VPN အသုံးပြုမှုအပေါ် စစ်ကောင်စီ ထပ်မံတင်းကျပ်
2024.06.13

ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေအပါအဝင် မြန်မာနိုင်ငံရဲ့ဒေသတစ်ချို့မှာ စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာတွေရဲ့ လက်ကိုင်ဖုန်းတွေကို ယူဆောင်စစ်ဆေးပြီး VPN (Virtual Private Network) ဆော့ဝဲလ်တွေတွေ့ရင် ခြိမ်းခြောက်ငွေတောင်းယူတာ၊ ဒီဆော့ဝဲလ်တွေ ထပ်မံအသုံးမပြုဖို့ တားမြစ်တာတွေ ဒီရက်ပိုင်းမှာ ခပ်စိပ်စိပ်ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ကြီးတွေအပြင် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ချင်းပြည်နယ်က မြို့နယ်တချို့မှာ ကြုံနေရတာပါ။
ဒါဟာ မေလကုန်ပိုင်းကစပြီး လူသုံးများတဲ့ VPN ဆော့ဝဲလ်တွေကို စစ်ကောင်စီက ပိတ်လိုက်တာကြောင့် အဓိက သတင်းစီးဆင်းမှုတစ်ခုဖြစ်တဲ့ လူမှုကွန်ရက် Facebook အသုံးပြုဖို့နဲ့ သတင်းဌာနတွေရဲ့ ဝဘ်ဆိုက် စာမျက်နှာတွေ ဝင်ရောက်ဖတ်ယူဖို့ အခက်အခဲဖြစ်နေချိန် နောက်တစ်ဆင့် ထပ်မံတင်းကျပ်လိုက်တာလည်း ဖြစ်ပါတယ်။
“မြန်မာနိုင်ငံဟာ ကမ္ဘာတစ်ဝန်း အင်တာနက်လွတ်လပ်ခွင့် ချိုးဖောက်ခံနေရတဲ့ ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်ပါတယ်”
ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့မှာတော့ ဇွန် ၁၀ ရက်နေ့ကစလို့ မြို့တွင်းက လမ်းဆုံလမ်းခွတွေမှာ စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးပြီး VPN ဆော့ဝဲလ်တွေ့ရင် ဖမ်းဆီးပြီး ငွေကြေးတောင်းခံနေတာတွေရှိလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ မော်ကျွန်း (မော်လမြိုင်ကျွန်း) မှာတော့ VPN တွေကို ဖုန်းတွေထဲမှာ လိုက်စစ်နေပါတယ်။ စစ်လို့ တွေ့လို့ရှိရင် ပိုက်ဆံ သုံး-လေးသိန်း တောင်းပါတယ်။ မပေးတဲ့သူကိုတော့ စခန်းခေါ်သွားတာပေါ့နော်။ VPN တွေ့လို့ ဖမ်းဆီးအရေးယူထားတဲ့သူတော့ မကြားမိသေးပါဘူး။ VPN တွေ့လို့ ပိုက်ဆံပေးရတဲ့သူက လေး၊ ငါးဦးရှိနေပြီပေါ့နော်”
ပဲခူးတိုင်း၊ ပေါင်းတည်မြို့မှာလည်း အလားတူဖြစ်ရပ်မျိုးကို ဇွန် ၁၂ ရက်နေ့ကစလို့ ကြုံနေရတယ်လို့ ပေါင်းတည်ဒေသခံက ပြောပါတယ်။
“မနေ့တုန်းကလည်း ဆွဲနေတာတဲ့ တစ်ယောက်တော့ ပါသွားတယ်။ VPN မိပြီး တစ်ယောက်ပါသွားတယ်။ တစ်ယောက်က အဲဒီမှာ FAW ကားနှစ်စီးနဲ့ အတင်းဆွဲခေါ်ပြီး ဖမ်းသွားတယ်တဲ့။ ဒီနေ့ကျ လမ်းစုံ လမ်းခွတွေမှာ။ နေရာအတိအကျတော့ မရှိဘူး။ ဟိုနေရာဖမ်းလိုက် ဒီနေရာဖမ်းလိုက် အဲဒီလို လုပ်နေတာ”
စစ်တပ်နဲ့ရဲ ပူးပေါင်းအဖွဲ့တွေက ပေါင်းတည်မြို့၊ တာပွန်လမ်း ဘိုးဘွားရိပ်သာရှေ့မှာ ဖုန်းတွေကိုစစ်ဆေးနေသလို ပြည်မြို့မှာက လူစည်းကားရာ နေရာတွေမှာလည်း ဇွန် ၁၁ ရက်ကစလို့ စစ်ဆေးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ် ဟားခါးမြို့မှာလည်း စစ်ကောင်စီတပ်က အရပ်သားတွေရဲ့ဖုန်းတွေကို ရှောင်တခင် စစ်ဆေးတာတွေလုပ်ပြီး VPN တွေ့ရင် ကျပ်ငွေ ဆယ်သိန်းကနေ သိန်းသုံးဆယ်အထိ ခြိမ်းခြောက်တောင်းယူတယ်လို့ ဒေသခံတွေက ပြောပါတယ်။
VPN အသုံးပြုမှုအပါအဝင် ဆိုရှယ်မီဒီယာအသုံးပြုမှုကို စစ်ကောင်စီက တစ်ဆင့်ချင်းတင်းကျပ်လာတာကြောင့် အလုပ်အကိုင်တွေ ခက်ခဲလာတယ်လို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ လူမှုကွန်ရက်အသုံးပြုပြီး အလုပ်လုပ်ကိုင်ရတဲ့ ကြော်ငြာရေးသားသူ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“VPN တွေ အသုံးပြုရခက်လာတော့ အလုပ်လုပ်ရတာ နေ့တိုင်း VPN ကျော်ရတာက အလုပ်တစ်ခုလို ဖြစ်နေတယ်။ အချိန်က အရင်ကထက် အချိန်ယူတာပေါ့နော်။ အလုပ်တစ်ခုပြီးဖို့ဆိုရင်။ သတင်းတွေတော့ ကြားနေရတာပေါ့နော်။ ရန်ကုန်နဲ့ မန္တလေးမှာ အဲဒီလိုစစ်တယ်တို့၊ ဒါပေမဲ့ ကိုယ်တိုင်က အစစ်ခံရတာမျိုး၊ ပတ်ဝန်းကျင်မှာ စစ်နေတာမျိုးတွေ မတွေ့သေးဘူးပေါ့နော်”
စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတုန်းကလည်း အခုလိုပဲ လမ်းသွားလမ်းလာတွေရဲ့ဖုန်းတွေကို VPN ရှိ မရှိ စစ်ဆေးအရေးယူတာတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။
ဒီအပြင် စစ်ကောင်စီဟာ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကို အန္တရာယ်တစ်ခုလို ရှုမြင်ပြီး ဒါကိုအစားထိုးဖို့ ကြိုးစားနေတယ်လို့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောခဲ့ဖူးပါတယ်။
အဲဒီနောက် Ok Par အမည်ရ လူမှုကွန်ရက်နဲ့ YouTube အစားထိုး M Tube ဆိုတာ ထွက်ပေါ်ခဲ့ဖူးသလို အခု ၂၀၂၄ ဇွန်လဆန်းမှာလည်း စစ်ကောင်စီက ဖန်တီးတယ်လို့ဆိုကြတဲ့ My Space လူမှုကွန်ရက်တစ်ခုဟာလည်း ဒီရက်ပိုင်းမှာ ထွက်ပေါ်လာခဲ့ပြီး တော်လှန်ရေးအင်အားစုတွေက ဆန့်ကျင်ဖယ်ရှားဖို့ လှုံဆော်ခဲ့ကြပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အတွက် ရန်ပုံငွေရှာဖွေပေးသူ ရဲမေဂါဂါကတော့ စစ်ကောင်စီက လူမှုကွန်ရက်ကိုထိန်းချုပ်ဖို့ ကြိုးစားမှုဟာ သတင်းအမှောင်ချဖို့နဲ့ တော်လှန်ရေး အင်အားစုတွေအပေါ် လူထုအာရုံစိုက်မှုမရှိအောင် လုပ်ဆောင်လာတာလို့ မှတ်ချက်ပြုပါတယ်။
“သတင်းအမှောင် ဖုံးမယ်။ တော်လှန်ရေးအတွက် အထောက်အကူပြုတဲ့ ထောက်တိုင်တွေမှန်သမျှ မဲလုပ်တာတွေ၊ Campaign လုပ်တာတွေ ထောက်တိုင်မှန်သမျှ စနစ်တကျ သူ့ဘက်က ဖြိုချဖို့အတွက်ကို ပြင်ဆင်တာပေါ့။ အဲဒီအတွက် သက်ရောက်မှုရှိတာကို သူသိတယ်။ ဒါပေမဲ့ ၂၁ ရာစုခေတ်ရဲ့ ပညာရှင်တွေ ပေါ်ပေါက်လာတဲ့ခေတ်မှာကျတော့ နှစ်ဖက်အားပြိုင်မှုတွေ ရှိတာပေါ့နော်”
ဒီလို စစ်ကောင်စီက လူမှုကွန်ရက်တွေကိုထိန်းချုပ်ဖို့ ကြိုးစားလာတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
အာဏာသိမ်းစ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ စာမျက်နှာ ၃၆ မျက်နှာပါ ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို ပုဂ္ဂလိကအသင်းအဖွဲ့တွေဆီ သဘောထားမှတ်ချက် တောင်းခံခဲ့ဖူးပြီး အဲဒီတုန်းကတော့ မြန်မာကွန်ပျူတာအသင်းချုပ် (MCF) နဲ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့လို အဖွဲ့အစည်းတွေအပါအဝင် အဖွဲ့အစည်းပေါင်း နှစ်ရာကျော်က ကန့်ကွက်ခဲ့ပါတယ်။
အဲဒီလမှာပဲ စစ်ကောင်စီဟာ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေကို ထောင်ဒဏ်တွေထည့်သွင်းပြီး ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြင်ဆင်ခဲ့ပြီး VPN သုံးရင် ထောင်သုံးနှစ်၊ ငွေဒဏ် ကျပ် သိန်း ငါးဆယ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးချနိုင်တဲ့ ဥပဒေပုဒ်မတွေ ပါဝင်လာခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်ကတော့ စစ်ကောင်စီရဲ့လူမှုကွန်ရက်ကို ထိန်းချုပ်ဖို့ကြိုးစားမှုတွေကို တန်ပြန်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ NUG အနေနဲ့ကတော့ ဒီကိစ္စတွေကို ပြည်သူတွေဘက်က ရပ်တည်ပြီးတော့ ပြည်သူတွေအတွက် သတင်းစီးဆင်းမှုတွေ၊ အချက်အလက်တွေ၊ ရရှိနိုင်ဖို့အတွက် အတတ်နိုင်ဆုံး လုပ်သွားမှာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ပညာရှင်တွေကလည်း လုပ်ကိုင်ဆောင်ရွက်နေတယ်။ ကျွန်တော်တို့ အလျဥ်းသင့်သလို ပြည်သူတွေကို အသိပေးသွားမှာဖြစ်တယ်”
နည်းပညာအရ ကျော်လွှားနိုင်မယ့် VPN အသစ်တစ်ခုနဲ့ Message ဆော့ဝဲလ် အက်ပလီကေးရှင်းတွေကိုလည်း ဖန်တီးနေတယ်လို့ NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင်ကလည်း RFA ကို ဇွန် ၅ ရက်နေ့က ပြောထားပါတယ်။
ဒီလို VPN ပိတ်ဆို့မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မတွေ့ရသေးသလို စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
အိုင်တီနည်းပညာရှင်တစ်ဦးကတော့ စစ်ကောင်စီက လူမှုကွန်ရက်အသုံးပြုမှု ထိန်းချုပ်တာနဲ့ တစ်ဆင့်ချင်း တင်းကျပ်တာတွေ လုပ်လာပေမဲ့ နည်းပညာအရ ကျော်လွှာပြီး အသုံးပြုမှုတွေကတော့ ဆက်ရှိနေလိမ့်မယ်လို့ ပြောပါတယ်။
“ပိတ်လိုက် ဖွင့်လိုက် သဘောပဲဖြစ်နေမှာ။ သူတို့ကတော့ ဖွင့်ပေးမှာမဟုတ်ဘူး။ လူတွေကပဲ ကျော်ခွသွားရမှာပဲ။ အခုဆို ငွေပေးလို့ရတဲ့ VPN တွေ တော်တော်များများက သုံးလို့ရနေတယ်။ VPN အသေးလေးတွေ ခက်ရင်ခက်မယ်။ VPN အကြီးတွေက သူတို့ပိတ်လို့ မရသေးဘူး။ ကြိုးစားမှုတစ်ခုအနေနဲ့ ပိတ်တာပေါ့နော်။ တော်တော်များများကတော့ အင်တာနက်သုံးမယ်ဆိုရင် ကုန်ကျစရိတ် များသွားမှာပေါ့။ VPN ကအစ ပိုက်ဆံပေးဝယ်ရသလို ဖြစ်တာပေါ့။ Free (အခမဲ့) တွေကျ Free သဘောတရားအတိုင်း ဆာဗာလေး နည်းနည်းလေးဆိုတော့ သူတို့လိုက်ပိတ်နေလို့ ရတာပေါ့”
အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာတစ်ဝန်း အင်တာနက်လွတ်လပ်ခွင့် ချိုးဖောက်ခံနေရတဲ့ ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်တယ်လို့ ၂၀၂၃ ခုနှစ်မှာထုတ်ပြန်တဲ့ Freedom on the Net အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြခံထားရပါတယ်။
အာဏာသိမ်းကာလမှာ လူမှုကွန်ရက်ကတစ်ဆင့် စစ်ကောင်စီကို ဆန့်ကျင်ရေးသားနေသူတွေလည်း ဆက်တိုက်ဖမ်းဆီးခံနေရပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်အတွင်းမှာ လူမှုကွန်ရက်ကတစ်ဆင့် စစ်ကောင်စီကိုဆန့်ကျင်ဝေဖန်သူ ၁၃၀၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သုတေသနအဖွဲ့ Data for Myanmar ရဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။