တိုက်ပွဲတွေကြောင့် ရခိုင်က တောင်သူတွေ မိုးစပါး မစိုက်ပျိုးနိုင်
2024.07.24
မြန်မာနိုင်ငံမှာ မိုးစပါးအတွက် ဇွန်လကစပြီး ထွန်ယက်စိုက်ပျိုးကြရချိန်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က တောင်သူတွေကတော့ စစ်ဘေးရှောင်နေရတာကြောင့် စိုက်ပျိုးရေးအတွက် လယ်ထဲမဆင်းနိုင်ကြဘူးလို့ တောင်သူတွေက ပြောပါတယ်။
ဒီနှစ် မိုးစပါးမစိုက်နိုင်ခဲ့ရင် နောက်နှစ်မှာ မိသားစု စားနပ်ရိက္ခာ ခက်ခဲနိုင်တယ်လို့ မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာကနေ မြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာတောင်သူ အာမူလာ (အမည်လွှဲ) က ပြောပါတယ်။
"ရွာမှာ လူတစ်ယောက်မှ မရှိဘူး။ အဲဒီမှာ လယ်ထွန်လို့လည်း မရဘူး။ ကျွန်တော်တို့ ရွာကလူတွေက အကုန်လုံး မြို့ထဲကိုပဲ ပြောင်းလာရတယ်။ စားဝတ်နေရေးအခက်အခဲတွေ ပြီးတော့ ဒီမှာလယ်ထွန်ပြီးတော့ လယ်သမားတွေ အသက်မွေးဝမ်းကျောင်းပြုကြတာပဲ။ ဒီမှာလယ်ထွန်လို့မရရင် အခက်အခဲက ရှိမှာပါ"
စစ်ရေးပဋိပက္ခတွေကြား မိုးစပါးမစိုက်နိုင်လို့ ဝမ်းရေးအတွက် ရတက်မအေး ဖြစ်နေကြတဲ့ တောင်သူတွေဟာ သူတို့အတွက် အကူအညီမဲ့နေတယ်လို့ ခံစားနေကြရပါတယ်။
မောင်တောမြို့နယ် လေးမိုင်ကျေးရွာက ရခိုင်တောင်သူတစ်ဦးဖြစ်တဲ့ ဦးကျော်မောင် (အမည်လွှဲ) ကတော့ လက်ရှိ စစ်ဘေးရှောင်နေရချိန်မှာတောင် စားသောက်ရေး ခက်ခဲနေကြတယ်လို့ ပြောပါတယ်။
"နဂိုကတည်းက လယ်လုပ်စားတဲ့လူတွေ စစ်ဘေးရှောင်များနေတော့ နေရတာ ရောက်တဲ့နေရာမှာတောင် စားရေးသောက်ရေး ဘယ်သူမှ လာလှူမဲ့သူမရှိတော့ ရှိတာလေးတွေ ထုတ်ရောင်း ဒုက္ခရောက်နေကြတယ်။ ရှေ့အနာဂတ်တော့ ပြောစရာကို မလိုတော့ဘူး။ အဲဒီပြဿနာကိုတော့ ဘယ်သူဖြေရှင်းပေးမလဲဆိုတာ တက်လာတဲ့ အစိုးရအပေါ်မှာပဲ မူတည်တယ်လို့ပဲ ပြောချင်တယ်"
AA နဲ့ တိုက်ပွဲတွေ ပြန်စတဲ့အချိန်ကစပြီး စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ထားတဲ့အပြင် ကုန်သွယ်ရေးလမ်းကြောင်းတွေကိုပါ ပိတ်ဆို့ထားတာပါ။
ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ခံထားရတာကြောင့် ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ လယ်ယာသုံး ပစ္စည်းတွေရှားပါးတာနဲ့ အပင်အားဆေး၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး စတဲ့ စိုက်ပျိုးရေး သွင်းအားစုဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတဲ့ဒဏ်ကိုလည်း တောင်သူတွေကြုံနေရပါတယ်။
အဲဒီအခက်အခဲကို AA ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း စတဲ့မြို့တွေက တောင်သူတွေ ရင်ဆိုင်နေရတာပါ။ ဒါကြောင့် သူတို့ပိုင်ဆိုင်တဲ့ လယ်ဧကအားလုံးရဲ့ ထက်ဝက်ခန့် လျှော့ချလုပ်ကိုင်နေကြရတယ်လို့ ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
ရခိုင်မှာ စပါးရိတ်သိမ်းချိန် တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေ
မုန်တိုင်းသင့် ရခိုင်ကလယ်သမားတွေ အကူအညီလိုနေ
ရခိုင်ဒေသအတွက် စက်သုံးဆီနဲ့ အခြေခံစားကုန်သယ်ယူမှုကို အိန္ဒိယလူငယ်အဖွဲ့ တားမြစ်
ပြီးခဲ့တဲ့ နှစ်လယ်လောက်က ၂၄ ဧကအထိ ထွန်ယက်စိုက်ပျိုးနိုင်ခဲ့တဲ့ မြောက်ဦးမြို့နယ်က တောင်သူ ဦးကျော်ဝင်းဟာ ဒီနှစ်စိုက်ပျိုးရာသီမှာတော့ သွင်းအားစု ကုန်ကျစရိတ် မတတ်နိုင်တာကြောင့် ရှစ်ဧကလောက်သာ စိုက်ပျိုးနိုင်ပါတော့တယ်။
"ဓာတ်မြေဩဇာက ပြီးခဲ့တဲ့နှစ်က ကိုးသောင်း၊ တစ်သိန်း အဲဒီလောက်ပဲရှိတယ်။ ဒီနှစ်က လေးသိန်း၊ ငါးသိန်းဆိုတော့ ပိုပြီးတော့ အခက်အခဲရှိတာပေါ့။ နောက်ပြီးတော့ ဒီဇယ်က တော်ရုံနဲ့ ရှာလို့မရဘူး အခက်အခဲ ဖြစ်တယ်။ တစ်လီတာကို ပြီးခဲ့တဲ့နှစ်က သုံးထောင်ဝန်းကျင်ပဲ ရှိတယ်။ ဒီနှစ်က ဒီဇယ်တစ်လီတာကို ၁၇၀၀၀ အထိရှိတယ်"
ပြီးခဲ့တဲ့နှစ်က စက်သုံးဆီ ဒီဇယ် လီတာ ၁၀၀ ဆံ့ တစ်ပီပါကို ငွေကျပ် ငါးသိန်းကျော်ရှိခဲ့ရာကနေ ဒီနှစ်မှာတော့ ကျပ် သိန်း ၂၀ ကျော်အထိ ဈေးမြင့်တက်နေသလို စိုက်ပျိုးရေးသုံးစက်ပစ္စည်းတွေ ဒေသတွင်း အလွယ်တကူ ဝယ်လို့မရနိုင်တဲ့ အခက်အခဲနဲ့လည်း တောင်သူတွေ ရင်ဆိုင်နေရပါတယ်။
"ဓာတ်မြေဩဇာက ပြီးခဲ့တဲ့နှစ်က ကိုးသောင်း၊ တစ်သိန်း အဲဒီလောက်ပဲရှိတယ်။ ဒီနှစ်က လေးသိန်း၊ ငါးသိန်းဆိုတော့ ပိုပြီးတော့ အခက်အခဲရှိတာပေါ့"
ရခိုင်ပြည်နယ်မှာရှိတဲ့ စပါးစိုက် ဧက ရှစ်သိန်းခွဲလောက်ထဲမှာ အများစုက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတာပါ။ ပြီးခဲ့တဲ့နှစ်က ဧက ခုနစ်သိန်းခွဲလောက် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပေမဲ့ ဒီနှစ်မိုးရာသီမှာတော့ စိုက်ပျိုးနှုန်း ထက်ဝက်လောက် လျော့ကျသွားနိုင်တယ်လို့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ခန့်မှန်းပါတယ်။
"ဆယ်ဧကရှိတဲ့ တောင်သူတွေဟာ ကျွန်တော်တို့ တစ်ပိုင်တစ်နိုင် ဒါမှမဟုတ် တစ်ဧက၊ နှစ်ဧက ဝမ်းစာဖူလုံရေးပေါ့။ သူတို့မှာ မရှိမဖြစ်လိုအပ်တဲ့ ဝမ်းစာဖူလုံရေးပေါ့။ ရှုံးသည်ဖြစ်စေ တွက်ခြေမကိုက်သည်ဖြစ်စေ သူတို့ကတော့ အဆုံးရှုံးခံပြီး စိုက်ကြလိမ့်မယ်။ နှစ်ဆယ်ရာခိုင်နှုန်းကတော့ ခန့်မှန်းခြေ စိုက်ကြလိမ့်မယ်ပေါ့။ ကျန်တဲ့ဟာတွေကတော့ မစိုက်နိုင်ဘူး။ မစိုက်နိုင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဘာဖြစ်လာမလဲဆိုရင် အကျိုးဆက်ကတော့ အဲဒီအခြေခံ စားသုံးကုန်ဖြစ်တဲ့ ဆန်၊ စပါး မရှိရင်တော့ ကျွန်တော်တို့ ဆိုးကျိုးတွေကတော့ အများကြီး ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း"
ရခိုင်က တောင်သူတွေ ဒီနှစ်မိုးရာသီမှာ စပါး စိုက်ပျိုးထုတ်လုပ်နိုင်အောင် သွင်းအားစု၊ အရံမျိုးစပါး၊ စက်သုံးဆီနဲ့ လယ်ယာသုံးပစ္စည်းတွေ ဖြန့်ဖြူးပေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ ဇွန်လ ၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ AA ပြောခွင့်ရ ဦးခိုင်သုခက ပြောထားပါတယ်။
AA က အဲဒီလို ကူညီထောက်ပံ့နေတယ်ဆိုပေမဲ့ တောင်သူတွေရဲ့ လိုအပ်ချက် မြင့်မားနေသေးတယ်လို့ ဒေသအခြေစိုက် သတင်းဌာနတချို့က ရေးသားဖော်ပြကြပါတယ်။
တောင်သူတွေဟာ ပြီးခဲ့တဲ့ နှစ်တွေက လယ်ယာစိုက်ပျိုးရေးဘဏ်က ထုတ်ချေးတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေ ရရှိခဲ့ကြပေမဲ့ ဒီနှစ်မှာတော့ ဒေသတွင်းမတည်ငြိမ်တာကြောင့် အထောက်အပံ့ မရကြတော့တာကလည်း သူတို့အတွက် ပိုခက်ခဲစေပါတယ်။
ရခိုင်ပြည်နယ်မှာ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စတဲ့ မြို့နယ် ကိုးခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုပါ AA က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။
အဲဒီမြို့နယ်တွေက တောင်သူတွေရဲ့ လိုအပ်ချက် အခက်အခဲတွေနဲ့ပတ်သက်လို့ ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာသိရဖို့ AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို RFA က တယ်လီဂရမ်ကနေတစ်ဆင့် စာပို့မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။ ဒီနှစ် မိုးစပါး မစိုက်ပျိုးနိုင်တဲ့အခြေအနေမှာ စပါးအထွက်နှုန်း လျော့ကျသွားမယ့်အရေးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
ရခိုင်ပြည်နယ်က တောင်သူတွေဟာ ဆည်ရေတွေနဲ့ သီးထပ်စိုက်ပျိုးတဲ့စနစ်ကို ကျင့်သုံးလေ့ မရှိကြဘဲ မိုးစပါးတစ်ခုတည်းကိုသာ အလေးထားစိုက်ပျိုးကြတာဖြစ်ပါတယ်။