ကယားနဲ့ ပဲခူးအတွက် ရေဘေးအကူအညီ စစ်ကောင်စီပိတ်ပင်မှုတွေ ရှိနေ

RFA Burmese
2024.09.18
ကယားနဲ့ ပဲခူးအတွက် ရေဘေးအကူအညီ စစ်ကောင်စီပိတ်ပင်မှုတွေ ရှိနေ ပဲခူးတိုင်း၊ တောင်ငူမြို့က ရေဘေးသင့်သူတွေကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့က ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည်ကို တွေ့ရစဉ်။
AFP

ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေဘေးကြုံနေရတဲ့အထဲက ကယားပြည်နယ် (ကရင်နီပြည်) နဲ့ ပဲခူးတိုင်းက ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့မဲ့ ရိက္ခာပစ္စည်းတွေကို စစ်ကောင်စီတပ်က သယ်ယူခွင့်မပြုဘဲ ကန့်သတ်ပိတ်ပင်တာတွေရှိနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ရှားတော၊ ဖားဆောင်း၊ ဖရူဆိုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွေက ရေဘေးကြုံနေရတဲ့ စစ်ဘေးဒုက္ခသည်နဲ့ ဒေသခံ သုံးသောင်းကျော် အကူအညီတွေ လိုအပ်နေပေမဲ့ စစ်ကောင်စီတပ်က ကန့်သတ်ထားတာကြောင့် ဒီနေ့အထိ အကူအညီတွေ မရသေးဘူးလို့ ဆိုပါတယ်။

"ရေကြီးတာက သာမန်ရေကြီးတာထက် သုံးလေးဆ ရေကြီးနေတဲ့ အနေအထားပေါ့“

လွိုင်ကော်မြို့ပေါ်က ရေဘေးကြုံနေရသူတွေကို သွားရောက်ကူညီရာမှာ မြို့အဝင်မှာရှိတဲ့ စစ်ကောင်စီတပ်က တားဆီးခဲ့တာကြောင့် ပြန်လှည့်ခဲ့ရတယ်လို့ ကယားပြည်နယ်မှာ ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“မြို့ပေါ်မှာနေတဲ့ အုပ်စုတွေကို ကျွန်တော်တို့ ကူညီဖို့သွားတဲ့အချိန်မှာ ၅၃၀ တပ်လို့ခေါ်တဲ့ တောင်ကြီးကနေလာရင် လွိုင်ကော်အဝင်ဂိတ်ပေါ့။ အဲဒီမှာ စကစတွေက ပြန်လှည့်ခိုင်းတာမျိုး အကူအညီတွေကို ပေးမဝင်တာမျိုးတွေ တားမြစ်ထားတာရှိတော့။ အဲဒီကနေပြီး တော်တော်များများ ပြန်လှည့်သွားတာရှိတယ်"

ဒါ့အပြင် လွိုင်ကော်၊ ဒီးမော့ဆို၊ ရှားတော၊ ဖားဆောင်း၊ ဖရူဆိုနဲ့ ဖယ်ခုံမြို့နယ်က ရေဘေးဒုက္ခသည်တွေအတွက် ပြည်တွင်းနဲ့ နိုင်ငံတကာ အကူအညီတွေ ဒီနေ့အထိ အကူအညီလိုအပ်နေသူတွေဆီ မရောက်သေးဘူးလို့ ဆိုပါတယ်။


ဆက်နွှယ်သော သတင်းများ

အင်းလေးမှာ ရွာပေါင်း ၁၇၀ ကျော် ရေမြုပ်ပြီး လူနှစ်သောင်းကျော် အရေးပေါ် အကူအညီလိုနေ

မုန်တိုင်းကြောင့်သေဆုံးသူ မြန်မာက ဒုတိယဖြစ်ပြီး ပျောက်ဆုံးသူ အများဆုံးဖြစ်နေ

နိုင်ငံတစ်ဝန်း လူ ခြောက်သိန်းကျော် ရေဘေးသင့်ကြောင်း UNOCHA ပြော


အဲဒီနေရာတွေဟာ KNDF နဲ့ KA အဖွဲ့တွေ စိုးမိုးတဲ့နေရာတွေဖြစ်ပြီး အရင်ကတည်းက ဘယ်လိုရိက္ခာမျိုးမှ သယ်ယူခွင့်မပြုဘဲ ပိတ်ဆို့ထားတာကြောင့် လက်ရှိရေဘေး ကြုံနေရသူတွေအတွက် ပိုခက်ခဲနေရတာပါ။

စက်တင်ဘာလ ၆ ရက်နေ့ကတည်းက မိုးများပြီး တောင်ကျချောင်းရေ ကြီးလာသလို မိုးဗြဲဆည်ကိုပါ ဖောက်ချလိုက်တာကြောင့် ကယားပြည်နယ်နဲ့ ကယားနဲ့ရှမ်းပြည်နယ်အစပ်က မြို့တွေမှာ ပုံမှန်ထက်ရေကြီးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖယ်ခုံဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီက နဂို ဟိုအရင်ကတည်းက ပုံမှန်လွှတ်ချရင်တော့ ပြဿနာမရှိဘူး။ တစ်လေးလုံးဖြစ်ကတည်းက အဲဒီမိုးဗြဲရေကာတာကို ပိတ်ချလိုက်တာ လုံးဝ ရေမလွှတ်တာလေ။ ရှစ်လ၊ ကိုးလလောက်အထိက အဲဒီ ရေလှောင်ကန်ထဲမှာ ရေတွေက ပြည့်လျှံနေတာ။ ပြီးခဲ့တဲ့လမှ ရုတ်တရက် ဖွင့်ချလိုက်တာ။ တစ်ပတ်နှစ်ပတ်နေတော့ ပြန်ပိတ်ချလိုက်တယ်။ အခု ပြန်ဖွင့်တယ်ပေါ့နော်၊ မိုးလည်းထပ်ကြီးတော့။ ရေကြီးတာက သာမန်ရေကြီးတာထက် သုံးလေးဆ ရေကြီးနေတဲ့ အနေထားပေါ့“

အင်းလေးကန်မှာလည်း လက်ရှိအထိ ရေကြီးနေပြီး အဲဒီရေတွေဟာ မိုးဗြဲဆည်ထဲကို အဓိက စီးဝင်နေတာကြောင့် ကယားပြည်နယ်မှာလည်း နောက်နှစ်လခန့် ရေဆက်ကြီးနိုင်တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ရွာပေါင်းတစ်ရာကျော်က ဒေသခံ နှစ်သောင်းကျော်လည်း ဒီနေ့အထိ ကူညီထောက်ပံ့ရေးမရတာကြောင့် ဒုက္ခရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေနစ်မြုပ်နေပေမဲ့ ပြောင်းရွှေ့ဖို့ အခက်အခဲဖြစ်နေသလို အကူအညီတွေလည်း လာလို့မရဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေကျင်မြို့၊ လက်ကောက်ဝ ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီ တပ်စွဲထားတဲ့ဟာနဲ့ KNU တွေက သူတို့ရဲ့ နယ်မြေအခြေအနေအရ သူတို့ ပိတ်ထားတဲ့နေရာတွေဆိုတော့ ရွှေ့ပြောင်းရတာ အဆင်မပြေဘူးပေါ့။ ဘယ်ကမှ လာလို့မရဘူး။ လာမယ်ဆိုရင်လည်း ပိတ်ထားတဲ့ နေရာတွေချည်းပဲ။ ရေဖြူကန်ဘက်က လာမယ်ဆိုလည်း ပိတ်ထားတယ်။ သိမ်ဇလုပ်ဘက်ကလည်း ပိတ်ထားတယ်။ အဲလိုမျိုး အပိတ်တွေချည်းပဲဆိုတော့ ဒီဘက်ကို ဘယ်လိုမှ လာလို့မရဘူး။ ပြည်သူတွေကတော့ သွားလို့ရတုန်းက စုဆောင်းထားတဲ့ စားနပ်ရိက္ခာလေးတွေနဲ့ပဲ ဝေစားမျှစားကြတာ"

ပဲခူးတိုင်း ရေတာရှည်၊ ဖြူးနဲ့ ရွှေကျင်မြို့နယ်ထဲက စစ်တောင်းမြစ် အရှေ့ခြမ်းရွာတွေမှာ ရေဆက်ကြီးနေသလို ဒီနေ့မှာလည်း ‌ရေနှစ်ပေခန့် ထပ်ပြီးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းဟာ ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့နေရာတွေဖြစ်ပြီး အဲဒီဒေသအများစုကို ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ စိုးမိုးထားတာပါ။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က ရေဘေးဒုက္ခကြုံတွေ့နေသူများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူမှုကူညီရေးအဖွဲ့တွေ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေစဉ်။ (Photo : Kyaw Thu Ya)
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က ရေဘေးဒုက္ခကြုံတွေ့နေသူများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူမှုကူညီရေးအဖွဲ့တွေ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေစဉ်။ (Photo : Kyaw Thu Ya)

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကတော့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံက ရေဘေးကြုံနေရသူတွေကို နယ်စပ်ဖြတ်ကျော် အကူအညီပေးကြဖို့နဲ့ စစ်ကောင်စီအပြင် EAOs၊ PDFs တွေနဲ့ပါ ညှိနှိုင်းပြီး အကူအညီတွေဖြန့်ဝေဖို့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကတော့ EAOs နဲ့ PDFs တွေ စိုးမိုးမှုရှိတဲ့ ဒေသက ရေဘေးဒုက္ခသည်တွေအတွက် အကူအညီ အထောက်ပံ့တွေကို စစ်ရေးခေါင်းစဉ်အောက်ကနေ တားဆီးပိတ်မှုတွေ လုပ်ဆောင်နေတာပါ။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

အာဆီယံ အပါအဝင် နိုင်ငံအချို့ကတော့ မြန်မာနိုင်ငံက ရေဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးဖို့ အသီးသီး ထုတ်ပြန်ထားပြီး အိန္ဒိယနဲ့ တောင်ကိုရီးယားနိုင်ငံကလည်း အကူအညီတွေကို မြန်မာပြည်ထံ ပို့ဆောင်ပေးနေပြီလို့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ နိုင်ငံတကာကပေးမဲ့ ရေဘေးအတွက် အကူအညီတွေကို လူသားချင်း စာနာထောက်ထားရေးအဖွဲ့တွေထံ တိုက်ရိုက်ကူညီပံ့ပိုးဖို့ မနေ့ကပဲ တောင်းဆိုထားပါတယ်။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က ရေဘေးဒုက္ခကြုံတွေ့နေသူများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့ညက လူမှုကူညီရေးအဖွဲ့တွေ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေစဉ်။ (Photo : Kyaw Thu Ya)
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က ရေဘေးဒုက္ခကြုံတွေ့နေသူများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့ညက လူမှုကူညီရေးအဖွဲ့တွေ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေစဉ်။ (Photo : Kyaw Thu Ya)

RFA က စက်တင်ဘာလ ၉ ရက်နေ့ကနေ ၁၈ ရက် ဒီနေ့အထိ ပြုစုထားတဲ့ စာရင်းအရ တိုင်းနဲ့ပြည်နယ်ခြောက်ခုက မြို့နယ် ၁၅ ခုမှာ ရေကြီး၊ မြေပြိုမှုတွေကြောင့် လူပေါင်း ၂၈၀ အထိ သေဆုံးခဲ့ပြီး နှစ်ရာထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်သလို မြေပြင်မှာ ဒီအရေအတွက်ထက် များနိုင်ပါတယ်။

စစ်ကောင်စီကတော့ စက်တင်ဘာလ ၁၆ ရက်ညနေပိုင်းအထိ နိုင်ငံတစ်ဝန်းမှာ ရေဘေးကြောင့် သေဆုံးသူ ၂၂၆ ဦးနဲ့ ပျောက်ဆုံးနေသူ ၇၇ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ တိုင်းနဲ့ ပြည်နယ် ကိုးခုက ၅၉ မြို့နယ်မှာ မိုးကြီးရေလွှမ်းမိုးမှုကြောင့် ရေဘေးသင့်သူ ခြောက်သိန်းကျော် (၆၃၁,၀၀၀) ရှိနိုင်ကြောင်း စက်တင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။