ရခိုင်မှာ စစ်ဘေးဒုက္ခသည်ခြောက်သိန်းခန့် စားဝတ်နေရေးခက်ခဲနေ

RFA Burmese
2024.10.25
ရခိုင်မှာ စစ်ဘေးဒုက္ခသည်ခြောက်သိန်းခန့် စားဝတ်နေရေးခက်ခဲနေ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင် စစ်ဘေးဒုက္ခသည်စခန်းမှာ လာရောက်ခိုလှုံနေသူတချို့အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ခြောက်သိန်းခန့်ရှိလာပြီး လက်ရှိမှာ နိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီလည်းမရသလို ကုန်ပစ္စည်းတွေလည်း ရှားပါးတာကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေကြတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

AA သိမ်းထားတဲ့မြို့တွေနဲ့ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ အမ်း၊ ဂွနဲ့ မောင်တောမြို့နယ်အပြင် တိုက်ပွဲမဖြစ်သေးတဲ့ တောင်ကုတ်၊ စစ်တွေနဲ့ ကျောက်ဖြူက ဒုက္ခသည်တွေပါ အခက်အခဲကြုံနေရတာလို့ ဆိုပါတယ်။

ဒုက္ခသည်တွေထဲမှာ ထမင်းနပ်မမှန်သူတွေ များလာတယ်လို့ ရခိုင်က စစ်ဘေဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုဝေဟင်အောင်က RFA ကိုပြောပါတယ်။

"ရခိုင်တစ်ပြည်လုံး အတိုင်းအတာအရ စစ်ဘေးဒုက္ခသည် အရေအတွက်က ခြောက်သိန်းပတ်ဝန်းကျင်လောက် ရှိတယ်။ လက်ရှိ မြေပြင်အခြေအနေမှာ အခက်အခဲတွေကတော့ တော်တော်လေးကို အခက်အခဲရှိတယ်။ ကျွန်တော်တို့သွားတဲ့ ရွာတွေထဲမှာဆိုရင် စိတ်ကျရောဂါအရ စိတ္တဇဝေဒနာဖြစ်နေတဲ့သူတွေက နောက်ပိုင်းမှာ တော်တော်များများ သိသိသာသာ တွေ့လာရတယ်။ ပြီးရင် ထမင်းနပ်မမှန်တဲ့သူတွေကလည်း တော်တော်လေး များလာတယ်။ ကျွန်တော်တို့လည်း နိုင်သလောက်၊ လက်လှမ်းမီသလောက်ကို ကူညီနေပေမဲ့ ကျွန်တော်တို့ လက်လှမ်းမမီတာတွေလည်း အများကြီးပါ"

AA သိမ်းထားတဲ့မြို့တွေက စစ်ဘေးဒုက္ခသည်တွေလည်း လက်ရှိ တိုက်ပွဲမရှိတော့ပေမဲ့ နေရပ်မပြန်နိုင်ကြသေးဘဲ ဘေးလွတ်ရာ ဒေသတွေမှာပဲ ဖြစ်သလိုနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

"စိတ္တဇဝေဒနာဖြစ်နေတဲ့သူတွေက နောက်ပိုင်းမှာ တော်တော်များများ သိသိသာသာ တွေ့လာရတယ်။ ပြီးရင် ထမင်းနပ်မမှန်တဲ့သူတွေကလည်း တော်တော်လေး များလာတယ်"

စစ်ဘေးဒုက္ခသည်တွေဟာ အလုပ်အကိုင်လည်းမရှိသလို ကုန်သွယ်ရေးလမ်းတွေ ပိတ်ဆို့ထားမှုကြောင့် ကုန်ပစ္စည်းရှားပါးမှုနဲ့ ဈေးအဆမတန်မြင့်တက်မှုကိုပါ ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ မောင်တောက စစ်ဘေးဒုက္ခသည်တွေလည်း ကြုံရာအလုပ်လုပ်ရင်း ထမင်းနပ်မှန်ဖို့ ရုန်းကန်နေရတယ်လို့ စစ်ဘေးဒုက္ခသည် မောင်တောမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"စားဝတ်နေရေးကတော့ တော်တော်လေးကို ခက်ခဲကြပါတယ်။ ဒေသခံတွေကလည်း ကူညီထောက်ပံ့မှုတွေ လုပ်နိုင်တာ များများစားစား မရှိဘူး။ တော်တော်လေး ခက်ခဲနေတဲ့အနေအထားပါ။ မငတ်ပြတ်အောင်တော့ ရုန်းကန်နေရတာပဲ။ သူများအိမ်မှာ အဝတ်လျှော်တယ်။ ရေခပ်တယ်။ ထင်းခုတ်ပြီးတော့ ရောင်းတယ်။ ဟင်းတွေဘာတွေ ရှာပြီး ရောင်းတယ်။ ချောင်းကိုဆင်းပြီး ငါးရှာတယ်။ တချို့ကလည်း တောထဲ ထင်းရှာ။ အဲဒီလို ရုန်းကန်နေရပါတယ်။ အခက်အခဲကိုတော့ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြတာပဲ"

အလားတူ တိုက်ပွဲပြင်းထန်နေတဲ့ ဂွနဲ့ အမ်းမြို့နယ်မှာလည်း လူဦးရေသောင်းချီ စစ်ဘေးရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲအပြင် လေကြောင်းအန္တရာယ်ပါ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။ (Photo: Facebook/ စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ဂွမြို့နယ်)
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။ (Photo: Facebook/ စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ဂွမြို့နယ်)

AA သိမ်းထားတဲ့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲနဲ့ ရမ်းဗြဲမြို့နယ်က စစ်ဘေးဒုက္ခသည် ငါးသိန်းခန့်လည်း အလားတူအခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ ဒုက္ခသည်စခန်းမှာတော့ ချေးငှားပြီး စားသောက်နေရတယ်လို့ စခန်းတာဝန်ခံ ဦးအောင်မြင့်က RFA ကို ပြောပါတယ်။

"အကူအညီအထောက်အပံ့တွေ တစ်ခုမှမရတော့ဘူး။ မရတော့ အတော်လေးကြာပြီ။ အရင်ကပုံမှန်ပေးခဲ့တဲ့ WFP အဖွဲ့တောင်မှ သူတို့မှာလည်း အခက်အခဲရှိလို့လားတော့မသိ၊ မရောက်တော့ဘူး။ အခုတော့ ဆန်စက်ရုံကနေ အကြွေးယူထားတာ ဆန်အိတ် ၄၈ အိတ်တောင် ရှိသွားပြီ။ မိသားစုများရင် တစ်အိတ်ပေးတယ်။ နည်းရင် မျှပေးတယ်။ အဲဒီလို အကြွေးချေးငှားပြီး စားကြတာပေါ့"


ဆက်နွှယ်သောသတင်းများ

ရခိုင်ပြည်နယ်ကို ဆေးသယ်ခွင့်ပိတ်ထားလို့ မသေသင့်ဘဲ သေဆုံးသူတွေများလာ

ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေ ရပ်တည်ရေးပိုခက်ခဲလာ

ရခိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း လူကိုးဆယ်ကျော် သေဆုံး


မြတ်လှဲဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၁၇၀၊ လူဦးရေ ကိုးရာကျော်ရှိပြီး အရင်က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပုံမှန်ကူညီခဲ့ပေမဲ့ ရခိုင်မှာ တိုက်ပွဲစဖြစ်ချိန်ကတည်းက အကူအညီမရတော့တာလို့ ဆိုပါတယ်။

ရခိုင်က စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေး ခက်ခဲနေတဲ့အပေါ် တုံ့ပြန်မှုရဖို့ AA ပြာခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး ကုန်းလမ်းရော ရေလမ်းကိုပါ စစ်ကောင်စီတပ်က ပိတ်ထားခဲ့သလို လူသားချင်းစာနာမှု အကူအညီပေးနေတဲ့အဖွဲ့တွေကိုပါ သွားလာခွင့် ပိတ်ထားတာပါ။

အခုလို ပိတ်ထားတာကြောင့် စားဝတ်နေရေးအပြင် ကျန်းမာရေးကိစ္စတွေပါ ခက်ခဲလာနေပြီး နိုင်ငံတာကာအဖွဲ့တွေရဲ့ အကူအညီတွေ အမြန်ဆုံးရဖို့ မျှော်လင့်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။