရှနိုင်ငံများအသင်း - အာဆီယံ (ASEAN) မှာ မြန်မာနိုင်ငံ အပြည့်အဝ ပြန်ပါဝင် ဆောင်ရွက် လာနိုင်ရေး အာဆီယံနိုင်ငံတွေက ကြိုးပမ်းနေတာတွေကို ဂျပန်နိုင်ငံအနေနဲ့ ဘယ်လို ထောက်ခံ ကူညီနိုင်မလဲ ဆိုတာ စဥ်းစားသင့်ပြီး မြန်မာနိုင်ငံ အာဆီယံမှာ ပြန်ပါလာရေးဟာ အဖွဲ့ညီညွတ်ရေးအတွက် အရေးကြီးပါ တယ်လို့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ဖူမီယို ကီရှီးဒါ (Fumio Kishida)က အောက်တိုဘာ ၁၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ခရီးရောက်နေစဥ် ဂျပန်သတင်းဌာန Nikkei Asia နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
“မြန်မာနိုင်ငံ အခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ကွဲပြားတဲ့ အယူအဆနဲ့ ရှုမြင်ပုံတွေရှိနေတာ အားလုံးအသိပါပဲ။ ဒါပေမယ့် အာဆီယံအဖွဲ့ ညီညွတ်ရေးအတွက် ပြောမယ်ဆိုရင် မြန်မာနိုင်ငံကို အာဆီယံ မူဘောင်တွေထဲ မှန်မှန်ကန်ကန် ပြန်ဆွဲခေါ်ရေးဟာ အရေးပါတဲ့အချက်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ အာဆီယံအဖွဲ့နဲ့ ပူးပေါင်းပြီး မြန်မာ့အရေးကို ဘယ်လိုနည်းလမ်းတွေနဲ့ ကူညီပေးမလဲဆိုတာကို စဥ်းစားသင့်ပါတယ်။”
အောက်တိုဘာ ဒုတိယပတ်က မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နဲ့ မြန်မာစစ်တပ်ခန့်အစိုးရ အကြီးအကဲ ဦးမင်းအောင် လှိုင်တို့ မလေးရှားနိုင်ငံခရီးစဥ်မှာ တွေ့ဆုံခဲ့တာတွေနဲ့ ပတ်သက်လို့ သူ့အမြင်ကို မေးရာမှာ မစ္စတာကီးရှီးဒါးက အခုလို ဖြေခဲ့တာလို့ သိရပါတယ်။
မြန်မာ့အရေးဟာ အာဆီယံညီညွတ်ရေးအတွက် အမြဲတမ်းပြဿနာတစ်ရပ်ဖြစ်ခဲ့ပြီး ဒီကိစ္စပြေလည်းရေးဟာ အာဆီယံအတွက်အရေးပါတယ်လို့လည်း သူက ပြောပါတယ်။
“ဒီမိုကရေစီ၊ လွတ်လပ်ခွင့်၊ စျေးကွက်စီးပွားရေးစနစ်နဲ့ တရားဥပဒေစိုးမိုးရေး စတဲ့ စံတန်ဖိုးတွေကို ယုံကြည်လိုက်နာကြတဲ့ နိုင်ငံတွေအနေနဲ့ ဒေသအလိုက်၊ ကိစ္စရပ်အလိုက် အတူပူးပေါင်း ဖြေရှင်းဖို့ဟာ အရင်ကထက် ပိုပြီး အရေးကြီးလာတယ်။ ဒါ့ကြောင့် အာဆီယံမူဘောင်နဲ့ အာဆီယံဂျပန် ပူးပေါင်းဆောင်ရွက်ရေးတွေဟာလည်း ပိုအရေးကြီးလာပါတယ်။”
လက်ရှိ ဂျပန် ပြည်သူ့ လွတ်တော်အမတ်လည်းဖြစ်၊ လက်ရှိအာဏာရ ဂျပန်လေဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်လည်း ဖြစ်တဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း မစ္စတာ ကီရှီးဒါးဟာ လာမယ့် ၂၀၂၇ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ ဖြစ်လာမယ့် စင်္ကာပူနိုင်ငံရဲ့ အကြီအကဲဖြစ်သူ ဝန်ကြီးချုပ် လောရင့် ဝေါင်း (Lawrence Wong) နဲ့လည်း ဘန်ကောက်ခရီးစဥ်မတိုင်ခင် ဝင်ရောက် တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်၊။
ဂျပန်ဝန်ကြီးချုပ် ကာရှီဒါးဟာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ဂျပန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့တဲ့ အာစီယံထိပ်သီးအစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။
မစ္စတာကီရှီးဒါဟာ ဝန်ကြီးချုပ်မဖြစ်ခင် ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံကို နောက်ဆုံးရောက်ခဲ့ပြီး လုပ်အကိုင်ဖန်တီးရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး စတဲ့ ကဏ္ဍ ၇ ခုမှာ ကူညီမယ့်အကြောင်း ပြောကြားခဲ့ဖူးသလို၊ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံခရီးစဥ်မှာလည်း မြန်မာနိုင်ငံက မဟာဓာတ်အားပေးလိုင်း တည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံက ကူညီရာမှာ ပါဝင်ခဲ့ဖူးပါတယ်။
