မြန်မာနိုင်ငံကို ကဏ္ဍ ၇ ခုမှာ ဂျပန် အစိုးရ ကူညီမည်


2016.05.03
japan-foreign-minister-dassk-620.jpg ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida ကို မေလ ၃ ရက်နေ့က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံး မှာ ကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

မြန်မာအစိုးရ အလေးအနက်ထား ဆောင်ရွက်နေတဲ့ အလုပ်အကိုင်ဖန်တီးရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး စတဲ့ ကဏ္ဍ ၇ ခုမှာ ဂျပန်အစိုးရက ကူညီပေးသွားမှာဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က ပြောပါတယ်။

ဒီနေ့ နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က စကားပြန် ကတဆင့် ပြောကြားခဲ့တာဖြစ်ပါတယ်။

"မြန်မာနိုင်ငံဟာ အထူးသဖြင့် မြန်မာအစိုးရသစ်အနေနဲ့ အလေးအနက်ထားပြီးတော့ဆောင်ရွက် နေတွင် အလုပ်အကိုင်၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံတည် ဆောက်ရေး၊ ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေး၊ အစရှိတဲ့ကဏ္ဍတွေမှာ အစွမ်းကုန်ထောက်ပံ့ကူညီသွား မှာဖြစ်ပါတယ်၊ ဒါအပြင့် မြန်မာပြည်သူ၊ ပြည်သားရော လုပ်ငန်းရှင်တွေပါ နှစ်ဖက်စလုံးက အကျိုး ခံစားနိုင်ရန် ညီညီညွတ်ညွတ်နဲ့ အတူတကွ လက်တွဲပြီး တည်ဆောက်သွား မှာဖြစ်ပါတယ်"

သတင်းစာရှင်းလင်းပွဲမှာ ဂျပန်သတင်းထောက်တစ်ဦးက မြန်မာနိုင်ငံအပေါ် ဂျပန်နိုင်ငံရဲ့ ဆက်ဆံရေးနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေး မတူတဲ့အပေါ် ဘယ်လိုမြင်လဲလို့ ဒေါ်အောင်ဆန်းစုကြည် ကို မေးမြန်းရာ ဂျပန်နိုင်ငံသူ နိုင်ငံသားတွေရဲ့ စေတနာ မေတ္တာကို အမြဲတမ်းတန်ဖိုးထားပြီး ကျေးဇူးတင်နေ မှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"အနောက်နိုင်ငံအနေနဲ့ မတူဘူးဆိုတာ သဘာဝကျပါတယ်၊ မတူခြင်းကိုလည်း ကျမတို့လက်ခံပါတယ်၊ ဒီမိုကရေစီကို ယုံကြည်တယ်ဆိုရင် မတူကွဲပြားမှုကို လက်ခံနိုင်ရမယ်၊ မတူကွဲပြားမှုတွေမှာ အခြေခံပြီးတော့ ကျမတို့က တစ်ယောက်နဲ့ တစ်ယောက်ဆွေးနွေးတိုင်ပင်ပြီးတော့ ပြေလည်အောင်လုပ်ခဲ့တာကြာပါပြီ၊ အထူးသဖြင့်တော့ ဘယ်လိုပဲပြောပြော ဂျပန်နိုင်ငံသူ၊ နိုင်ငံသားတွေများဟာ ကျမနဲ့ ကျမရဲ့လှုပ်ရှားမှုများအပေါ်မှာ အင်မတန်မှ စေတနာ၊ မေတ္တာတွေထားခဲ့ တာကြောင့် အမြဲတမ်း ကျမတို့ဒါကို တန်ဖိုးထားပြီးတော့ ကျေးဇူးတင်နေမှာ ဖြစ်ပါတယ်"

မြန်မာနိုင်ငံမှာ အစိုးရသစ်ကဦးဆောင်ပြီး ဖော်ဆောင်နေတဲ့ ဒီမိုကရေစီဖော်ဆောင်ရေး ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဂျပန်အစိုးရနဲ့ ပုဂ္ဂလိကတွေက ပူးပေါင်းပါဝင် သွားမှာဖြစ်ပြီး နိုင်ငံတကာစိန်ခေါ်မှုတွေကိုလည်း ပူးပေါင်းဆောင်ရွက်ကြဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောတူညီချက် ရရှိပြီးဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက  ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အများပြည်သူထောက်ခံမှုကို ရယူပြီး သမိုင်းဝင်တဲ့ အာဏာလွဲှပြောင်းမှုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက် မြန်မာပြည်သူတွေကို လေးစားမိကြောင်းနဲ့  အများပြည်သူထောက်ခံမှုနဲ့ဖွဲ့စည်းထားတဲ့ အစိုးရဖြစ်တဲ့အတွက် အရင်အစိုးရလက်ထက် ထက်ပိုပြီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က NLD ပါတီဥက္ကဌ အနေနဲ့ ဂျပန်နိုင်ငံကို လာရောက်လည်ပတ် ပြီးဖြစ်ပေမယ့် နောက်တစ်ကြိမ်ထပ်မံလာရောက် လည်ပတ်ဖို့ ဂျပန်နိုင်ငံက ဖိတ်ခေါ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida ဟာ သမ္မတအိမ်တော်မှာ နိုင်ငံတော် သမ္မတနဲ့ တွေ့ဆုံခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။