မလေးရှားမှာ တရားမဝင် မြန်မာနိုင်ငံသား ကိုးဆယ်နီးပါး ဖမ်းဆီးခံရ
2024.11.27
မလေးရှားနိုင်ငံ၊ ဆလန်ဂေါ (Selangor) ပြည်နယ် အမ်ပန်းမြို့(Ampang) ပန်ဒါမေဝါအိမ်ရာ အဆောက်အအုံတွေမှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား ၈၉ ဦးဟာ နိုဝင်ဘာလ ၂၆ ရက်မနေ့က ဖမ်းဆီးခံလိုက်ရတယ်လို့ မလေးရှားရောက်မြန်မာတွေက RFA ကို ပြောပါတယ်။
ပန်ဒါမေဝါ အိမ်ရာမှာနေထိုင်တဲ့ နိုင်ငံခြားသား လေးရာခန့်ကို စစ်ဆေးခဲ့ပြီး အဲဒီအထဲက တရားမဝင် နေထိုင်တဲ့ မြန်မာနိုင်ငံသား ၈၉ ဦး အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦး၊ နီပေါနိုင်ငံသား ရှစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား လေးဦးနဲ့ အိန္ဒိယနိုင်ငံသား လေးဦး အပါအဝင် စုစုပေါင်း ၁၁၉ ဦး ဖမ်းဆီးခံရကြောင်း မလေးရှားအခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။
မနေ့က ဖမ်းဆီးခံရတဲ့အထဲ အသိမိတ်တွေလည်း ပါသွားတယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ကဖမ်းတာတော်တော်များတယ်။ ကျွန်မ သူငယ်ချင်းတွေလည်း ပါသွားတယ် ။ မြန်မာ၊ အိန္ဒိယ၊ နီပေါ အကုန်လုံးပါတယ်။ ညနေ ၆ နာရီလောက်ကစပြီးဖမ်းတာ။ ပါမစ်ရှိတဲ့သူ၊ UN card ရှိတဲ့သူတွေကိုတော့ ပြန်လွှတ်ပေးတယ်။ အခုထိစိုးရိမ်နေလို့ ကျွန်မတို့က တခြားဘက် ထွက်ပြေးနေသေးတယ်။ ဝင်ဖမ်းတဲ့အချိန်က လမ်းတွေအားလုံး ပိတ်ထားတယ်”
နိုဝင်ဘာ ၂၄ ရက်ကလည်း ထိုင်းဘက်က တစ်ဆင့် မလေးရှားကိုလာတဲ့ မြန်မာနိုင်ငံသား ရှစ်ဦး ထိုင်း-မလေးနယ်စပ် မလေးရှားနိုင်ငံဘက်မှာ ဖမ်းဆီးခံရတာလည်းရှိတယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။
မလေးရှားမှာ ၂၀၂၃ ဒီဇင်ဘာလက စတင်ပြီး အာဏာပိုင်တွေက တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို အော်ပရာစီ စစ်ဆင်ရေးအနေနဲ့ ဖမ်းဆီးမှုတွေများနေပြီး တစ်နှစ်နီးပါးအတွင်း မြန်မာနိုင်ငံသား ထောင်နဲ့ချီ ဖမ်းဆီးခံရခဲ့ရတယ်လို့ မလေးရှားရောက် မြန်မာတွေကို ကူညီနေသူတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေက မလေးရှားနိုင်ငံမှာ ထောင် လပိုင်းခန့် ကျခံပြီးနောက် မြန်မာပြည်ကို ပြန်ပို့ခံနေရတာပါ။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မလေးရှားရုံးရဲ့ ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ကုန်အထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ ၁၉၀,၀၀၀ ကျော် ရှိတဲ့အထဲမှာ ၁၇၀,၀၀၀ ဝန်းကျင်က မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။