နိုင်ငံတစ်ဝန်း ဒုက္ခသည် ခြောက်သန်းကျော် အကူအညီလိုအပ်နေ

RFA Burmese
2024.11.18
နိုင်ငံတစ်ဝန်း ဒုက္ခသည် ခြောက်သန်းကျော် အကူအညီလိုအပ်နေ တောင်ငူမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာနဲ့အတူ စစ်ဘေးဒုက္ခသည်ဦးရေပါ တိုးလာနေပါတယ်။ တဖက်မှာလည်း စစ်ဖြစ်နေတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ စစ်ကောင်စီက စားနပ်ရိက္ခာသယ်နိုင်တဲ့ လမ်းတွေကို ပိတ်ထားသလို၊ နိုင်ငံတကာအကူအညီလည်း ထိထိရောက်ရောက် မရဘူးလို့ တိုင်းရင်းသားအဖွဲ့တွေ၊ ပရဟိတ သမားတွေက ပြောကြပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) ရဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည် အရေအတွက် စုစုပေါင်းဟာ ၆ ဒသမ ၆ သန်းကျော်ရှိနေတာပါ။

“ကျွန်တော်တို့ အများကြီး လိုတယ်ပေါ့။ ဆန်တို့၊ စားသောက်ကုန်တို့လိုမျိုး ပြီးရင်တခြားဆေးဝါး အများကြီးပဲပေါ့"

အဲဒီထဲက ၂ ဒသမ ၇ သန်းကျော်ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတိုးလာတဲ့ အရေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအရေအတွက်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည် အရေအတွက် စုစုပေါင်းရဲ့ ၄၁ ရာခိုင်နှုန်းကျော် ရှိနေတယ်လို့လည်း ISP-Myanmar က ဖော်ပြပါတယ်။

စစ်ဘေးဒုက္ခသည်အများဆုံး တိုင်းနဲ့ ပြည်နယ်တွေကတော့ စစ်ကိုင်းတိုင်း၊ ကရင်နဲ့ ရခိုင်ပြည်နယ်တို့ ဖြစ်ကြပါတယ်။


ဆက်နွှယ်သော သတင်းများ

ရခိုင်မှာ လူနှစ်သန်းကျော် အငတ်ဘေးကျရောက်နိုင်ကြောင်း UNDP သတိပေး

ပလက်ဝ စစ်ဘေးဒုက္ခသည် နှစ်သောင်းခန့် စားနပ်ရိက္ခာနဲ့ဆေးဝါး အရေးပေါ်လိုအပ်နေ

စစ်ကိုင်းတိုင်းထဲမှာ စစ်ကြောင်းထိုးနေလို့ တစ်သောင်းကျော် ထွက်ပြေးနေရ


စစ်ကိုင်းတိုင်းမှာ စစ်ဘေးဒုက္ခသည် ၂ ဒသမ ၈ သန်းကျော်၊ ကရင်ပြည်နယ်မှာ ရှစ်သိန်းကျော်နဲ့ ရခိုင်ပြည်နယ်မှာ ခြောက်သိန်းကျော်အထိ ရှိနေတာပါ။

ရခိုင်ပြည်နယ်မှာ စားနပ်ရိက္ခာရှားလာပြီး ကုန်စျေးနှုန်းကြီးတဲ့ ဒဏ်ခံနေရတယ်လို့ ပရဟိတသမား စာရေးဆရာ ကိုဝေဟင်အောင်က RFA ကို ပြောပါတယ်။

“လိုအပ်ချက်တွေက အများကြီးပါ။ ကျန်းမာရေးလိုအပ်ချက်၊ ဒီအမိုးအကာလိုအပ်ချက်၊ ဒီစားနပ်ရိက္ခာ လိုအပ်ချက်က တော်တော်ကြီးကြီးမားမား ဒီနေ့အချိန်ထိရှိနေသေးတယ်။ ဒီကြားထဲမှာကျရင် စဖြစ်ကတည်းကနေပြီးတော့ စစ်ကောင်စီဘက်က ရခိုင်ကိုဝင်လာတဲ့ ကုန်းလမ်းရေလမ်းတွေ အကုန်လုံးကို ဖြတ်တောက်ထားခဲ့တဲ့အတွက် စစ်ဘေးရှောင်တွေက ကုန်စျေးနှုန်းမြင့်တဲ့ ဒဏ်ရယ်၊ ပြီးတော့ ကုန်ပစ္စည်းရှားပါးမှု ဒဏ်ရယ် နှစ်မျိုးလုံးကို သူတို့က ခံရတယ်။ လုံး၀လုံလောက်မှု မရှိဘူး။ အကူအညီကတော့ ဆက်တိုက်လိုနေတယ်ခင်ဗျ”

ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ခြောက်သိန်းလောက် ရှိနေတယ်လို့လည်း သူကပြောပါတယ်။ အဲဒီအပြင် ရာဂီမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ လူနှစ်သိန်းလောက် ရေဘေးသင့်ခဲ့ပြီး ဆက်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် စာရင်းအတိအကျကိုတော့ အတည်ပြုနိုင်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့အတွက် စစ်ကောင်စီက လမ်းတွေပိတ်ဆို့ပြီး အဆက်အသွယ်တွေ ဖြတ်တောက်ထားလို့ စစ်ဘေးဒုက္ခသည် နှစ်သောင်းလောက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကစတင်ပြီး ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ ထန်တလန်မြို့တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အိန္ဒိယနယ်စပ်ကို ထွက်ပြေးရတဲ့ ဒုက္ခသည်တိုးလာနေပြီး အကူအညီလိုအပ်နေတယ်လို့ အိန္ဒိယ-မြန်မာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ India For Myanmar အဖွဲ့ တာဝန်ခံ ဆလိုင်းဒိုခါရ်က RFA ကို ပြောပါတယ်။

“အခု လေကြောင်းအပါအဝင် မြို့သိမ်းတိုက်ပွဲတွေလည်းဖြစ်လာတော့ ဒါ ထောင်နဲ့ချီပြီးတော့မှ လူ (ဒုက္ခသည်) တိုးလာတယ်လို့တော့ ကျွန်တော်တို့က အကြမ်းဖျဉ်းသိထားရတယ်။ အဓိကအားဖြင့်တော့ အိန္ဒိယဘက်ခြမ်းကို အရင်ကတည်းကနေ စစ်ရှောင်တဲ့သူ အပါအဝင် အခု အသစ်ရွှေ့ပြောင်းလာတဲ့သူတွေ အတော်များများရဲ့ လိုအပ်ချက်က နေထိုင်ဖို့ရယ်၊ ရွက်ဖျင်တဲပေါ့နော်။ နောက်ပြီးတော့မှ အစားအသောက်တွေ၊ အဝတ်အထည်တွေပါပဲ”

ဖလမ်းမြို့မှာ အောက်တိုဘာလ ၂၅ ရက်ကစပြီး တိုက်ပွဲစဖြစ်ခဲ့တာကြောင့် လူ ကိုးထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုများနှင့် နေအိမ်မီးရှို့မှုများကြောင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Facebook/ ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး)
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုများနှင့် နေအိမ်မီးရှို့မှုများကြောင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Facebook/ ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး)

စစ်ကိုင်းတိုင်းမှာလည်း တချို့ဆိုရင် အလှူရှင်ရောက်လာမှ စားသောက်စရာတွေရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“အကူအညီကလည်း ရတော့ ရတာပေါ့နော်။ ဒါပေမဲ့လည်း လိုအပ်ချက်ရှိတယ်။ ရှိနေသေးတယ်လို့တော့ ကျွန်တော့်အနေနဲ့ မြင်မိတယ်။ ဘာလို့လဲဆိုတော့ တအားခက်ခဲတယ်ဗျ။ တချို့တွေဆိုလို့ရှိရင် ဘယ်လောက်အထိ ခက်ခဲလည်းဆိုလို့ရှိရင် တအားဗျာ လာလှူမှစားရတာမျိုးတွေရှိတယ်။ စစ်ရှောင်ရော၊ မီးဘေးသင့်ရော အကုန်လုံး သူ့အခက်အခဲနဲ့ သူရှိနေကြတာပေါ့နော်”

ဘုတလင်မြို့နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည် အရေးကူညီပေးနေသူတွေက ပြောပါတယ်။

အလားတူ တနင်္သာရီတိုင်းမှာလည်း စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာလိုအပ်နေတယ်လို့ တနင်္သာရီမြို့က ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ အများကြီး လိုတယ်ပေါ့။ ဆန်တို့၊ စားသောက်ကုန်တို့လိုမျိုး ပြီးရင်တခြားဆေးဝါး အများကြီးပဲပေါ့။ ဆေးဝါးလိုမယ် ပြီးတော့ တခြားပစ္စည်းပစ္စယာတွေ ကျွန်တော်တို့ လူသုံးကုန်ပစ္စည်းတွေ အဓိကကတော့ လိုအပ်တာကတော့ ဆန်ရယ်၊ စားနပ်ရိက္ခာရယ်၊ ဆေးဝါးရယ် ဒါတွေဟာ မရှိမဖြစ် အဓိက လိုအပ်တဲ့ဟာတွေပေ့ါ”

တနင်္သာရီတိုင်း ပုလောမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်လို့ ဒေသခံတစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးနေရသော စစ်ဘေးဒုက္ခသည်များကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ရက်နေ့က တွေ့ရစဥ်။ (Facebook/ Voice of Pin Laung)
ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးနေရသော စစ်ဘေးဒုက္ခသည်များကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ရက်နေ့က တွေ့ရစဥ်။ (Facebook/ Voice of Pin Laung)


ကယားပြည်နယ်မှာလည်း စစ်ကောင်စီက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို ပိတ်ပင်ကန့်သတ်တာတွေ ရှိနေပါတယ်။ ဒီကြားထဲမှာ စစ်ဘေးရော၊ ရေဘေးရောခံရလို့ ဒုက္ခသည်တွေ စားနပ်ရိက္ခာခက်ခဲနေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။

“သက်တမ်းကလည်း နှစ်နှစ်၊ သုံးနှစ်ထဲဝင်သွားတော့ ကိုယ်ထူကိုယ်ထ လုပ်နိုင်ဖို့အတွက်က အားတွေက၊ အင်အားတွေက အဲလောက်အထိ မရှိတော့ဘူးပေါ့နော်။ မျှဝေစားသုံးတယ်ဆိုတာလည်း အကန့်အသတ်တွေ တအားဖြစ်လာတော့ ကျွန်တော်တို့က အဲဒီ မှီခိုရတဲ့ဘ၀က ပိုပိုပြီးများလာတယ်ပေါ့နော်။ အခုလိုမျိုး ရေဘေးသင့်ကလည်း ကျွန်တော်တို့ပိုပြီး စိန်ခေါ်မှုဖြစ်လာတယ်ပေါ့နော်။ စားနပ်ရိက္ခာ အကန့်အသတ်တွေ၊ နောက် ဝယ်ရခြမ်းရခက်ခဲမှုတွေ၊ နောက် နိုင်ငံတကာ အကူအညီလည်း ထင်သလောက်မရဘူးပေါ့နော်။ အထူးသဖြင့် နိုင်ငံတကာ ထောက်ပံ့ကူညီရေးအဖွဲ့တွေကနေ အခုထိ တိတိပပ ဘာအကူအညီမှမရသေးတာကလည်း ကျွန်တော်တို့အတွက် အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီးကြုံတွေ့ပါတယ်”

ဒုက္ခသည်အရေး ကိစ္စနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဒေါင်းချောင်းဆင်စခန်းမှ လူများ ပြောင်းရွှေ့နေသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဒေါင်းချောင်းဆင်စခန်းမှ လူများ ပြောင်းရွှေ့နေသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီပေးမှုတွေကို ပိတ်ဆို့တားဆီးတာ မရှိဘဲ လုံခြုံရေးပေးနိုင်တဲ့ ဒေသအားလုံးကို ခွင့်ပြုဆောင်ရွက်ပေးနေတယ်လို့ အောက်တိုဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရာဂီမုန်တိုင်းဒဏ်ကြောင့် နိုင်ငံတစ်ဝန်းက ရေကြီးရေလျှံမှုမှာ လူ ကိုးသိန်းနီးပါး (၈၈၇,၀၀၀) ရေဘေးဒဏ် ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကလည်း စက်တင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့တယ်။

လက်ရှိအချိန်မှာ ဆောင်းရာသီ ဝင်ရောက်လာတာကြောင့် မြန်မာနိုင်ငံတစ်ဝန်းက စစ်ဘေးဒုက္ခသည်တွေဟာ အအေးဒဏ်ကို ရင်ဆိုင်ဖို့အတွက် ခြုံစောင်နဲ့ အနွေးထည်တွေကို အဓိကလိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။