ရေဘေးကြောင့် တောင်သူ ရှစ်သောင်းနီးပါး ပြန်လည်ထူထောင်နိုင်ဖို့ ခက်ခဲနေ

RFA Burmese
2024.09.24
ရေဘေးကြောင့် တောင်သူ ရှစ်သောင်းနီးပါး ပြန်လည်ထူထောင်နိုင်ဖို့ ခက်ခဲနေ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ရေကြီးနစ်မြုပ်နေမှုအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။
Voice Of Wundwin Photo

မြန်မာနိုင်ငံတစ်ဝန်း မြို့နယ် ၅၄ မြို့နယ်မှာ ရာဂီ မုန်တိုင်းကြောင့် စိုက်ပျိုးမြေဧက ခုနစ်သိန်းခွဲနီးပါး ရေဝင်ပျက်စီးခဲ့ရပြီး အဲဒီအထဲက စိုက်ပျိုးမြေ အများအပြားကတော့ ပြန်လည်ထူထောင်ဖို့ အခက်ကြုံနေကြပါတယ်။

RFA က စုံစမ်းမေးမြန်းချက်တွေအရ ကယား၊ မကွေး၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး အစရှိတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ရေဘေးကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ တောင်သူ ရှစ်သောင်းဝန်းကျင်ရှိနေပါတယ်။

"ဆန်၊ စပါးစိုက်တာ အခုဟာက စပါးခင်းတွေကလည်း အကုန်လုံး ပျက်စီးကုန်တာ"

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်က ပျက်စီးသွားတဲ့မြေတွေမှာ ပြန်လည်စိုက်ပျိုးဖို့ အတော်လေးခက်ခဲဦးမယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတောင်သူ တစ်ဦးက RFA ကို ပြောပါတယ်။

“ဒီဘက်က ကြက်သွန်တွေ ဘာတွေ သိပ်မထွန်းကားဘူး။ ဆန်၊ စပါးစိုက်တာ အခုဟာက စပါးခင်းတွေကလည်း အကုန်လုံး ပျက်စီးကုန်တာ။ ဒီလယ်တွေထဲမှာ နှစ်နှစ်လောက်ကို လုပ်စားလို့မရဘူး။ လူသေတွေရော ပုပ်စော်တွေနံလို့ သွားလို့လည်း မရဘူး။ အဲမှာ ကျီးကန်းတွေကလည်းထိုးလို့ ဒိုက်တွေဘာတွေ ရှင်းရင်တောင် လနဲ့ချီ ကြာမယ်ထင်တယ်။ အကုန်လုံး တစ်ပြင်လုံးသွားရောပဲ။ ဘာမှလုပ်စားလို့မရတော့ဘူး”

စိုက်ပျိုးမြေတင်မကဘဲ နေအိမ်နဲ့ အသုံးအဆောင်တွေပါ ဆုံးရှုံးခဲ့ရတာကြောင့် ကူညီထောက်ပံ့ရေးကိုသာ သူမျှော်လင့်နေရပါတယ်။ ဒီရေဘေးမှာ စိုက်ပျိုးရေးသုံး ထွန်စက်တွေနဲ့ ဓာတ်မြေဩဇာတွေပါ ရေနဲ့အတူမျောပါ ပျက်စီးသွားတာကြောင့် တောင်သူအတော်များများ လယ်ယာလုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့ ခက်ခဲနေတာလို့ သူက ဆိုပါတယ်။


ဆက်နွှယ်သော သတင်းများ

ရေဘေးကြောင့် သေဆုံးသူ ၃၈၄ ဦးအထိ ရှိလာကြောင်း စစ်ခေါင်းဆောင် ပြော

သဘာဝဘေးထက် စစ်ရေးကို ဦးစားပေးတယ်လို့ စစ်ကောင်စီ ဝေဖန်ခံနေရ

ဖြူးမြို့နယ်မှာ ရေဘေးအတွက် ရိက္ခာအကူအညီတွေ တားမြစ်ခံရ


ဆန်စပါး အဓိကစိုက်ပျိုးတဲ့ ပဲခူးတိုင်းမှာလည်း ကျောက်ကြီး၊ ဖြူး၊ တောင်ငူ၊ ရေတာရှည်၊ ပိန်းဇလုပ်နဲ့ စစ်တောင်းမြစ်ရိုးတစ်လျှောက်က ရွာပေါင်းတစ်ရာကျော်က စပါးခင်း ဧကသောင်းနဲ့ချီ ရေဝင်နစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တောင်းမြစ်အရှေ့ဘက် ကျောက်ကြီးမြို့နယ် လက်ကောက်ဝကျေးရွာက ကိုမင်းသူကလည်း ပျက်စီးသွားတဲ့ သူ့ရဲ့ စပါးခင်းတွေ ပြန်လည်ဖြစ်ထွန်းဖို့ ခက်ခဲနေတယ်လို့ RFA ကို ပြောပါတယ်။

“ဒီရေက ဘယ်နှစ်ရက် ကြာမယ်မှန်းမသိဘူး။ ပထမတစ်ခါ ရေကြီးတုန်းက ၁၈ ရက်ကြာတယ်ဗျ။ အခုဆို ဘယ်နှစ်ရက် ကြာမယ်မသိဘူး။ အဲဒီ ၁၈ ရက်ထဲမှာမှ ကျွန်တော်တို့ စပါးငါးဧကလောက် ပျက်စီးတယ်။ အခု ကျန်တဲ့ ငါးဧကပါ ရေထပ်တတ်နေပြန်ပြီ။ ဘာမှလုပ်လို့ အဆင်မပြေတော့ဘူး။ ရေက ဖုံးထားတာ စပါးတောင် မမြင်ရတော့ဘူး။ ရေက နောက်နေတာပဲ။ အဲဒါတွေ အကုန်လုံးက မြုပ်ကုန်တာ။ စပါးက မြုပ်တာနဲ့ သေတာပဲလေ”

လက်ရှိအချိန်အထိ ပျက်စီးဆုံးရှုံးခဲ့တဲ့ လယ်ယာမြေနဲ့ နေအိမ်တွေကို ပြန်လည်ထူထောင်ပေးဖို့အတွက် စစ်ကောင်စီဘက်က စာရင်းကောက်ယူ မေးမြန်းတာတွေ မရှိသေးဘူးလို့ သူက ဆိုပါတယ်။

နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ နေထိုင်တဲ့ လုံခြုံရေးကြောင့် အမည်လွှဲထားတဲ့ ဦးထွန်းထွန်းဦးမှာလည်း ရေဘေးကြောင့် မြေဩဇာကြဲထားတဲ့ မိုးစပါး ဧကသုံးဆယ်ကျော် ပျက်စီးခဲ့ရပါတယ်။

“အားလုံးက လယ်ရော၊ ယာရောပေါ့နော်။ သူ့အကွက်၊ ကိုယ့်အကွက်တောင် မမှတ်မိတော့ပါဘူး။ အကုန်လုံးက နုန်းတွေဖို့ပြီး သစ်တုံးတွေပဲ တင်နေတာ။ ကျွန်တော်ကတော့ နိုင်ငံ‌တော်ကို အမြန်ဆုံး ကူညီပေးစေချင်တယ်။ ဘာလို့လဲဆိုတော့ နောက်ကျလေ ကျွန်တော်တို့ လယ်မြေတွေက အခက်အခဲတွေ ဖြစ်လေလေ။ နောက်ပြီးတော့ သက်ငယ် စပါးမျိုး ရက် ၉၀ တွေ ပြန်ပြီးတော့ ထူထောင်ပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ လာမယ့်နှစ်ကို ဝမ်းစာလေးဘာလေး ရနိုင်သေးတာပေါ့”

စပါးစိုက်ခင်းတစ်ဧကကို ငွေကျပ် ခုနစ်သိန်းနီးပါး ရင်းနှီးထားရတာကြောင့် ရေကြီးနစ်မြုပ်မှုကြောင့် သူ့ရဲ့ဆုံးရှုံးမှုဟာ ကျပ်သိန်းနှစ်ရာကျော်လောက်အထိ ရှိတယ်လို့ ပြောပါတယ်။

ရေလွှမ်းမိုးသွားတဲ့ လယ်မြေတွေမှာ အမှိုက်တွေ တင်ကျန်ခဲ့တာကြောင့် စိုက်ပျိုးမြေအဖြစ် ပြန်လည်အသုံးပြုနိုင်ဖို့ တစ်နှစ်ကျော်လောက် အချိန်ယူပြုပြင်ဖို့ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

နိုင်ငံတစ်ဝန်း ရေဘေးကြောင့် စပါးအထွက်နှုန်းတွေ ထိခိုက်နိုင်တာကြောင့် စစ်ကောင်စီအနေနဲ့ ဆန်တွေကို ပြည်ပတင်ပို့တာတွေကို ထိန်းညှိဖို့လိုတယ်လို့ အမည်မဖော်လိုတဲ့ စိုက်ပျိုးရေးပညာရှင် တစ်ဦးက ထောက်ပြပါတယ်။

“အရန်ဆန်ဆိုတဲ့ဟာတွေကို နိုင်ငံခြားကို များများထုတ်မရောင်းဖို့ပဲ။ နိုင်ငံခြားကို ပိုက်ဆံလိုချင်လို့ များများထုတ်ရောင်းလိုက်တယ်ဆိုရင် အဲဒီ ခြောက်သိန်းက ဒုက္ခပေးမယ်။ ဒါပေမဲ့ အရန်ဆန် အားလုံးကို အကုန်ထုတ်လိုက်ရင် အဲဒီခြောက်သိန်းသည် Marjinnal Effect ဖြစ်သွားလိမ့်မယ်။ သူက critical value အန္တရာယ်ပေးတဲ့ ပမာဏဖြစ်သွားလိမ့်မယ်"

နေပြည်တော်၊ တပ်ကုန်းမြို့နယ် ကြို့ကုန်းရွာရှိ နေအိမ်များ ရေကြီးနစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
နေပြည်တော်၊ တပ်ကုန်းမြို့နယ် ကြို့ကုန်းရွာရှိ နေအိမ်များ ရေကြီးနစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

မြန်မာနိုင်ငံမှာ စိုက်ပျိုးမြေဧက ၁၁ သန်းနီးပါးထဲက ဆန်တန်ချိန် ၁၄ သန်းအထိ ထုတ်လုပ်နိုင်ပေမဲ့ ပြည်တွင်းစားသုံးမှုဟာ ဆန်တန်ချိန် ၁၁ သန်းအထိရှိတယ်လို့ သူက ဆိုပါတယ်။

ရေဘေးကြောင့်ထိခိုက်ခဲ့ရတဲ့ တောင်သူတွေ အရေးနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

ရာဂီ မုန်တိုင်းအရှိန်ကြောင့် ရေကြီးမြေပြိုမှုမှာ နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၈၄ ဦးအထိရှိလာပြီး ပျောက်ဆုံးနေသူ ၈၉ ဦးရှိတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စက်တင်ဘာ ၂၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရေဘေးသင့် ပြည်သူတွေ ပြန်လည်ထူထောင်ရေးကို ခြောက်လအတွင်း ပြီးစီးအောင် လုပ်ဆောင်သွားမယ်လို့ စက်တင်ဘာ ၁၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။