အင်တာနက် လူမှုဆက်သွယ်ရေးကွန်ရက်အချို့ အသုံးပြုခွင့် ထပ်တိုးကန့်သတ်ခံလာရ
2024.07.23
မြန်မာနိုင်ငံမှာ လူသုံးများတဲ့ ဆစ်ဂနယ် (Signal) လူမှုဆက်သွယ်ရေးကွန်ရက်နဲ့ ဂူဂဲလ် (Google) ဝန်ဆောင်မှု အချို့ ပြီးခဲ့တဲ့ သီတင်းပတ်လောက်ကစလို့ လွတ်လပ်စွာအသုံးပြုခွင့် ကန့်သတ်ခံလာရတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေကြရသူတွေက ပြောပါတယ်။
စစ်ကောင်စီက ဖေ့စ်ဘွတ်ခ်သုံးခွင့်ကို နည်းပညာနဲ့ ပိတ်ပင်လိုက်ပြီးနောက် ဆစ်ဂနယ် (Signal) လို့ ခေါ်တဲ့ အပြန်အလှန်ဆက်သွယ်နိုင်တဲ့ လူမှုဆက်သွယ်ရေးကွန်ရက်ကို ပြည်တွင်းမှာ အသုံးများလာတာပါ။
အခုတော့ ဆစ်ဂနယ် (Signal) ကွန်ရက်ကိုလည်း VPN နဲ့ချိတ်ဆက်ပြီးမှ ရာနှုန်းပြည့် အသုံးပြုခွင့်ရတော့တယ်လို့ ထိုင်း-မြန်မာ နယ်စပ်တစ်နေရာမှာ အလုပ်လုပ်ကိုင်နေတဲ့ မန္တလေးမြို့က ကိုချစ်ဦးက RFA ကိုပြောပါတယ်။
"အရင်ကဆို မက်ဆင်ဂျာကနေ ဖုန်းခေါ်ပြီး ပြောနေကျပေါ့။ ဖေ့စ်ဘွတ်ခ်ကို စစ်ကောင်စီက ပိတ်လိုက်တော့ အဖေတို့၊ အမေတို့က VPN လည်း မသုံးတတ်တော့ Signal ကနေ ခေါ်နေရတာ။ ဇွန်လနောက်ဆုံး တစ်ပတ်လောက်ထဲက Signal က ဆက်သွယ်လို့ အဆင်မပြေတော့။ အခုက မန္တလေးနားလည်း တိုက်ပွဲကပ်လာတော့ မိဘတွေကို ပိုစိတ်ပူတယ်"
အင်တာနက်ပေါ်မှာ အချက်အလက်တွေ သိမ်းဆည်းနိုင်တဲ့ ဂူဂဲလ် (Google) ဝန်ဆောင်မှုဟာလည်း လေးလံနှေးကွေးမှုတွေနဲ့ ကြုံလာကြရပြီး VPN နဲ့ ချိတ်ဆက်လိုက်ပြီးမှ အသုံးပြုခွင့်ရကြတယ်လို့လည်း ကိုယ်တိုင်ကြုံတွေ့နေကြရသူတွေက ပြောပါတယ်။
အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးကတော့ လက်ရှိပြည်တွင်းမှာ အင်တာနက်ပေါ်က ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်ဖို့ VPN ကိုပဲ အဓိက အားကိုးလာနေကြရတယ်လို့ RFA ကိုပြောပါတယ်။
"သူတို့ကတော့ ဒါတွေမသုံးရဘူးဆိုပြီး ပါးစပ်ကနေ ပြောချင်ရာပြောပေမဲ့ ပြည်သူကတော့ သုံးရမှာပဲ။ သတင်းအမှောင်ချလို့မှ မရတာ။ အခုဆို တချို့ VPN တွေဆို Free ပေးတာ ရှိပေမဲ့ တချို့ဆိုလည်း ပိုက်ဆံနဲ့ ဝယ်သုံးရတာ ရှိတယ်။ အဲဒါတွေ ပေါ်ပေါက်လာပြီလေ။ ပြည်သူတွေအနေနဲ့တော့ ဖရီးရတာတွေ လိုက်သုံးတာပေါ့။ သူတို့ဘယ်လိုပဲ ပိတ်ပင်ပါစေ၊ ပြည်သူကတော့ သုံးနေမှာပဲ"
စစ်ကောင်စီအနေနဲ့ လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ဆန့်ကျင်ဆန္ဒပြတာတွေကို မထိန်းချုပ်နိုင်တာကြောင့် အင်တာနက်ပေါ်က လူမှုဆက်သွယ်ရေးပလက်ဖောင်းတွေကို ပိတ်ပင်ပြီး သတင်းအမှောင်ချဖို့ ကြိုးစားနေတာလို့ သူကဆိုပါတယ်။
ဆစ်ဂနယ် (Signal) နဲ့ ဂူဂဲလ် (Google) ဝန်ဆောင်မှုအချို့ လွတ်လပ်စွာအသုံးပြုခွင့် ကန့်သတ်ခံနေရမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ဆစ်ဂနယ် (Signal) လူမှုဆက်သွယ်ရေးကွန်ရက်ဟာ စစ်ကောင်စီအတွက် ခြေရာခံဖို့ ခက်ခဲတာကြောင့် နည်းပညာနဲ့ပိတ်ပင်ဖို့ ကြိုးစားတာဖြစ်နိုင်တယ်လို့ နည်းပညာကျွမ်းကျင်သူအချို့က သုံးသပ်ပါတယ်။
ဆက်နွှယ်သောသတင်းများ
အင်တာနက်လွတ်လပ်ခွင့် ချိုးဖောက်မှု မြန်မာက ဒုတိယအဆိုးဆုံးဖြစ်
VPN အသုံးပြုမှုအပေါ် စစ်ကောင်စီ ထပ်မံတင်းကျပ်
မြန်မာပြည်တွင်း အင်တာနက်ထိန်းချုပ်ရေး တရုတ်ကုမ္ပဏီတွေ ကူညီနေ
ဒါပေမဲ့ စစ်ကောင်စီဘက်က ရာနှုန်းပြည့်တားဆီးနိုင်မှာမဟုတ်ဘူးလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ နည်းပညာကျွမ်းကျင်သူ တစ်ဦးက RFA ကို ပြောပါတယ်။
"ညွှန်ကြားစာထုတ်တဲ့အချိန်မှာ ဒီအပလီကေးရှင်းတွေနဲ့ ပတ်သက်ပြီး ပိတ်ပေးပါလို့ ပြောလိုက်တယ်ပေါ့။ ပြောလိုက်တဲ့အခါမှာ လုပ်ဆောင်နေတဲ့ ISP တစ်ခုနဲ့ တစ်ခုက ချိတ်ဆက်မှု မရှိဘူး။ ချိတ်ဆက်မှု မရှိတဲ့အခါမှာ တစ်ခါတလေကျရင် နားလည်မှုလွဲပြီး လုပ်လိုက်တာရှိတယ်။ တချို့က Google Service တွေကို မပိတ်ပေမဲ့ တချို့က အင်တာနက် ဆားဗစ်တွေကို Google Sevice တွေကို နားလည်မှုလွဲပြီး ပိတ်လိုက်တာမျိုးလည်း ရှိကောင်းရှိတယ်။ အခုချိန်မှာ ကျွန်တော်တို့ရဲ့ နည်းပညာတွေက ကမ္ဘာနဲ့အနှံ့မှာ ဖွံ့ဖြိုးနေတဲ့အတွက် ဒါကိုသူတို့ ပိတ်ဖို့ ဘယ်လိုဖြစ်နိုင်မလဲပေါ့။ ယိုပေါက်တွေကတော့ အများကြီးပါ။ ကျွန်တော်တို့ ကြိုက်သလို သုံးလို့ရပါတယ်"
အခုလို အင်တာနက်အသုံးပြုမှုနဲ့ပတ်သက်လို့ ကန့်သတ်မှုတွေ ပိုမိုလုပ်ဆောင်လာတာဟာ အွန်လိုင်းပေါ်ကနေ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အရှိန်လျော့ နည်းစေဖို့နဲ့ လက်နက်ကိုင် ခုခံတော်လှန်နေသူတွေ ထံကို အလှူငွေ စီးဆင်းမှုတွေကို ဖြတ်တောက်ချင်တဲ့ ရည်ရွယ်ချက် ရှိနေတယ်လို့လည်း သူကဆိုပါတယ်။
"နည်းပညာတွေက ကမ္ဘာနဲ့အနှံ့မှာ ဖွံ့ဖြိုးနေတဲ့အတွက် ဒါကိုသူတို့ ပိတ်ဖို့ ဘယ်လိုဖြစ်နိုင်မလဲပေါ့။ ယိုပေါက်တွေကတော့ အများကြီးပါ"
မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းကတော့ စစ်ကောင်စီဟာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ရုံတင်မကဘဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကိုပါ နည်းပညာနဲ့ တားဆီးလာတာလို့ ပြောပါတယ်။
"လူ့အခွင့်အရေး ရှုထောင့်အရ ပြောမယ်ဆိုရင်တော့ လူတိုင်းမှာ ကိုယ်လိုရာ ဆက်သွယ်ပြောဆိုပိုင်ခွင့်ရှိတယ်။ လိုရာပြောဆိုပိုင်ခွင့် ရှိတယ်။ ဒါတွေကို နည်းပညာနဲ့ ပြန်တားဆီးလာတာပေါ့နော်။ ဖမ်းတာဆီးတာနဲ့တင် မလုံလောက်ဘဲ ခေတ်မီနည်းပညာနဲ့ ပိတ်ပင်တားဆီးလာတာကို ကျွန်တော်တို့ မြင်နေရတာပေါ့နော်"
လက်ရှိ မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်၊ မက်ဆင်ဂျာ၊ အင်စတာဂရမ်၊ Whatapp၊ X လူမှုကွန်ရက်တွေနဲ့ လွတ်လပ်တဲ့ သတင်းဌာန အင်တာနက်စာမျက်နှာတွေကို စစ်ကောင်စီက လွတ်လပ်စွာအသုံးပြုခွင့် ကန့်သတ်ထားပါတယ်။
စစ်ကောင်စီကို ခုခံတော်လှန်မှုတွေရှိနေတဲ့ ဒေသတွေမှာတော့ စစ်ကောင်စီက အင်တာနက်ဖြတ်တောက်တာနဲ့ အချို့ဒေသတွေမှာ အင်တာနက်မြန်နှုန်းကို နှေးကွေးအောင်လျှော့ချထားတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။