လားရှိုးတိုင်းစစ်ဌာနချုပ် သိမ်းခံရမှု စစ်ကောင်စီကို ခြိမ်းခြောက်လာနိုင်

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2024.08.03
လားရှိုးတိုင်းစစ်ဌာနချုပ် သိမ်းခံရမှု စစ်ကောင်စီကို ခြိမ်းခြောက်လာနိုင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှေ့တွင် တွေ့ရသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ဝင်များကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Kokang Info

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးမှာ ကိုးကန့်တပ်မတော် (MNDAA) ပါဝင်ပြီး ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို တိုက်ခိုက်တဲ့ တစ်လပြည်တဲ့နေ့မှာပဲ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို သိမ်းယူနိုင်ခဲ့တာပါ။ ဒါဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် မြန်မာစစ်တပ်သမိုင်းမှာ ပထမဆုံး တိုင်းစစ်ဌာနချုပ်သိမ်းခံရတာပါ။

ရမခ စစ်ဌာနချုပ်ကို အပြီးသတ်ထိန်းချုပ်နိုင်ပြီလို့ MNDAA က ကြေညာထားသလို လားရှိုးမြို့ခံတွေ၊ စစ်ရေးနိုင်ငံရေးလေ့လာသူတွေနဲ့ စစ်ရေးအရင်းအမြစ်တွေနဲ့ နီးစပ်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တပ်မတော်သားတွေကလည်း အတည်ပြုကြပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ဟာ စစ်ကောင်တပ်ရဲ့ စစ်တိုင်း ၁၄ ခုထဲမှာ တတိယမြောက် အကြီးဆုံးဖြစ်သလို အစဉ်အလာကြီးတဲ့ တိုင်းစစ်ဌာနချုပ်လည်း ဖြစ်ပါတယ်။ ဒီလို့ အစဉ်အလာကြီးတဲ့ တိုင်းစစ်ဌာနချုပ်သိမ်းခံရတာက လက်ရှိ ကာကွယ်ရေးဦးစီးချုပ်လက်ထက်မှာ အစဉ်အလာပျက်သွားတာလို့ CDM ဗိုလ်ကြီးဇင်ယော်က RFA ကို ပြောပါတယ်။

"စစ်တိုင်း ၁၄ တိုင်းရှိတဲ့အထဲမှာ ကျွန်တော်တို့က စစ်အင်္ဂါစဉ်အရ တတိမြောက်အကြီးဆုံး တိုင်းစစ်ဌာနချုပ်လို့ ပြောလို့ရတယ်၊ နေပြည်တော်စစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပြီးရင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ပဲ၊ ပြီးတော့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဆိုတာ စစ်ကောင်စီသမိုင်းမှာ တစ်ချိန်တုန်းကပေါ့နော် တရုတ်ဖြူတပ်တွေ၊ ပြီးရင် များပြားလာတဲ့ လက်နက်ကိုင်တပ်တွေနဲ့ ထိတွေတိုက်ပွဲတွေမှာ အောင်မြင်မှုတွေ ရခဲ့တယ်၊ အခုတော့ နေဝန်းနီလို့ခေါ်တဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ဟာ MNDAA နဲ့ ပူးပေါင်းတပ်တွေထဲ ကျရောက်သွားပြီဖြစ်ပါတယ်၊ ဒါဟာ တပ်ချုပ်မင်းအောင်လှိုင်လက်ထက်ကျမှ စစ်တပ်ရဲ့ အစဉ်အလာ ပျက်သုန်းသွားခြင်း ဖြစ်ပါတယ်"

ဒီစစ်ဌာနချုပ်ဟာ သက်တမ်းရင့် ဌာနချုပ်တစ်ခုဖြစ်သလို ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ကမှ ၅၂ နှစ် ပြည့်ခဲ့တာပါ။

အခုလို တိုင်းစစ်ဌာနချုပ်ကျရတာက အာဏာသိမ်းတာကို အောက်ခြေက လက်မခံတာကြောင့်လို့ ရှမ်းပြည် နိုင်ငံရေး၊ စစ်ရေးလေ့လာသူ ဆိုရ်ဒါင်းက သုံးသပ်ပါတယ်။

"ဒီအစဉ်အလာကြီးတဲ့ တိုင်းစစ်ဌာနချုပ်တစ်ခု ကျသွားတယ်ဆိုတာက မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းယူမှုရယ်၊ ပြီးတော့ စစ်ကောင်စီအုပ်စုရဲ့ ခြောက်လသက်တမ်းတိုး ဆက်တိုက်လုပ်ဆောင်နေတဲ့အပေါ် သူရဲ့ လက်အောက်ခံတွေက လက်မခံဘူးဆိုတာ သိသာထင်ရှားနေပါတယ်၊ ဒီတိုင်းသာ မင်းအောင်လှိုင် ဆက်တိုးမယ်ဆိုရင် တိုင်းစစ်ဌာနချုပ် တစ်ခုပြီးတစ်ခု အနှေးနဲ့အမြန် ကျမှာပဲလို့ သုံးသပ်လို့ ရပါတယ်"

MNDAA က ဇူလိုင်၂၅ ရက်နေ့ကတည်းက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီဘက်ကတော့ ငြင်းဆိုခဲ့ပါတယ်။ ဒီနေ့သိမ်းယူခံရတာနဲ့ ပတ်သက်ပြီးလည်း စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

လားရှိုးမှာ စစ်ကောင်စီတပ်နဲ့ MNDAA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေသလို UWSA "ဝ" တပ်တွေလည်း ရှိနေတာပါ။

ဇူလိုင် ၂၃ ရက်နေ့ကတည်းက စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အပါအဝင် အဲဒီအနီးမှာ ရှိတဲ့ ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်ရင်း (ထပရ) - ၆၂၆ တပ်ရင်း၊ ကုတင် (၁၀၀) ဆေးတပ်ရင်းနေရာတွေကို MNDAA က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ရမခ တိုင်းစစ်ဌာနချုပ်ရဲ့ တပ်မတော်ဆေးရုံမှာ ဒဏ်ရာရရှိနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ သူတို့မိသားစုဝင်တွေအပါအဝင် သုံ့ပန်းငါးရာနီးပါးကို ဩဂုတ်လ ၁ ရက်နေ့က ကိုးကန့်က ဖမ်းဆီးရမိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှေ့တွင် တွေ့ရသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ဝင်များကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Kokang Info)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှေ့တွင် တွေ့ရသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ဝင်များကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Kokang Info)

အခုလို ရမခ တိုင်းစစ်ဌာနချုပ်ကို သိမ်းယူနိုင်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းဟာ စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်ဖို့ နီးစပ်လာပြီလို့ ရှမ်းပြည် နိုင်ငံရေး၊ စစ်ရေးလေ့လာသူ ဆိုရ်ဒါင်းက သုံးသပ်ပါတယ်။

"ရှမ်းမြောက်ရဲ့ စစ်ရေးနယ်မြေ ရမခရဲ့ စစ်ရေးနယ်မြေ တိုင်းစစ်ဌာနချုပ်ကျပြီးတဲ့နောက်မှာ တဖြည်းဖြည်း ပြိုလာမယ်လို့တော့ သုံးသပ်လို့ရတယ်၊ အခုဆို ကြားသိရသလောက်ဆိုရင် ကျောက်မဲလည်း အနှေးနဲ့အမြန် စကခ ဌာနချုပ်က ကျမဲ့ရက်တွေက ရေတွက်ယုံပဲလို့ ကြားသိရတယ်၊ ပြီးတော့ နည်းနည်းကျန်မှာက နန့်လန်ထဲမှာ နည်းနည်းကျန်မယ်၊ ပြီးတော့ သီပေါကျန်မယ်၊ သုံးနေရာလောက် တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်နိုင်ပြီဆိုရင် ရှမ်းမြောက်ပြည်သူလူထုက စစ်ကောင်စီရဲ့ ဖိနှိပ်အုပ်ချုပ်မှုကနေ လွတ်မြောက်သွားပြီလို့ ကျွန်တော်တို့ သုံးသပ်လို့ရတယ်"

စစ်ကောင်စီတပ်ဟာ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒစက) ကျပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းသာမက ရခိုင်ပြည်နယ်မှာပါ စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေ အသိမ်းခံရတာတွေ ဆက်တိုက်ဖြစ်လာပါတယ်။ အခုလို တိုင်းစစ်ဌာနချုပ်တစ်ခု သိမ်းနိုင်ပြီဆိုရင် နောက်တိုင်းစစ်ဌာနချုပ်တွေလည်း ကျဖို့နီးလာပြီလို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

"သူတို့တွေ (စစ်တပ်)ရဲ့ တိုက်လိုစိတ်၊ တိုက်စွမ်းအားက ကျသွားပြီ၊ နောက်ထပ် စစ်ဌာနချုပ်တွေလည်း ဒီလိုအင်နဲ့အားနဲ့ စီမံချက်နဲ့ တကယ်မရအရ တိုက်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ တိုက်မယ်ဆိုရင် အလွယ်တကူပေါ့နော်၊ တိုင်းစစ်ဌာနချုပ်အနေနဲ့တော့ ဒါက ပထမဆုံးပေါ့၊ ဒါကြောင့် နောက်ပိုင်း ကျန်တဲ့တိုင်းစစ်ဌာနချုပ် ၁၃ ခုလည်း တကယ့်တကယ်တမ်းသာ တိုက်မယ်ဆိုရင် ဒါကျတော့မှာပေါ့၊ စစ်တပ်မှာ တစ်ခုကျပြီဆိုရင် မရတော့ဘူး တစ်ခုကျပြီဆိုရင် နောက်က အကုန်လိုက်ကျတာ အော်တိုပဲ၊ ဒါက စစ်သဘောသဘာဝအရပါဗျ"

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကျတာက စစ်ကောင်စီအတွက် အရေးသိပ်မကြီးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှမ်းမြောက်မှာ တာဝန်ထမ်းဆောင်ဖူးတဲ့ စစ်တပ်အငြိမ်းစား အရာရှိဟောင်းတစ်ဦးကတော့ သူ့အမြင်ကို ပြောပါတယ်။

"စစ်ဌာနချုပ်ကြီး ကျသွားတယ်ဆိုတဲ့ နာမည်ဆိုးပဲ ရှိတာပါ၊ ကျန်တဲ့အပိုင်းက ဘာမှ မထိခိုက်ဘူး၊ အဓိက မန္တလေးမကျဖို့နဲ့ နောင်ချိုက ရမခ ထက်ပိုအရေးကြီးတယ်၊ နောင်ချို မကျဖို့လိုတယ်၊ နောင်ချိုက ခေတ္တယာယီပါ၊ အဲမှာ တပ်က စခန်းတွေလည်း ရှိတယ်၊ နောင်ချို လုံးလုံးမပါဖို့လိုတယ်၊ နောင်ချိုဆိုရင် ရှမ်းတောင်နဲ့မြောက် ချိတ်ထားတဲ့ လမ်းကြောင်းပေါ်ရောက်နေတာပေါ့နော်၊ လားရှိုးကျတာတော့ တိုင်းပြည်အတွက် အန္တရာယ်အမှတ်တော့ မရောက်သေးဘူး၊ သို့သော်လည်း ကိုယ်ဘက်က ညံ့ဖျင်းမှုကို ဖော်ထုတ်ရာတော့ ရောက်နေတာပေ့ါဗျာ"


ဆက်နွှယ်သောသတင်းများ

လားရှိုးက တိုင်းစစ်ဌာနချုပ်ကို MNDAA ထိန်းချုပ်

လားရှိုး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ကိုးကန့်တပ် ဝင်ရောက်တိုက်ခိုက်နေ

လားရှိုးကို စစ်ကူလာတဲ့ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ


၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအတွင်း ရှမ်းမြောက်ဒေသက မြို့ ၁၄ မြို့ကို မြောက်ပိုင်း ညီနောင်သုံးဖွဲ့နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့သလို ဒုတိယပိုင်း စစ်ဆင်ရေးတစ်လကျော်မှာလည်း နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ စဉ့်ကူး စတဲ့မြို့လေးမြို့ကို သိမ်းယူနိုင်ခဲ့ပါတယ်။ ဒါအပြင် ကျောက်မဲနဲ့ မတ္တရာမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကိုလည်း မြောက်ပိုင်းသုံးဖွဲ့နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူထားပါတယ်။

လက်ရှိလားရှိုးမြို့မှာ ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် မြို့ခံတွေနဲ့ အဆက်အသွယ်မရသလို မြို့ပေါ်မှာ လူတစ်သောင်းလောက် ကျန်နေသေးတယ်လို့လည်း စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ဒီတိုက်ပွဲတစ်လအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူမှုကူညီရေးအသင်းဝင်တွေအပါအဝင် အရပ်သားတစ်ရာကျော် သေဆုံးပြီး နှစ်ရာနီးပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ဆိုပါတယ်။

လားရှိုးမှာ မြို့ပေါ်ရပ်ကွက်က နေအိမ် ရာနဲ့ချီ ပျက်စီးခဲ့ပြီး မြို့ပေါ် လူဦးရေ နှစ်သိန်းကျော် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။