မြင်းခြံနဲ့ မတ္တရာမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ
2024.11.20
တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း လက်လွှတ်ခဲ့ရတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ မြင်းခြံမြို့နယ်ထဲက နယ်မြေတွေကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၀ ရက်နောက်ပိုင်းကစပြီး အင်အားအများအပြားနဲ့ ပြန်လည် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
လက်ရှိ မြင်းခြံမြို့နယ်က နယ်မြေတချို့နဲ့ မတ္တရာမြို့အနောက်ခြမ်းက နယ်မြေအချို့ကို ကာကွယ်ရေးတပ်တွေ ပြန်လက်လွှတ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
"စစ်ရှောင်ကတော့ တစ်နေရာပေါက်သွားရင် (စစ်ကြောင်းဝင်လာရင်) တစ်နေရာ ရွှေ့ပေးရတာရှိတယ်"
တိုက်ပွဲကြောင့် မတ္တရာမြို့အနောက်ခြမ်း ရွာငါးရွာထက်မနည်းက ဒေသခံ တစ်သောင်းလောက်နဲ့ မြင်းခြံမြို့နယ် ချေဆေး၊ ကွမ်းစိုက်၊ ကန်ဆင့်၊ ဒါးကျွန်း၊ ပြည်တော်သာနဲ့ ကူရွာတွေက ဒေသခံ သုံးထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၇ ရက်နေ့ကစပြီး မတ္တရာမြို့အနောက်ခြမ်းကို ဧရာဝတီမြစ်ကနေ ဆန်တက်လာတဲ့ စစ်သင်္ဘော နှစ်စင်းအပြင် မြို့ပေါ်မှာအခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ကပါ လက်နက်ကြီးနဲ့ပစ်နေသလို လေကြောင်းရော၊ မြေပြင်ကပါ တိုက်ခိုက်နေတာလို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
မတ္တရာက PDF စခန်းတွေ စီးနင်းသိမ်းပိုက်ခံရ
မတ္တရာမြို့နယ်မှာ တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေကြောင်း MDY-PDF ထုတ်ပြန်
မြင်းခြံနဲ့ မတ္တရာမှာ တိုက်ပွဲကြောင့် အရပ်သားတွေ သေဆုံး
ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့ ပြန်ဆုတ်ပေးလိုက်ရပေမဲ့ အကုန်လက်လွှတ်ရတာမျိုး မရှိသေးဘူးလို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) သတင်းပြန်ကြားရေး တာဝန်ခံ ကိုအော်စမွန်က RFA ကို ပြောပါတယ်။
"မတ္တရာမြို့ရဲ့ အရှေ့ဘက်ခြမ်းကိုတော့ ကျွန်တော်တို့ MDY-PDF က အပြည့်အဝ ထိန်းချုပ်ထားတယ်လို့ ပြောလို့ရပါတယ်။ မတ္တရာမြို့ရဲ့ အနောက်ဘက်ခြမ်းမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားတယ်လို့ ပြောရင်ရပါတယ်ဗျ။ လက်ရှိ တိုက်ပွဲပြင်းထန်နေတာကတော့ မတ္တရာရဲ့အနောက်ခြမ်း ကျေးရွာတွေမှာဖြစ်ပြီးတော့ စစ်ကောင်စီဘက်က ဒီနေရာတွေကို ရရှိဖို့အတွက် ကြည်း၊ ရေ၊ လေ ဒီသုံးခုလုံး ပေါင်းပြီး စစ်ကြောင်းထိုးနေတာ ရှိပါတယ်။ ဒီတိုက်ပွဲတွေအတွင်းမှာ အတိုးအဆုတ် သဘောမျိုးဖြစ်နေတဲ့ နေရာတချို့ရှိပေမဲ့ ကြီးကြီးမားမား လက်လွှတ်ရတာတော့ မရှိသေးပါဘူး"
ဧရာဝတီမြစ်ကမ်းဘေးရွာတွေဖြစ်တဲ့ သဖန်းဒေါင့်၊ ငယ်တိုး၊ ဆောက်ခြုံပေါက်နဲ့ အောက်တောင်ကိုင်းရွာတွေမှာ တိုက်ပွဲအဓိကဖြစ်နေတာလို့ ဆိုပါတယ်။
မတ္တရာဒေသခံ စစ်ဘေးဒုက္ခသည် တစ်ဦးကတော့ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုးတဲ့ အခြေအနေကို စောင့်ကြည့်ပြီး တစ်နေရာပြီးတစ်နေရာ တိမ်းရှောင်နေရတယ်လို့ RFA ကို ပြောပါတယ်။
"စစ်ရှောင်ကတော့ တစ်နေရာပေါက်သွားရင် (စစ်ကြောင်းဝင်လာရင်) တစ်နေရာ ရွှေ့ပေးရတာရှိတယ်။ ကြာတော့ကြာပြီ။ ဒီမှာလေကြောင်းရန် ဝင်လာတဲ့အခါကျတော့ ပြန်ရွှေ့သွားရတာပေါ့။ ကျွန်တော်တို့ အိမ်တွေ ဘာတွေက မပျက်သေးဘူး။ ကျန်တဲ့အိမ်တွေက ပျက်တာတွေရှိတယ်။ ဟိုတစ်ခါလာတဲ့ စစ်ကောင်စီလာတုန်းက မီးရှို့သွားတာ ဘာညာရှိတယ်။ ကျွန်တော်တို့အိမ်က မပါသေးဘူး။ ပါတဲ့အိမ်တွေက ပါကုန်ပြီ"
မြင်းခြံခရိုင်ထဲက ကာကွယ်ရေးတပ်တွေသိမ်းယူထားတဲ့ နယ်မြေတွေကိုလည်း နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ မြေပြင်ကနေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာသလို လေကြောင်းကနေပါ အပြင်းအထန်တိုက်ခိုက်နေတာလို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ဒါကြောင့် မြင်းခြံ - တောင်သာလမ်းပေါ်က ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကွမ်းစိုက်၊ ကူရွာနဲ့ ချေဆေးရွာတွေကို လက်လွှတ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဒီနေ့မှာလည်း မြင်းခြံ - နွားထိုးကြီးလမ်းပိုင်းကို ထပ်ပြီးထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီမြင်းခြံလမ်းပိုင်းကို ကျွန်တော်တို့က စိုးမိုးထားတာကိုး။ မြင်းခြံ - တောင်သာလမ်းပိုင်း၊ မြင်းခြံ - နွားထိုး လမ်းပိုင်း သူတို့က အဲဒီလမ်းပိုင်းတွေကို စိုးမိုးဖို့အတွက်က ချေဆေးဆိုလည်း ပြောရမယ်ဆိုရင် ချေဆေး၊ ကူရွာ၊ ကွမ်းစိုက်ဆိုတာက တောင်သာလမ်းပိုင်း အဲဒီဘက်ကပဲ အခြေပြုပြီး လှုပ်ရှားကြတာကိုး။ အဲဒါကြောင့်လည်း အဲဒီဘက်ကို စစ်ကြောင်းထိုးနေပုံရတယ်။ ဒီနေ့ကြတော့ နွားထိုးနဲ့မြင်းခြံအစပ် ဇလုံဘက်မှာတော့ တိုက်ပွဲဖြစ်နေတယ်။ ပြည်သူ့စစ် သီတာယုမွန်အဖွဲ့နဲ့ စကစနဲ့တွဲပြီးတော့ စစ်ကြောင်းထိုးနေတာပေါ့။ လေကြောင်းပစ်ကူရော၊ လက်နက်ကြီးပစ်ကူရောနဲ့ စစ်ကြောင်းထိုးနေတာရှိတယ်"
လက်ရှိ တိုက်ပွဲကြောင့်ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာအကူညီတွေ လိုအပ်နေတယ်လို့ မတ္တရာမြို့နယ်မှာ ဒုက္ခသည်အရေး ကူညီပေးနေသူ တစ်ဦးက RFA ကို ပြောပါတယ်။
"ဒေသခံက အခုနောက်ထပ် ထပ်ရှောင်တဲ့ဟာနဲ့ဆို သောင်းဂဏန်းလောက်ရှိသွားပြီ။ ဒါက ကျွန်တော်တို့ဆီ ရောက်ရှိတဲ့ သတင်းအချက်အလက်ပေါ် မူတည်ပြီးပြောတာနော်။ ကျွန်တော်တို့ မသိနိုင်တဲ့ မြို့ပေါ်ကို ရှောင်နေကြတဲ့ ဟာတွေမပါသေးဘူး။ ရာသီဥတုအရ စောင်ပေါ့။ အဲဒါတော့ အခက်အခဲရှိတယ်။ အကုန်လုံး ဝရုန်းသုန်းကား ထွက်ပြေးရတော့ ဘာမှမပါဘူး။ အိုးခွက်ပန်းကန် စသည်အားဖြင့် ခက်ခဲတာပေါ့။ ဒါပေမဲ့ ကျွန်မတို့ နည်းနည်းငြိမ်သလိုရှိတယ်ဆိုရင် လုံခြုံရေး အခြေအနေကိုကြည့်ပြီး ပေးရတာမျိုးတွေရှိပါတယ်။ ဝင်လို့ရတဲ့နေရာ (ရွာ) ဆို ဝင်တယ်။ ဝင်လို့မရတဲ့နေရာဆို နယ်ခံတွေနဲ့ သူတို့ ရှောင်တဲ့နေရာက ရွာခံတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဖြေရှင်းပေးရတာပါ"
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အပြီးကတည်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အခြေစိုက်ရာ မန္တလေးမြို့အနီးက နယ်မြေတွေကို ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အပြင်းအထန် ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။
ဒါ့အပြင် တရုတ်ခရီးစဉ်အပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာတယ်လို့လည်း ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကတော့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာတာဟာ သူ့တပ်သားတွေကို စည်းရုံးနိုင်ဖို့ဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။
"အခုနောက်ပိုင်း ခပ်စိပ်စိပ် လုပ်လာတယ်ဆိုတာကလည်း သူတို့အနေနဲ့က ဒါမြေပြင်တိုက်ပွဲ ရခိုင်တိုက်ပွဲတွေမှာ ရှုံးနိမ့်လေလေ၊ စခန်းတွေစွန့်လွှတ်ရလေလေ သူတို့ရဲ့ ဘက်တော်သားတွေကိုရော၊ သူတို့ရဲ့ လက်အောက်ခံ ခါးပိုက်ဆောင်တပ်တွေကိုရော စည်းရုံးသိမ်းသွင်းနိုင်ဖို့အတွက် လေကြောင်းကနေ ဗုံးကြဲပြီးတော့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့သဘောရှိပါတယ်။ ဒီကိစ္စတွေက တရုတ်ပြည်ခရီးစဉ်နဲ့ ဆက်စပ်မှု ရှိ၊ မရှိဆိုတာကတော့ ကျွန်တော်တို့အနေနဲ့ မှတ်ချက်ပေးစရာ မရှိပါဘူး။ ကျွန်တော်တို့ အားလုံးကတော့ ဒီတော်လှန်ရေးကို ညီညီညွတ်ညွတ်နဲ့ နိုင်အောက်တိုက်သွားဖို့ပဲရှိပါတယ်"
မန္တလေးတိုင်းအတွင်း အပြင်းအထန် ထိုးစစ်ဆင်နေတဲ့အပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
အညာဒေသ မြေပြန့်မဟာဗျူဟာထိုးစစ် ကာလအတွင်း မန္တလေးမြို့အထက်ပိုင်း မိုးကုတ်၊ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့ အပါအဝင် မတ္တရာမြို့နယ်အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက စစ်ကောင်စီတပ်စခန်း သုံးဆယ်ခန့်ကို ကာကွယ်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့ပါတယ်။
ဒါ့အပြင် မြင်းခြံခရိုင်ထဲက အဓိကကျတဲ့ မြင်းခြံ - တောင်သာလမ်းပိုင်း၊ မြင်းခြံ - နွားထိုးကြီးလမ်းပိုင်းနဲ့ မြင်းခြံ - ငါန်းဇွန်လမ်းပိုင်းက နယ်မြေတချို့ကိုလည်း ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ခဲ့တာပါ။