စစ်တပ်ခန့်အစိုးရခေါင်းဆောင် သမ္မတ ဦးမင်းအောင်လှိုင်ဟာ အောက်တိုဘာ ၇ ရက်နေ့နဲ့ ၈ ရက်နေ့မှာ မလေးရှားနိုင်ငံကိုသွားရောက်ခဲ့ပြီး ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သလို နှစ်နိုင်ငံဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်အဖွဲ့တွေကြားမှာလည်း ဆွေးနွေးခဲ့ပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က သူ့အနေနဲ့ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ပြည်တွင်းရေးကိစ္စတွေအပေါ် မလေးရှားရဲ့ စိုးရိမ်ချက်တွေကို ပွင့်ပွင့်လင်းလင်းပြောခဲ့တယ်လို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
အဲဒီအပြင် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က “ကျွန်တော်တို့ မလေးရှားနိုင်ငံအနေနဲ့ အခုလိုပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်သွားမှာဖြစ်သလို၊ အာဆီယံရဲ့ မူဘောင်ထဲကပဲ မြန်မာနိုင်ငံကိုခွဲခြားမှုမရှိဘဲ နိုင်ငံတကာမိသားစုဝင်အနေနဲ့ အပြည့်အဝပြန်ပြီး ပါဝင်လာနိုင်စေဖို့အတွက် ဖြစ်နိုင်သမျှအရာအားလုံးကို အစွမ်းကုန်လုပ်ဆောင်သွားမယ်ဆိုတာ ကျွန်တော်ပြောပါရစေ” လို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာထည့်သွင်း ပြောဆိုလိုက်ပါတယ်။
ခရီးစဥ်အတွင်းမှာ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ စိုက်ပျိုးရေးနဲ့ အစားအသောက်ကဏ္ဍ၊ စွမ်းအင်၊ ကျန်းမာရေးနဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ မလေးရှားမှာ တရားမဝင်နေထိုင်မှုနဲ့ထိန်းသိမ်းခံနေရတဲ့ မြန်မာနိုင်ငံသားတွေ ပြန်ပို့ဆောင်ရေးကိုလည်းဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေကိုပြန်ပို့ရေးကိစ္စက မလေးရှားပြည်တွင်းနိုင်ငံရေးမှာအရေးပါလာတဲ့အတွက် ဦးမင်းအောင်လှိုင်ရဲ့ အခုခရီးစဉ်ဖြစ်လာတာလို့ အာဆီယံအရေးလေ့လာသူ ဦးဝင်းမင်းက သုံးသပ်ပါ တယ်။
“မလေးရှားနိုင်ငံမှာ ရှိနေကြတဲ့ ဒီဒုက္ခသည်တွေအပေါ်မှာ ကိုင်တွယ်မှုအနေနဲ့ ဆိုလို့ရှိရင် မလေးရှားနိုင်ငံရဲ့ ရွေးကောက်ပွဲအပေါ်၊ မလေးရှားနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးအပေါ်မှာ ပိုမိုပြီးတော့ ရိုက်ခတ်လာနေတယ်ဆိုတဲ့ ဥစ္စာမျိုးတွေ့ရတယ်ပေါ့။ ဒီပြည်တွင်းနိုင်ငံရေး မဲဆွယ်၊ ပြည်တွင်းနိုင်ငံရေး မဲရနိုင်ဖို့အတွက် ဆောင်ရွက်နေတဲ့အရာလို့တော့ ကျွန်တော်ကနားလည်ထားပါတယ်”
တဖက်မှာလည်း ဒီခရီးစဉ်ဟာ ဦးမင်းအောင်လှိုင်အတွက် အကျိုးအမြတ်ထွက်သွားတယ်လို့ သူကပြောပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကတော့ ဦးမင်းအောင်လှိုင်ကို နိုင်ငံ့ ခေါင်းဆောင်အဆင့်နဲ့ တရားဝင်ခရီးစဉ်အဖြစ် လက်ခံတာဟာ စစ်တပ်ခန့်အစိုးရရဲ့ လူ့အခွင့်အရေးချိုး ဖောက်မှု တွေအပေါ် နိုင်ငံရေးအရ တရားဝင်မှုနဲ့ ထောက်ခံမှုပေးရာရောက်နိုင်တယ်လို့ အောက်တိုဘာလ ၈ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီးပြောဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံကိုရောက်နေတဲ့ အောက်တိုဘာလ ၇ ရက်နေ့မှာ မြန်မာအလုပ်သမားတွေဟာ တစ်ရက်တာအလုပ်မဆင်းတဲ့ သပိတ်မှောက် ခဲ့ပြီး ကွာလာလမ်ပူ၊ ပီနန်း၊ အီပေါနဲ့ ဂျိုဟိုးတို့က စက်ရုံတွေမှာလည်း မြန်မာအလုပ်သမားတွေ ပါဝင်ခဲ့ပါတယ်။ အောက်တိုဘာလ ၈ ရက်နေ့ ဦးမင်းအောင်လှိုင်နဲ့ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်တို့ တွေ့ဆုံနေချိန်မှာလည်း မလေးရှားရောက်မြန်မာတွေနဲ့ မလေးရှားနိုင်ငံ သား တက်ကြွလှုပ်ရှားသူတွေပူးပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။
စစ်တပ်အရာရှိဟောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးကတော့ မလေးရှားနဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်တာဟာ ဦးမင်းအောင်လှိုင်အတွက် အောင်မြင်မှုတစ်ခုလို့ပြောပါတယ်။
“မလေးရှားဟာ မြန်မာအတွက် ဒုတိယ ထိုင်း ဖြစ်နေတယ်။ အဲဒီတော့ မြန်မာနဲ့ ဆက်ဆံရေးမူက အဓိကကျတယ်လို့ သူယူဆပုံရပါတယ်။ ဒါကြောင့်မို့လို့ ဒီ မဖြစ်မနေ ပြန်လည် ထူထောင်တာဖြစ်တယ်။ အဲဒီကမှတစ်ဆင့် တဖြည်းဖြည်းနဲ့ အာဆီယံထဲမှာ ပြန့်ပွားသွားမယ်လို့ ယူဆတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ နိုင်ငံတော်သမ္မတအတွက် အောင်မြင်မှုတစ်ခုလို့ ပြောနိုင်ပါတယ်”
၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံသား ၁၀,၄၉၃ ဦးကို လေယာဉ်တွေ၊ ရေတပ်သင်္ဘောတွေနဲ့ ပြန်ပို့ ထားပြီးပြီ ဖြစ်သလို ကျန်နေတဲ့သူတွေကိုလည်း နိုင်ငံသားဖြစ်မှုနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ စိစစ်ပြီး သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်ပို့မယ်လို့ မလေးရှားဝန်ကြီးချုပ်ကပြောပါတယ်။
ဦးမင်းအောင်လှိုင်ကလည်း မလေးရှားက ထိန်းသိမ်းရေးစခန်းတွေမှာ ကျန်နေသေးတဲ့ မြန်မာနိုင်ငံသားတွေကို အမြန်ဆုံးပြန်ခေါ်နိုင်ဖို့ကြိုးပမ်းမယ်လို့ပြောပါတယ်။
မလေးရှားနိုင်ငံမှာကြုံတွေ့နေရတဲ့ ဒုက္ခသည်ပြဿနာကို ဒီနည်းနဲ့ဖြေရှင်းလို့ မပြေလည်နိုင်ဘူးလို့ မလေးရှား အခြေစိုက် Myanmar Affairs Alliance (MAA) အဖွဲ့ရဲ့ တာဝန်ရှိသူ မာရီယို (Mario) က ပြောပါတယ်။
“ကျနော်တို့ မြန်မာနိုင်ငံက ထုတ်လုပ်လိုက်တဲ့ ဒုက္ခသည်တွေ ဖြစ်နေတယ်။ ပထမ ရိုဟင်ဂျာ၊ နောက်တစ်ခါကျ တော့ တိုင်းရင်းသားအားလုံးဟာ ဒုက္ခသည်ဘဝကို ရောက်နေကြရပါတယ်။ အဲဒီလို ရောက်လာတဲ့အနေအထား မှာလည်း ဒုက္ခသည်အရေးကို ဖြေရှင်းဖို့ဆိုပြီးတော့ ဒုက္ခသည်ထုတ်လုပ်တဲ့ စက်ရုံပိုင်ရှင်ကြီးနဲ့ပဲ သွားသွား တွေ့နေတာတော့ အဆင်မပြေဘူး”
မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) အမှုဆောင် ဒါရိုက်တာ ဦးကျော်ဝင်းကလည်း မြန်မာနိုင်ငံသားတွေ မလေးရှားနိုင်ငံကိုရောက်သွားတဲ့အကြောင်းရင်းကိုမဖြေရှင်းဘဲ ပြန်ပို့တာဟာ ပြဿနာပြေလည်သွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။
“အဓိကအကြောင်းအရင်းကို မကိုင်တွယ်ဘဲနဲ့ မီးထဲမှာ နောက်ထပ်ထင်းထည့်ပြီးတော့ ဒီမီးကို မွေးပြီးတော့မှ ဒီပြဿနာ ပြေလည်မယ်ဆိုရင်တော့ ဒါ တော်တော်လေးအတွေးအခေါ်မှားတယ်လို့ မြင်တယ်”
ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ စစ်ပွဲနဲ့ လူ့အခွင့်အရေးအခြေအနေ ဆိုးရွားနေတဲ့ မြန်မာနိုင်ငံကို ဒုက္ခသည်တွေပြန်ပို့တာနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ပြောထားကြပြီး၊ နောက်ထပ်ပြန်ပို့တာတွေကို ရပ်တန့်ဖို့ မလေးရှားအစိုးရကို တောင်းဆိုထားကြပါတယ်။
မလေးရှား UNHCR ရုံးရဲ့ မှတ်တမ်းတွေအရ မြန်မာနိုင်ငံသား ၁၉၃,၀၀၀ ကျော်ကို ဒုက္ခသည်အဖြစ် မလေးရှားနိုင်ငံက လက်ခံခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလကုန်အထိ ရိုဟင်ဂျာ ဒုက္ခသည် ၁၂၆,၀၀၀ ခန့်ကို ဒုက္ခသည်မှတ်ပုံတင် ထုတ်ပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။
