ထိုင်းရောက်မြန်မာတွေအတွက် ပန်းရောင်ကတ်ကို ပုံစံနှစ်မျိုးခွင့်ပြုပေးဖို့ တောင်းဆို

သီရိမင်းဇင် (ဝါရှင်တန်ဒီစီ)
2024.07.23
ထိုင်းရောက်မြန်မာတွေအတွက်  ပန်းရောင်ကတ်ကို ပုံစံနှစ်မျိုးခွင့်ပြုပေးဖို့ တောင်းဆို ထိုင်းနိုင်ငံက ရေထွက်ပစ္စည်းလက်ကားဒိုင်တစ်ခုတွင် အလုပ်လုပ်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ၂ဝ၁၈ ခုနှစ်က တွေ့ရစဉ်။
AFP

ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာတွေအတွက် နိုင်ငံကူးလက်မှတ်မလိုဘဲ ပန်းရောင်ကတ်တစ်ခုတည်းနဲ့ နေထိုင်သွားလာ အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရဆီ တင်ပြထားတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်နေသူတွေက ပြောပါတယ်။

ထိုင်းလူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(HRDF)၊ ထိုင်းလူ့အခွင့်အရေးရှေ့နေတွေနဲ့ မဲဆောက်အခြေစိုက် အလုပ်သမားအဖွဲ့အစည်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ထိုင်းအစိုးရကို တင်ပြလိုက်တာပါ။

ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့ မြန်မာတွေအတွက်ဆိုပြီး ပန်းရောင်ကတ်ကို ပုံစံနှစ်မျိုးခွင့်ပြုပေးဖို့ ထိုင်းအစိုးရကို တင်ပြထားတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ပန်းရောင်ကတ်တစ်မျိုးတည်းနဲ့ ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရရှိရေးကို အလေးပေး ဇောင်းပေးပြီး ဆွေးနွေးကြတယ်၊ ပန်းရောင်ကတ်ပြီးရင် work permit လုပ်ရမယ်၊ အဲတာက ထိုင်းနိုင်ငံမှာ နေထိုင်အလုပ် လုပ်ကိုင်ခွင့်ရှိတဲ့သူ၊ နောက်ပန်းရောင်ကတ် သီးခြား ပန်းရောင်ကတ် တစ်မျိုးထဲပဲ နေထိုင်ခွင့် သူကတော့ CDM နဲ့ နိုင်ငံရေးအရ စစ်ရေးအရ တိမ်းရှောင်လာတဲ့သူတွေအတွက် ပေးရမယ့်ဟာမျိုး၊ အဲဒီလို နှစ်မျိုးခွဲပြီး ထိုင်းအစိုးရကို တင်ပြဖို့အတွက် ဆုံးဖြတ်ချက်ကျတယ်၊ ထိုင်းအစိုးရကိုလည်း ထိုင်းလူ့အခွင့်အရေး ကော်မရှင်၊ ပြီးတော့ Migrant Working Group ဆိုတဲ့ ထိုင်းအစိုးရဲ့ နိုင်ငံခြားသား လုပ်သားစီမံခန့်ခွဲမှု ကောက်မတီနဲ့ တိုက်ရိုက်ချိတ်ဆက်နေတဲ့ အဖွဲ့အစည်းကနေ တစ်ဆင့် တင်ပြပြီးသွားပါပြီ၊ ထိုင်းအစိုးရကလည်း နည်းနည်း လှုပ်လှုပ်ခတ်ခတ်ဖြစ်လာပြီ“

နေထိုင်ခွင့်သက်သက် ပန်းရောင်ကတ်ကတော့ ခွင့်ပြုတဲ့မြို့မှာပဲ နေရမှာဖြစ်ပြီး တခြားမြို့ကို သွားမယ် ဆိုရင် သက်ဆိုင်ရာမြို့နယ်ရုံးမှာ ခိုင်လုံတဲ့အထောက်အထားတွေနဲ့ ခွင့်ပြုချက်တောင်းခံဖို့ လိုမယ်လို့လည်း ဦးမိုးကြိုး က ဆိုပါတယ်။

ဒီကိစ္စတွေကို ထိုင်းနိုင်ငံခြားရေး၊ ပြည်ထဲရေး၊ လဝက နဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေး စတဲ့ ဝန်ကြီး ဌာနပေါင်းစုံပါတဲ့ ထိုင်းအစိုးရနိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေးကော်မတီကို တင်ပြ တောင်းဆိုထားတယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ နိုင်ငံကူးလက်မှတ် (သို့) ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ်တွေ သက်တမ်းကုန်တဲ့အခါ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း နယ်စပ်မြို့တွေမှာ သွားရောက်သက်တမ်းတိုးကြရပါတယ်။ အဲဒီအခါ စစ်ကောင်စီကို လစာရဲ့ ၂ ရာခိုင်နှုန်း အခွန်ဆောင်ထားတဲ့ ပြေစာအပြင် လစာကနေ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီသတ်မှတ်ထားတဲ့ ဘဏ်တွေနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကနေတစ်ဆင့် မိဘတွေဆီကို ပြန်လွှဲထားပြီးကြောင်း ပြေစာတွေ ပြမှသာ သက်တမ်းတိုးပေးတာ ဖြစ်ပါတယ်။

အခွန်နှစ်ထပ်ပေးရတဲ့ ပုံစံဖြစ်နေတာကြောင့် အခက်ကြုံနေကြရတယ်လို့ အမည်မဖော်လိုတဲ့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောပါတယ်။

“ဒီနိုင်ငံမှာက အခွန်က အမြဲဆောင်နေရတာ ချိုးရေလည်း အလကားမရဘူး၊ သောက်ရေလည်း အလကား မရဘူး၊ ဖင်တစ်နေရာစာ ရဖို့အရေးက ပိုက်ဆံက ထောင်နဲ့ချီ ကုန်တာဆိုတော့ ရတာက လစာက အိုတီမရှိဘူး ဆိုရင် တစ်လမှ ခုနစ်ထောင် ရှစ်ထောင်လောက်ရတာလေ၊ အခန်းခ၊ ရေဖိုး၊ မီးဖိုးနဲ့ သုံးထောင်လောက်က သွားရော။ ထိုင်းနိုင်ငံမှာနေတော့လည်း ကျန်းမာရေး၊ လူမှုဖူလုံရေးက ငါးရာခိုင်နှုန်းဆောင်ရတယ်လေ၊ ရှစ်ထောင်ရတယ် ထားဦး၊ အဲဒီမှာ လေးရာလောက်ကပြုတ်သွားပြီ၊ အဲဒါမှာမှ သူတို့ကို ၂၅ ရာခိုင်နှုန်းကို ပြန်ပေးရဦးမယ်ဆိုတော့ ဒီကလူတွေက ဘာနဲ့ သွားစားမလဲ၊ ဘာနဲ့နေမလဲပေါ့၊ ဒီနိုင်ငံမှာကလည်း အလကားနေရ တာ မဟုတ်ဘူးလေ၊ တစ်လတစ်ခါ တုံးထုရတဲ့ စာအုပ်တွေရှိတယ်၊ သုံးလတစ်ခါ တုံးထုရတဲ့ စာအုပ်တွေရှိတယ်၊ Work Permit သက်တမ်း တိုးရတာနဲ့ ဒီစာအုပ်သက်တမ်းတိုးရတာနဲ့ တချို့ဆို မလွယ်ဘူး၊ အကြွေးတွေနဲ့ လုံးလည်ချာလည်လိုက်ပြီးတော့ကို ဖြစ်နေတာ”

ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းလုပ်သားများအတွက် ဖွင့်လှစ်ထားသည့် CI Center တစ်ခုအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Hazel.com Bangkok Services Photo)
ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းလုပ်သားများအတွက် ဖွင့်လှစ်ထားသည့် CI Center တစ်ခုအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Hazel.com Bangkok Services Photo)

တစ်ဖက်မှာလည်း ပန်းရောင်ကတ်နဲ့ Work Permit ကိုင်ထားတဲ့သူတွေ ထိုင်းနိုင်ငံတွင်း လွတ်လပ်စွာ သွားလာနေထိုင် အလုပ်လုပ်ခွင့်ပြုဖို့အပါအဝင် အချက် ငါးချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇူလိုင်လ ၁၈ ရက်နေ့က ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ပန်းရောင်ကတ်ကိုင်ထားတဲ့သူတွေ နယ်မြေကျော်သွားဖို့ ကန့်သတ်ချက်တွေရှိနေတာကြောင့် ထိုင်းအစိုးရကို တောင်းဆိုလိုက်တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက ပြောပါတယ်။

“ပန်းရောင်ကတ်က ထိုင်းနိုင်ငံမှာ ခွင့်ပြုနေရာတွေကို ကျော်လွန်သွားတဲ့အခါ၊ လုံးဝသွားခွင့် မရှိတာတော့ မဟုတ်ဘူး၊ ထောက်ခံစာလုပ်ပြီးသွားရတယ်ဆိုတော့ စက်ရုံအလုပ်မဟုတ်တဲ့ တခြားအလုပ်တွေ လုပ်တဲ့သူ တွေမှာ အတားအဆီးတွေဖြစ်တယ်၊ ပန်းရောင်ကတ်ကိုပါ လွတ်လပ်စွာသွားလာခွင့်ပါ ပေးဖို့ပေါ့နော်၊ ကိုယ့်နိုင်ငံသားတွေရဲ့ အသံပေါ့နော်၊ နောက်တကယ့်လိုအပ်ချက်အတွက်ကို ဆောင်ရွက်ပေးဖို့အတွက် ထိုင်းအစိုးရဆီကို ဦးတည်ပြီးတော့ပေါ့နော်၊ ကြေညာချက်ထုတ်တောင်းဆိုတာ”


ဆက်နွှယ်သောသတင်းများ

ပန်းရောင်ကတ်နဲ့ နိုင်ငံတွင်း နေထိုင်အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရကို NUG တောင်းဆို

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေ အနိမ့်ဆုံးလုပ်ခတိုး‌ရေး ကန့်ကွက်မှုတွေရှိနေ

ထိုင်းမှာ အထောက်အထားမဲ့ မြန်မာ ရှစ်သောင်းကျော် ဖမ်းဆီးခံရ


ထိုင်းအစိုးရအနေနဲ့ အထောက်အထားမရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပန်းရောင်ကတ် ထုတ်ပေးမယ့် အစီအစဥ်ကို အမြန်စတင်ပေးဖို့၊ စစ်ကောင်စီရဲ့ CI ထုတ်ပေးတဲ့ လုပ်ငန်းစဥ်တွေကို ခွင့်မပြုဘဲ CI စာအုပ် မဖြစ်မနေလုပ်ရမယ်ဆိုတဲ့ မူဝါဒကို ထိုင်းအစိုးရအနေနဲ့ ပြန်လည်သုံးသပ်ပေးဖို့၊ ထိုင်းရောက် မြန်မာလုပ်သားတွေရဲ့ လစာကနေ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီသတ်မှတ်ထားတဲ့ ဘဏ်တွေနဲ့ ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတွေကနေ မဖြစ်မနေ ပြန်လွှဲဖို့ ဖိအားပေးအကျပ်ကိုင်တာကို တားမြစ်ပေးဖို့ နဲ့ သက်တမ်းကုန် နိုင်ငံကူးလက်မှတ်ကိုင်ထားတဲ့ ထိုင်းရောက်မြန်မာတွေကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ Work Permit နဲ့ နေထိုင်ခွင့် (Visa) တွေ သက်တမ်းတိုးပေးပြီး ကာလသတ်မှတ်ချက်တစ်ခုထိ ဆက်နေထိုင်အလုပ်လုပ်ခွင့်ပြုဖို့ စတဲ့ အချက်တွေကိုလည်း NUG အလုပ်သမားဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။