မလေးရှားရောက် မြန်မာတွေ ရပ်တည်ရေး ပိုခက်ခဲလာ

RFA Burmese
2024.11.29
မလေးရှားရောက် မြန်မာတွေ ရပ်တည်ရေး ပိုခက်ခဲလာ မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့တွင် ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသားအချို့အား ၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Facebook/ Jabatan Imigresen Malaysia

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေအကျပ်အတည်းတွေကြောင့် မလေးရှားနိုင်ငံကို တရားမဝင် ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ မလေးရှား အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် နေထိုင်ရတာ ပိုခက်ခဲလာတယ်လို့ ပြောကြပါတယ်။

မလေးရှားအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုခံရပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံနေရသူတွေလည်း များနေပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့ကနေ မလေးရှားနိုင်ငံကို ရောက်ရှိလာတဲ့ လူငယ်တစ်ဦးက အလုပ်အကိုင်မရှိလို့ ခက်ခဲနေပေမဲ့ မြန်မာပြည်ပြန်ဖို့လည်း မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“နှစ်နှစ်ကျော်နေပြီဗျာ အလုပ်သေချာဆိုတာ မရှိသေးဘူး ကျွန်တော့်ဆီမှာ။ အခုဆိုရင် အဖမ်းအဆီးက ဒီတစ်လတည်းမှာ အများကြီးပဲဖမ်းနေတာ။ ပြီးရင် ဟိုနေ့က ကျွန်တော် ဒီ KL(ကွာလာလမ်ပူ) ထဲကိုရောက်လာတာနဲ့ ဂျလန် အလော်ဘက်မှာ ဝင်သွားသေးတယ် ခုနစ်ဆယ်လောက် ဖမ်းခံရတယ်။ မြန်မာပြည်ပြန်ဖို့ဆိုရင်လည်း အခုအချိန်မှာ အိမ်က ကျွန်တော့်ကို မခေါ်ချင်ဘူး ဘာလို့လဲဆိုရင်တော့ မြန်မာပြည်မှာက ကျွန်တော်တို့ဘက်မှာ တော်တော်လေး အခြေအနေဆိုးနေတယ်။ လူငယ်တွေကို ဖမ်းနေတယ်။ အဲဒါဆိုတော့ အိမ်က အမေကလည်း မခေါ်ရဲဘူး”

စစ်တပ်အာဏာသိမ်းပြီးနောက် မလေးရှားနိုင်ငံကိုရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေ ပိုများလာပြီး အလုပ်တစ်ခုရဖို့ ပိုခက်ခဲလာကြတယ်လို့ ဆိုပါတယ်။

"အခုနောက်ပိုင်းဆို အာဏာပိုင်တွေက အထုတ်မခံတော့ဘူး ဘယ်လိုပြောမလဲ ဖမ်းမိပြီး အမှုဆင်ပြီးပြီဆိုရင် တရားရုံးတောင်မပို့ဘူး၊ တစ်ခါတည်းထောင်ချပြီး တစ်ခါတည်းတန်းပို့ပစ်တာ"

အလုပ်တစ်ခုရဖို့ကို ပွဲခ မလေးငွေ ရင်းဂစ် ရှစ်ရာ (မြန်မာငွေ ကျပ် ရှစ်သိန်း) လောက်အထိတောင်းတဲ့ မြန်မာပွဲစားတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အများစုက ပွဲစားခမတတ်နိုင်ကြတာကြောင့် အလုပ်ရဖို့ ခက်ခဲနေကြတာလို့ ပြောပါတယ်။

မလေးရှား အာဏာပိုင်တွေရဲ့ ဖမ်းဆီးထောင်ချခံရပြီး မြန်မာပြည် ပြန်ပို့ခံခဲ့ရပေမဲ့ စစ်မှုထမ်းဥပဒေကြောင့် မလေးရှားနိုင်ငံကို တရားမဝင်လမ်းကြောင်းနဲ့ ဒုတိယအကြိမ် ပြန်ရောက်လာသူတွေလည်း ရှိပါတယ်။ နောက်တစ်ကြိမ် ဖမ်းဆီးထောင်ချခံရမှာကို ကြောက်ပြီး ကျီးလန့်စာစားဘဝနဲ့ နေ နေရတယ်လို့ ကိုထက်က ပြောပါတယ်။

“ဒီကိုပြန်ရောက်ပြီဆိုတော့လည်း ဖမ်းဆီးခံရမှာကိုတော့ ထပ်ပြီး ကြောက်သေးတယ် ပြီးစိုးရိမ်သေးတယ်။ ဘာလို့ဆို ကျွန်တော်တို့က ပြန်တက်လာတော့ လမ်းမှာလည်း အစစ်အဆေးတွေအများကြီးရှိတယ် မလေးရှားကိုဝင်တဲ့အထိ။ မလေးရှားကိုရောက်တော့လည်း နေရာတိုင်းမှာ အော်ပရာစီတွေက ဝင်နေတာဆို တော့ ကြောက်တယ်။ အိပ်ပြီဆိုရင်လည်း သတိဝီရိယနဲ့ အိပ်ရတယ်။ ဒီကိုပြန်ရောက်တယ် ကျွန်တော်တို့ ဘယ်မှတောင်မသွားဘူး ကြောက်လို့။ အခုက အော်ပရာစီတွေက စက်ရုံတွေထဲဝင်တော့ ကျီးလန့်စာ စားနေရတယ်ဗျ”

မလေးရှား အာဏာပိုင်တွေက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက စပြီး အော်ပရာစီ စစ်ဆင်ရေးအနေနဲ့ နိုင်ငံအတွင်း တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို နေအိမ်တွေ၊ အလုပ်လုပ်တဲ့ စက်ရုံတွေနဲ့ စားသောက်ဆိုင်တွေထဲ ဝင်ရောက်ဖမ်းဆီးနေတာဖြစ်ပါတယ်။ လမ်းပေါ်တွေမှာလည်း တားမြစ်စစ်ဆေးပြီး ငွေကြေးတောင်းခံတာတွေ ရှိနေတယ်လို့လည်း မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။

၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က မလေးရှားနိုင်ငံ ဆီရန်ဘန်ပြည်နယ်က စားသောက်ဆိုင်တစ်ဆိုင်တွင် စစ်ဆေးဖမ်းဆီးခံထားရသူများအား တွေ့ရစဉ်။ (Photo: Jabatan Imigresen Malaysia)
၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က မလေးရှားနိုင်ငံ ဆီရန်ဘန်ပြည်နယ်က စားသောက်ဆိုင်တစ်ဆိုင်တွင် စစ်ဆေးဖမ်းဆီးခံထားရသူများအား တွေ့ရစဉ်။ (Photo: Jabatan Imigresen Malaysia)

ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ အခုနိုဝင်ဘာအထိ နှစ်လအတွင်းမှာပဲ ဂျိုဟိုး၊ ဘူကစ်ဘင်တန်၊ မလာကာ၊ ရှားအလမ် ၊ စံခလဘူရီ၊ ပီနန်း၊ ဆန်တိုစာ၊ အမ်ပန်း စတဲ့မြို့တွေက စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်နဲ့ နေအိမ်တွေထိ မလေးရှားအာဏာပိုင်တွေ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မြန်မာအလုပ်သမား အနည်းဆုံး ခြောက်ရာဝန်းကျင် ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို ကူညီနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၅ ရက်နေ့က မလေးရှားနိုင်ငံ ရှားအလမ်နဲ့ ဆရင်ဘန်းမြို့တွေမှာ အာဏာပိုင်တွေ ဝင်ရောက်ဖမ်းဆီးချိန် မြန်မာနိုင်ငံသား ၈၆ ဦး အပါအဝင် နိုင်ငံခြားသား ခြောက်ရာကျော် ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးနေချိန် ထွက်ပြေးတဲ့ အသက် ၃၀ အရွယ် မြန်မာအမျိုးသမီးတစ်ဦး ရထားတိုက်ခံရပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း အိမ်ပန်းမြို့က ပန်ဒါမေဝါ အိမ်ရာမှာ တရားမဝင် နေထိုင်တဲ့မြန်မာနိုင်ငံသား ကလေးတွေအပါအဝင် ၈၉ ဦး ဖမ်းခံခဲ့ရပါတယ်။


ဆက်နွှယ်သောသတင်းများ


မလေးရှားမှာ တရားမဝင် မြန်မာနိုင်ငံသား ကိုးဆယ်နီးပါး ဖမ်းဆီးခံရ

မလေးရှားကို မြန်မာလုပ်သားစေလွှတ်မှု စစ်ကောင်စီတားမြစ်

မလေးရှားကို တရားမဝင်သွားမယ့် မြန်မာ ၂၉ ဦး ဖမ်းဆီးခံရ


မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို ကူညီနေတဲ့ ကိုမင်းသန့်ကတော့ အခုနောက်ပိုင်း ဖမ်းဆီးခံရတဲ့သူတွေကို အာမခံနဲ့ ပြန်ထုတ်ဖို့ ပိုပြီးခက်ခဲလာတယ်လို့ RFA ကို ပြောပါတယ်။

“အရင်တုန်းကဆိုရင် over stay (ရက်လွန်) သမားတွေ လဝကရုံးတွေမှာ လိုက်ထုတ်ပြီဆိုလို့ရှိရင် ထုတ်ရတာ လွယ်တယ်။ အခုနောက်ပိုင်းဆို အာဏာပိုင်တွေက အထုတ်မခံတော့ဘူး ဘယ်လိုပြောမလဲ ဖမ်းမိပြီး အမှုဆင် ပြီးပြီဆိုရင် တရားရုံးတောင်မပို့ဘူး၊ တစ်ခါတည်းထောင်ချပြီး တစ်ခါတည်း တန်းပို့ပစ်တာ။ တော်တော်ခက်ခဲတယ် အခုဟာက လုပ်ရတာ အဖမ်းအဆီးကြမ်းတယ် ပြီးရင် မိရင် ထုတ်လို့မလွယ်တော့ဘူး”

အရင်က ဖမ်းဆီးခံရသူတွေကို မလေးရင်းဂစ်ငွေ ခြောက်ထောင်ခန့် ပေးပြီး အာမခံနဲ့ ပြန်ရွှေးထုတ်လို့ရပေမဲ့ အခုချိန်မှာ မလေးရင်းဂစ် တစ်သောင်းလောက်ထိ တောင်းတာလည်းရှိသလို အများစုက အာမခံမပေးတော့ဘဲ ထောင်ချပြီး မြန်မာပြည်ကို ပြန်ပို့တာများတယ်လို့ ဆိုပါတယ်။

မြန်မာပြည်ကနေ အလုပ်အကိုင်ရှာပေးတဲ့ အေးဂျင့်တွေနဲ့ အလုပ်ပါရမယ်ဆိုပြီး တရားမဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေဟာ မလေးရှားရောက်တဲ့အခါ အလုပ်မရဘဲ ခက်ခဲနေကြသလို တချို့ကလည်း ဆက်နေလို့ မရတော့တာကြောင့် မြန်မာပြည် ပြန်သွားတဲ့သူတွေလည်း ရှိနေပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များမှ ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးနေသည်ကို တွေ့ရစဉ်။ (Photo: Jabatan Imigresen Malaysia)
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များမှ ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးနေသည်ကို တွေ့ရစဉ်။ (Photo: Jabatan Imigresen Malaysia)

မလေးရှားရောက်မြန်မာနိုင်ငံသားတွေကို ကူညီနေတဲ့သူတွေ ပြောဆိုချက်အရ လက်ရှိ မလေးရှားမှာ မြန်မာနိုင်ငံသားအနည်းဆုံး သုံးသိန်းလောက် ရှိနေပါတယ်။

မလေးရှားမှာ အခုနှစ်အတွင်း ဖမ်းဆီးထောင်ချခံရပြီးနောက် မြန်မာနိုင်ငံကိုပြန်ပို့ခံရတဲ့ မြန်မာအမျိုးသား တစ်ဦးကလည်း ဖမ်းဆီးထောင်ချခံနေချိန် ထောင်ထဲမှာ အခက်အခဲတွေကြုံခဲ့ရတယ်လို့ ပြောပါတယ်။

“မိန်းကလေးတွေဆို ပါးတွေ ဘာတွေ အဲလိုမျိုးအရိုက်ခံရတယ်။ သူတို့ပြောတာတွေ မလုပ်လို့ ပြီးသွားရင် စကားတွေကို အကျယ်ကြီးပြောလို့ ပါးတွေရိုက်တယ်။ ပြီးသွားလို့ရှိရင် သူတို့ကျွေးတဲ့ထမင်းတွေ မကျက် တာတို့ဆိုရင် ထမင်းတွေ မကုန်ဘူးလေ ထမင်းတွေ မကုန်ရလားဆိုပြီး ပါးတွေ ရိုက်တာတွေရှိတယ်။ ထမင်းမနပ်ဘဲနဲ့ စားပြန်တော့လည်း ဗိုက်တွေအောင့် ကျန်းမာရေးတွေထိခိုက်တော့လည်း သူတို့က ဆေး မပေးဘူး နင်တို့အတွက် ဆေးမရှိဘူးတဲ့ ငါတို့ဆီမှာတဲ့ အဲလိုမျိုးတွေ ဆိုးဆိုးရွားရွား ကြုံတွေ့ရတယ်”

မလေးရှားမှာ ဖမ်းဆီးခံရရင် စခန်း (camp) ကို အရင်ပို့ပြီး အဲဒီကတစ်ဆင့် တရားရုံးမှာ အမှုရင်ဆိုင်ရပါတယ်။ အမိန့်ချပြီးနောက် ထောင်ထဲမှာ ထားပြီးမှ မြန်မာပြည်ကို ပြန်ပို့တာ ဖြစ်ပါတယ်။

ထောင်ဒဏ်ကျခံပြီးရင်လည်း လေယာဉ်စရိတ် မတတ်နိုင်တဲ့သူတွေက မြန်မာပြည် မပြန်ရဘဲ စခန်း(camp) မှာပဲ ပြန်ပြီး ဆက်နေကြရတာ ဖြစ်ပါတယ်။

မလေးရှားအခြေစိုက် ချင်းဒုက္ခသည်များ မဟာမိတ်အဖွဲ့ (Alliance of Chin Refugees) ရဲ့ ဥက္ကဋ္ဌ ဂျိမ်းဘွင်ထန်ဘိကလည်း - မလေးရှားမှာ မြန်မာတွေ နေထိုင်ရ ခက်ခဲကျပ်တည်းနေကြတယ်လို့ ပြောပါတယ်။

“ဒီပုံစံအတိုင်းဆိုရင်တော့ ပိုပြီးမှ ခက်ခဲလာတဲ့အခြေအနေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ နေရာတိုင်းမှာ ကျွန်တော်တို့ ဒုက္ခသည်တွေများလာတယ်ဆိုတဲ့အခါကျတော့ တချို့နိုင်ငံသားတွေက မလိုလားအပ်ဘူးပေါ့နော် ဆိုတော့ ဒီအစိုးရကလည်း ဒီနိုင်ငံသားတွေကို ကိုယ်နေတဲ့ပတ်ဝန်းကျင်မှာ နိုင်ငံခြားသားတွေ ဝင်လာတယ် တရားမဝင် နေထိုင်တာဆိုရင် တိုင်လို့တယ်လို့ပြောတော့ တိုင်တာတွေများတယ် အဲလိုမျိုး တိုင်တာများတယ် ဆိုတော့ လုပ်ငန်းထဲမှာမကဘူး နေတဲ့ရပ်ကွက်တွေမှာ ဖမ်းဆီးတွေတော်တော်လည်း များလာတယ်။ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့အတွက် တော်တော်ဒုက္ခရောက်နေတယ်”

မြန်မာနိုင်ငံက တိုင်းရင်းသားအများစုဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး (UNHCR) က ထုတ်ပေးတဲ့ ဒုက္ခသည်အသိအမှတ်ပြုကတ်ရရှိပြီး UNHCR အစီအစဉ်နဲ့ တတိယနိုင်ငံကို သွားဖို့ မျှော်လင့်ချက်နဲ့ မလေးရှားကို သွားကြတာ များပါတယ်။

ချင်းဒုက္ခသည်များ မဟာမိတ်အဖွဲ့ရုံးရဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက် မလေးရှားမှာ ချင်းတိုင်းရင်းသား တစ်သောင်းခြောက်ထောင်ကျော်ရောက်ရှိနေပြီး အဲဒီထဲက တစ်ရာခိုင်နှုန်းသာ UNHCR အသိအမှတ်ပြုကတ် ရရှိထားကြပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မလေးရှားရုံးရဲ့ ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ကုန်အထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ ၁၉၀,၀၀၀ ကျော် ရှိတဲ့အထဲမှာ ၁၇၀,၀၀၀ ဝန်းကျင်က မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။