မတ္တရာမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ သုံးသောင်းကျော်အထိရှိလာ

RFA Burmese
2024.12.22
မတ္တရာမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ သုံးသောင်းကျော်အထိရှိလာ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် စကျင်ရွာက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် နေအိမ်အချို့အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် ရွာခုနစ်ဆယ်နီးပါးက လူသုံးသောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည် အကူအညီပေးနေသူတွေက RFA ကို ဒီဇင်ဘာလ ၂၂ ရက် ဒီနေ့ ပြောပါတယ်။

စစ်ကောင်စီတပ်က မတ္တရာမြို့နယ် တစ်ခုလုံးကို ပြန်ထိန်းချုပ်နိုင်ဖို့ နိုဝင်ဘာလကစလို့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

"လက်ရှိအနေအထားအထိ ကျွန်တော်တို့ ဒီထန်းပင်ကုန်းကို သိမ်းပြီးသွားပြီ၊ ထိုးစစ်အနေအထား ရပ်နေသေးတယ်"

ဒီရက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ပြီး ထန်းပင်ကုန်း၊ ကျောက်တံတား၊ မြကံသာ စတဲ့ရွာတွေ အပါအဝင် မတ္တရာမြို့နယ် အရှေ့ဘက်အခြမ်းနဲ့ အနောက်အဘက်ခြမ်းမှာရှိတဲ့ ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"မတ္တရာမြို့နယ် ပတ်ချာလည်ပေါ့၊ မတ္တရာမြို့နယ်ရဲ့ အနောက်ဘက်က ဧရာ၀တီမြစ်ထဲက ကျွန်းတွေ အပါအ၀င်၊ ရွာတွေ အပါအ၀င် နောက်ထပ် မတ္တရာမြို့ရဲ့ အရှေ့ဘက်ခြမ်း မတ္တရာမြို့ရဲ့ အနောက်ဘက်ခြမ်းရွာတွေဆိုတော့ အားလုံးစုစုပေါင်း ကျေးရွာပေါင်းက ခုနစ်ဆယ် ပတ်ချာလည်လောက် ရှိပါတယ်ဗျ။ သောင်းကျော်တယ်၊ ဘာလို့လဲဆိုရင် အများစုက ရွာကြီးတွေများတာပေ့ါ။ အခု ထန်းပင်ကုန်းဆိုရင်လည်း အိမ်ခြေတစ်ထောင်ကျော်၊ နှစ်ထောင်ပတ်ချာလည်တွေလေ။ အနည်းဆုံး မရှိဘူးဆို သုံးသောင်းကနေ ငါးသောင်းပတ်ချာလည်ရှိတယ်"

စစ်ကောင်စီတပ်က ရွာတွေကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်တာကြောင့် ထွက်ပြေးရတဲ့ ဒေသခံတွေ အခုချိန်အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။


ဆက်နွှယ်သော သတင်းများ

မတ္တရာမြို့နယ် ထန်းပင်ကုန်းတပ်စခန်းကို မန္တလေး PDF သိမ်းပိုက်

မတ္တရာမြို့နယ်က ရွာတချို့ နေ့စဉ် မီးရှို့ဖျက်ဆီးခံနေရ

မတ္တရာမြို့နယ် စကျင်ရွာမှာ လက်နက်ကြီးကြောင့် လေးဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရ


စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ အမိုးအကာ အကူအညီ လိုအပ်နေတယ်လို့ ဘေးလွတ်ရာ ထွက်ပြေးလာတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သပြေချောင်ရွာက စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“စားဝတ်နေရေးတော့ အခက်အခဲရှိတာပေါ့။ ကျွန်တော့တို့ နေရာထိုင်ခင်းတွေက အခုချိန်ပြန်ပြီး နေရာအတည်တကျ ထားဖို့ရာက အဆင်မပြေသေးဘူး ဖြစ်နေတာလေ။ အဲဒီမှာ အဓိက အခုဟာက လမ်းတွေက ပိတ်ဆို့ပြီး မပွင့်သေးဘူးဖြစ်နေတာ။ ခဏခဏ လက်နက်ကြီးတွေကလည်း ကျတာဆိုတော့ မနေရဲကြဘူးဖြစ်နေတတယ်။ လက်နက်ကြီးကလည်း တစ်ညခြား၊ နှစ်ညခြား ပုံမှန်အပစ်ခံနေရတော့ မနေရဲကြတော့ဘူး"

သူတို့ဟာ ဘုန်းကြီးကျောင်းနဲ့ လယ်တောတွေထဲမှာ နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့နဲ့ မိုင်နှစ်ဆယ်အကွာ ပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ်အစပ်က ထန်းပင်ကုန်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအထိုင်စခန်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့က အပြီးသတ် ထိန်းချုပ်နိုင်ခဲ့တယ်လို့ မန္တလေး - ပြည်သူ့ကာကွယ်ရေး တပ်မတော် (MDY-PDF)က ဒီဇင်ဘာလ ၂၁ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား နှစ်ဦးကို အရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။

"နောက်ရက်တွေမှာ ရှင်းလင်းရေးတွေလုပ်တော့ ဒီလယ်ကွက်တွေကနေပြီးတော့ နောက်ထပ် စစ်ကောင်စီ ရုပ်အလောင်းတွေ ထပ်ရတယ်။ လယ်တောတွေထဲကနေ လက်နက်ခဲယမ်းတွေ ထပ်ရတယ်ပေါ့၊ မနေ့ကအထိပေါ့နော်။ လက်ရှိအနေအထားအထိ ကျွန်တော်တို့ ဒီထန်းပင်ကုန်းကို သိမ်းပြီးသွားပြီ၊ ထိုးစစ်အနေအထား ရပ်နေသေးတယ်။ ခံစစ်အနေအထားနဲ့ ပြန်ပြီးလုပ်နေတယ်"

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ လက်ကြီးပစ်ခတ်မှု လုပ်တာကြောင့် ထန်းပင်ကုန်းရွာအနီးက ပုသိမ်ကြီးမြို့နယ်ဘက်အခြမ်း မြကံသာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ရဟန်း တစ်ပါး၊ ကိုရင် တစ်ပါးနဲ့ အရပ်သား တစ်ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

မတ္တရာမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က တွေ့ရစဥ်။ (ရောင်နီနွေဦး ဓာတ်ပုံ)
မတ္တရာမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က တွေ့ရစဥ်။ (ရောင်နီနွေဦး ဓာတ်ပုံ)

မတ္တရာမြို့နယ်က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ဒီဇင်ဘာလ ၁ ရက်ကနေ ၂၂ ရက် ဒီနေ့အထိ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ခုနစ်ဦး သေဆုံးပြီး ပို၀ (မြောက်) နဲ့ ဆင်ကုန်းရွာက နေအိမ် သုံးရာခန့် မီးရှို့ဖျက်ဆီးခံထားရပါတယ်။

မတ္တရာမြို့နယ်မှာ ရွာသစ်၊ ဝန်စုနဲ့ ထိန်ပင်စောက် စတဲ့ရွာတွေကို မန္တလေး-ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီဇင်ဘာလ ၉ ရက်နေ့မှာ ပြန်ထိန်းချုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။