မြင်းခြံနဲ့ မတ္တရာမှာ တိုက်ပွဲကြောင့် အရပ်သားတွေ သေဆုံး

RFA Burmese
2024.11.16
မြင်းခြံနဲ့ မတ္တရာမှာ တိုက်ပွဲကြောင့် အရပ်သားတွေ သေဆုံး မြင်းခြံမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြင်းခြံ ဓာတ်ပုံ

မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ အားကောင်းတဲ့ မြင်းခြံမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး အခုရက်ပိုင်းမှာပဲ အရပ်သား လေးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို နိုဝင်ဘာလ ၁၆ ရက် ဒီနေ့ ပြောပါတယ်။

မြင်းခြံမြို့နယ်က ချေဆေး၊ ကွမ်းစိုက်နဲ့ ကူရွာကို မိတ္ထိလာမြို့နယ်ကနေ အင်အား သုံးရာလောက်ရှိတဲ့ စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၁ ရက်နေ့ကစပြီး စီးနင်းတိုက်ခိုက်နေတာလို့ Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးက ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတချို့ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာရှိပါတယ်"

အဲဒီစစ်ကြောင်း ဝင်ရောက်ပြီးနောက် နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်နေ့အတွင်း ကွမ်းစိုက်ရွာက အသက်လေးဆယ် အရွယ် အမျိုးသား တစ်ယောက်၊ ကူရွာက အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီး နှစ်ယောက် သတ်ဖြတ်ခံရတယ်လို့ ဗိုလ်မိုက်ခဲက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ လက်ရှိအနေအထားက တိုက်ပွဲတွေ ဖြစ်နေတယ်။ ကျွန်တော်တို့က နယ်မြေရှင်းလင်းရေး မလုပ်နိုင်သေးဘူး။ ပြီးလို့ရှိရင် ကူရွာက အမျိုးသမီး နှစ်ယောက်၊ အမျိုးသား တစ်ယောက် သတ်သွားတယ်။ ကွမ်းစိုက်ရွာက အမျိုးသား တစ်ယောက်ကို သတ်သွားတယ်”


ဆက်နွှယ်သော သတင်းများ

မတ္တရာမြို့နယ်က စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြတ်လပ်

မတ္တရာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူငါးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေး

မြင်းခြံမှာ စစ်ကြောင်းကြောင့် ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ


သေဆုံးသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

သေဆုံးသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။နိုဝင်ဘာ ၁၆ ရက်နေ့ ဒီနေ့မှာလည်း ချေဆေးရွာနဲ့ ကွမ်းစိုက်ရွာအနီးမှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီဘက်က တပ်သား ငါးဦး သေဆုံးတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ဒီ့အပြင် မြင်းခြံမြို့အနီးက ဒါးကျွန်း၊ ပြည်တော်သာစတဲ့ ရွာတွေကို ခြေလျင်တပ်ရင်း ခလရ (၁၅) က တပ်သားတွေနဲ့ ပျူစောထီး အင်အား တစ်ရာ့ငါးဆယ်လောက်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ သုံးထောင်လောက် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်းခြံမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ပြည်သူတွေနေထိုင်တဲ့ ကျေးရွာဘက်အခြမ်းတွေမှာ ရမ်းသမ်းပစ်ခတ်ခြင်းရှိတယ်။ တချို့အိမ်တွေနားမှာ ကျတယ်။ ပြည်သူတော့ မထိခိုက်တဲ့သူက မထိခိုက်ဘူးဟုတ်လား။ တချို့သော ကျွဲနွားတို့၊ တခြားသော ပစ္စည်းတွေတော့၊ ဆုံးရှုံးတာတော့ ရှိတာပေါ့။ အခုလိုမျိုး ရမ်းသမ်းပစ်ခတ်သည့်အတွက်အကြောင့်မို့လို့ ပြည်သူတွေက တအားကြောက်လန့် ထိတ်လန့်နေတာတော့ ရှိတယ်ဗျ။ တောတောင်တွေထဲမှာ သွားပြီးတော့ မိုးရွာ၊ နေပူ နေရထိုင်ရတာတွေ ရှိတယ်ဗျ”

အလားတူ မတ္တရာမြို့နယ်က အောက်အင်းရွာမှာ နိုဝင်ဘာ ၁၆ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်နေပါတယ်။

ဒါ့ကြောင့် ဗောဓိ၊ အောက်အင်း၊ တောပု စတဲ့ ဆယ်ရွာလောက်က ဒေသခံ သုံးထောင်ကျော်ဟာ ဘေးလွတ်ရာ ပြောင်းရွှေ့ နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတ္တရာဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲကတော့ ဒီနေ့ဖြစ်တယ်။ အခုတော့ အောက်အင်း။ ပြည်သူကတော့ တော်တော်များများ ပြေးနေရတယ်။ အထက်ပိုင်းရွာတွေကတော့ တော်တော်များများ နှစ်လကျော်ပြီပေါ့နော်။ စစ်ရှောင်ရတာ။ လေးရွာလောက်ကတော့ အခုမှပေါ့နော်။ အခုမှ စစ်ကြောင်းထိုးလာလို့ ပြေးရတာပေါ့။ အရင်ကတော့ သူတို့ အဲဒီ ရွာတော်ကြီး၊ ရွာတော်လေးဘက်မှာ စစ်ရှောင်နေတာ။ အခုက ရွာတော်ကြီး၊ ရွာတော်လေးပါ ပြေးရပြီလေနော်”

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ တပ်ဖွဲ့ဝင်တချို့အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က တွေ့ရစဉ်။ (ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး ဓာတ်ပုံ)
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ တပ်ဖွဲ့ဝင်တချို့အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က တွေ့ရစဉ်။ (ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး ဓာတ်ပုံ)

မတ္တရာမြို့နယ်မှာ စစ်ကောင်စီက ထိုးစစ်ဆင်နေပေမဲ့ ကာကွယ်ရေးတပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ စခန်းတွေကို ထိန်းချုပ်ထားနိုင်တုန်းပဲလို့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြောခွင့်ရသူ ကိုအော်စမွန်က RFA ကို ပြောပါတယ်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးက ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတချို့ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာရှိပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိ ကြီးကြီးမားမား နောက်ဆုတ်ပေးရတာ မရှိဘူး။ အတိုးအဆုတ် ဖြစ်နေတဲ့နေရာတချို့ရှိပေမဲ့ နောက်ဆုတ်ပေးလိုက်ရတာ မရှိဘူး”

မတ္တရာနဲ့ မြင်းခြံမြို့နယ်တွေက အခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ မန္တလေးတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

ရှမ်း-မန်း စစ်ဆင်ရေးအတွင်း မတ္တရာမြို့နယ်က တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ လည်ပတ်နေတဲ့ အယ်ဖာ (Alpha) ဘိလပ်မြေစက်ရုံနဲ့ စစ်ကောင်စီ တပ်စခန်းတွေကို မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။

အဲဒီစခန်းတွေကို ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ဖို့ စစ်ကောင်စီတပ်က အောက်တိုဘာ ဒုတိယပတ်နောက်ပိုင်းကစပြီး မြေပြင်နဲ့ ဝေဟင် ပူးပေါင်းပြီး ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။