စစ်အာဏာသိမ်း ၅ နှစ်အပြည့် မိခင်ဖြစ်သူကို အမြန်ပြန်လွှတ်ပေးဖို့ ကိုထိန်လင်းတောင်းဆို

စစ်ခေါင်းဆောင်ရဲ့ လောဘ၊ စိတ်ထားသေးသိမ်မှုနဲ့ အဆင်အခြင်နည်းတဲ့ လုပ်ရပ်က နိုင်ငံကို ငရဲတွင်းထဲ ဆွဲချခဲ့တာဖြစ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ စစ်တပ်အာဏာသိမ်းခံရတာ ၅ နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပြီး ပြည်သူတွေရဲ့ ဆန္ဒတွေ၊ ပြည်သူ့အသံတွေနဲ့ အနာဂတ်တွေ စစ်အာဏာရှင်တွေက လုယက်သွားခဲ့တာလည်း ၅ နှစ်ပြည့်ပါပြီး ဖမ်းဆီးအကျဥ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်တဲ့ ကင်အဲရစ်ခေါ် ကိုထိန်လင်းက ပြောကြားလိုက်ပါတယ်။

စစ်အာဏာသိမ်း ၅ နှစ်ပြည့်မှာ ဖြန့်လိုက်တဲ့ ဗီဒီယိုမှာ ကိုထိန်လင်းက သူ့မိခင် ဒေါ်အောင်ဆန်စုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားထောင်ပေါင်းများစွာကို မတရားဖမ်းဆီးထားပြီး တလောကလုံးရဲ့ အဝေးမှာ ဖုံးဖွက်ထား တာလည်း ၅နှစ်ပြည့်ပြီဖြစ်ကြောင်း၊ ၅ နှစ်တာကာလမှာ စစ်အာဏာရှင်တွေဟာ ရက်စက်ကြမ်းကြုတ်စွာ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ပြီး တစ်နိုင်ငံလုံး ကျီးလန့်စာစား ဘဝရောက်အောင် ဖျက်ဆီးခဲ့ကြကြောင်း ဒါဟာ တိုင်းပြည်ကို အုပ်ချုပ်တာမဟုတ်ဘဲ တနိုင်ငံလုံးကို အနိုင်ကျင့်ဖိနှိပ်နေသာတာ ဖြစ်‌ကြောင်းလည်း ကိုထိန်လင်းက ပြောပါတယ်။

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆန္ဒအမှန်ဟာ မြန်မာပြည်သူတွေ ဂုဏ်သိက္ခာရှိရှိနေထိုင်နိုင်ဖို့၊ ၊ လူနေမှု အဆင့်အတန်း၊ ကျန်းမာရေး၊ ပညာရေးနဲ့ အားလုံးအတွက်အခွင့်အလမ်းတွေ တိုးတက်ကောင်းမွန်လာစေဖို့သာ ဖြစ်ကြောင်း၊ ဒီအတွက် သူ့ဘဝကြီးတခုလုံး ရင်းနှီးမြုပ်နှံခဲ့ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လောဘ၊ စိတ်ထားသေးးသိမ်မှုနဲ့ အဆင်အခြင်နည်းတဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံကို ငရဲထဲ ဆွဲချခံခဲ့ရတာဖြစ်ကြောင်း၊ အခု စစ်ကော်မရှင် ရွေးကောက်ပွဲဟာ တရားဝင်မှုကို အတင်းဖန်တီးယူတဲ့ အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်ကြောင်း၊ ၅ နှစ်ဆိုတာ ကြာလှတဲ့ကာလဖြစ်လို့ မိခင်နဲ့တကွ နိုင်ငံရေးအကျဥ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးပြီး လွပ်လပ်ရေး ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးအတွက် ရပ်တည်ပေးပါလို့လည်း ကိုထိန်လင်းက တောင်းဆိုထားပါတယ်။