မြဝတီမြို့ကို စက်သုံးဆီသယ်ဆောင်ခွင့် စစ်ကောင်စီပိတ်ပင်

RFA Burmese
2025.02.09
မြဝတီမြို့ကို စက်သုံးဆီသယ်ဆောင်ခွင့် စစ်ကောင်စီပိတ်ပင် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ ဒုတိယ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားရှေ့တွင် စစ်ဆေးမှုများ ပြုလုပ်ရန် စောင့်ဆိုင်းနေသည့် လောင်စာဆီကားများကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် တွေ့ရစဉ်။
Lillian SUWANRUMPHA / AFP

အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ဆို့ပြီး မြဝတီမြို့ အပါအဝင် ထိုင်း-မြန်မာနယ်စပ်က နေရာငါးနေရာကို ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး ထိုင်းအစိုးရက လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီတွေ ဖြတ်လိုက်သလို စစ်ကောင်စီဘက်ကလည်း ဖေဖော်ဝါရီ ၇ ရက်နေ့ကစပြီး မြဝတီမြို့ကို လောင်စာဆီ သယ်တာတွေကို တင်းကျပ်လိုက်ပါတယ်။ ဒါကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ မြဝတီ ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့ကိုပို့မဲ့ လောင်စာဆီကားတွေကို စစ်ကောင်စီက ပိတ်ပင်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့ကစပြီး မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်မှာရှိတဲ့ စစ်ကောင်စီတပ် ချထားတဲ့ ဇာသပြင် (ဂျိုင်းတံတား) စစ်ဆေးရေးဂိတ်ကနေ ကရင်ပြည်နယ်ကိုသယ်မဲ့ စက်သုံးဆီကားတွေ ပိတ်လိုက်တာလို့ မြဝတီမြို့ခံတွေက RFA ကို ပြောပါတယ်။

“မြဝတီမြို့မှာ ဓာတ်ဆီပြတ်တဲ့အတွက် သောက်သုံးရေတွေပါ အခက်အခဲဖြစ်လာပါတယ်”

အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေ အခြေစိုက်ထားတယ်လို့ နာမည်ကြီးနေတဲ့ မြဝတီ၊ ရွှေကုက္ကိုလ်၊ တာချီလိတ် အပါအဝင် ထိုင်း-မြန်မာနယ်စပ်က မြို့ငါးမြို့ကို ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး ထိုင်းအစိုးရက လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီတွေ ဖြတ်လိုက်ပြီး နှစ်ရက်အကြာမှာ ကရင်ပြည်နယ်ကိုပို့မဲ့ ဆီတွေကို စစ်ကောင်စီက ဖြတ်နေတာပါ။

အခုလို ပိတ်လိုက်တဲ့အတွက် ငွေလိမ်ဂိုဏ်းတွေထက် သာမန် ပြည်သူတွေ ပိုပြီးအခက်အခဲဖြစ်တယ်လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

“မော်လမြိုင်တို့ ဘာအံတို့မှာ ဆီပီပါတွေ ပါရင်ဆွဲချတယ်။ လောင်စာဆီက ထိုင်းဘက်က ဖြတ်တောက်လိုက်တဲ့ အခါကျတော့ အကျပ်အတည်း ဖြစ်တာပေါ့။ သက်ရောက်မှုအရဆိုတော့ ပြည်သူတွေ အများကြီးထိခိုက်တာပေါ့။ တိုက်ပွဲတွေဖြစ်ကတည်းက လုပ်ငန်းတော်တော်များများက လောင်စာဆီနဲ့ လည်ပတ်နေတယ်လို့။ ပြောရမယ်။ လုပ်ငန်း တော်တော်များများဆိုတာမှာ ရေတင်တာ၊ ထုတ်တာ ဒါတွေ အားလုံးက လောင်စာဆီနဲ့ လည်ပတ်ရတာပေါ့ ပြည်သူတွေက။ ဒီအချိန်မှာ ကျားဖြန့်ခေါင်းစဥ်နဲ့ လောင်စာဆီတွေ ဖြတ်လိုက်တဲ့အချိန်မှာ ကျားဖြန့် ထိခိုက်တာရှိသလို အရပ်သား ပြည်သူတွေလည်း ထိခိုက်တာရှိတယ်”

မြဝတီမြို့ထဲက ဆီဆိုင်တစ်ချို့က သူတို့မှာ ကျန်တဲ့ဆီတွေကို ကားတစ်စီးအတွက် ငွေကျပ် သုံးသောင်းဖိုး ဆီရောင်းပေးနေပြီး မကြာခင်မှာ ကုန်တော့မယ်လို့ သူက ပြောပါတယ်။ အရင်က ကျပ်ခြောက်ထောင်ဝန်းကျင်ရှိတဲ့ ဓာတ်ဆီ တစ်လီတာကို အခုဆိုရင် တစ်သောင်းကျော်အထိ စျေးတက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ထိုင်းဘက်က နယ်စပ်တစ်လျှောက်မှာလည်း ထိုင်းစစ်တပ်က လုံခြုံရေး တိုးချထားပြီး ဆီမှောင်ခိုသယ်တဲ့သူတွေကို ဖမ်းဆီးတာတွေ ရှိနေပါတယ်”

မြဝတီမြို့နဲ့ ၁၅ မိုင်ကျော်ဝေးတဲ့ ရွှေကုက္ကိုလ်မြို့မှာတော့ ဓာတ်ဆီ တစ်လီတာကို ကျပ်နှစ်သောင်းနီးပါးအထိ ဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွှေကုက္ကိုလ်က ဆီလုံးဝမရဘူး။ ကားဆီလည်း ထည်လို့မရဘူး။ ရှာပြီး ထည့်နေရတာ။ အခုက မှောင်ခိုဈေးကွက် ဖြစ်နေတယ်။ ဈေးတွေလည်း တအားတက်နေတယ်။ အဲဒီလိုဖြစ်နေတယ်။ ငါးဂါလံ ပုံးကြီးကို နှစ်သိန်း သုံးသိန်း ပေါက်နေတယ်”

ကရင်ပြည်နယ် မြဝတီမြို့တွင် ထိုင်းနိုင်ငံက လျှပ်စစ်နဲ့ လောင်စာဆီတင်သွင်းမှု ရပ်ဆိုင်းလိုက်တာကြောင့် လောင်စာဆီတန်းစီနေသည့် ဆိုင်ကယ်များအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
ကရင်ပြည်နယ် မြဝတီမြို့တွင် ထိုင်းနိုင်ငံက လျှပ်စစ်နဲ့ လောင်စာဆီတင်သွင်းမှု ရပ်ဆိုင်းလိုက်တာကြောင့် လောင်စာဆီတန်းစီနေသည့် ဆိုင်ကယ်များအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

မြဝတီမြို့မှာ ဓာတ်ဆီ ပြတ်တဲ့အတွက် သောက်သုံးရေတွေပါ အခက်အခဲဖြစ်လာပြီလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရေပေးဝေရေးတို့ ဘာတို့ဆိုတာ ထိုင်းရေပေါ့။ တစ်ယူနစ်ကို ၁၉ ဘတ် ကျတယ်။ မီးကို ဖြတ်ချလိုက်တဲ့အခါမှာ ရေစက်တွေက ဒုံးဆို ရပ်သွားရော၊ စက်သုံးဆီကလည်း ဒုံးဆို ဖြတ်ချလိုက်တဲ့အခါကျတော့ အဲဒီမှာတင် ရေရော မီးပါ ပြတ်သွားတယ်။ တချို့ အခြေခံလူတန်းစား တော်တော်လေးကို မပြေလည်တဲ့ရပ်ကွက်တွေ အိမ်တွေမှာဆိုရင် နှစ်ပေလောက် ရေပုံးမဲလေးတွေပေါ့။ အဲဒီလို တည်ပြီး သုံးနေရတဲ့သူတွေ ရှိတယ်။ အဲဒီလို လူတွေဆိုရင် ပိုပြီးတော့ ဒုက္ခရောက်တယ်”

ထိုင်းဘက်က နယ်စပ်တစ်လျှောက်မှာလည်း ထိုင်းစစ်တပ်က လုံခြုံရေး တိုးချထားပြီး ဆီမှောင်ခိုသယ်တဲ့သူတွေကို ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က ကရင်ပြည်နယ်ဘက်ကို စက်သုံးဆီ သယ်ဆောင်ခွင့် ကန့်သတ်လိုက်တယ် ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

ကရင်ပြည်နယ်ကိုသယ်တဲ့ ဓာတ်ဆီကားတွေကို ပိတ်ပင်နေတာနဲ့ ပတ်သက်လို့ ကရင်အဖွဲ့အစည်းတွေရဲ့ သဘောထားသိနိုင်ဖို့ ပြောရေးဆိုခွင့်ရှိသူတွေကို ဒီနေ့ နေ့လယ်ပိုင်းက ဆက်သွယ်ခဲ့ပေမဲ့ လတ်တလော အဆက်အသွယ် မရသေးပါဘူး။

စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ကြောင့် ဒေသခံတွေနဲ့အတူ ကရင်ပြည်နယ်ထဲက တော်လှန်ရေး တပ်ဖွဲ့တွေအပေါ်မှာလည်း သက်ရောက်မှု ရှိနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“တရုတ်ရဲ့ အစီအစဥ်ကြောင့် ထိုင်း-မြန်မာ နယ်စပ်မှာရှိနေတဲ့ ကျားဖြန့်လုပ်ငန်းစဥ်တွေ ဖြတ်တောက်ရေးအတွက် လုပ်လာတယ်လို့ ယူဆစရာ ရှိပါတယ်။ အဲဒီထဲမှာ ပြည်သူလူထုနဲ့အတူ ရှိနေတဲ့ တော်လှန်ရေး အင်အားစုတွေကို တစ်စုံတစ်ရာ ကန့်သတ်ခံရတာလို့ ယူဆပါတယ်”

ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေနဲ့ နာမည်ကြီးတဲ့ ရွှေကုက္ကိုလ်၊ ဘုရားသုံးဆူနဲ့ မြဝတီမြို့တွေဟာ စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့တွေ အဓိကထိန်းချုပ်ထားတာ ဖြစ်ပါတယ်။


ဆက်နွှယ်သောသတင်းများ

ကျားဖြန့်ဂိုဏ်းတွေကို ထိထိရောက်ရောက် နှိမ်နင်းမယ်လို့ စစ်ခေါင်းဆောင် ပြော

မြ၀တီ ကျားဖြန့်ဂိုဏ်းက နိုင်ငံသားတွေ ကယ်ထုတ်ရေး သီရိလင်္ကာ တောင်းဆို

မြန်မာကို လျှပ်စစ်မီးရောင်းချတာ ရပ်ဆိုင်းဖို့ ထိုင်း ပြင်ဆင်


အွန်လိုင်း ငွေလိမ်လုပ်ငန်း နှိမ်နင်းရေး လုပ်ဆောင်နေပြီး အဲဒီလုပ်ငန်းတွေမှာ သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ယူရတဲ့ အာဏာပိုင်တွေ ပါဝင်ပတ်သက်နေရင် ထိထိရောက်ရောက် အရေးယူမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ပြောထားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) ကလည်း ဘုရားသုံးဆူမြို့နယ်ထဲမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ အခြေချခွင့်မရဖို့ ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားသလို ကာစီနို လောင်းကစားရုံတွေနဲ့ စားသောက်ကုန် ရောင်းတဲ့ဆိုင်တွေမှာ နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ အခု ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထားပြီး ဒေသတွင်းကနေ ထွက်ခွာကြဖို့ ဖေဖော်ဝါရီ ၉ ရက် ဒီနေ့မှာ အမိန့်ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။