ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေ ရပ်တည်ရေးပိုခက်ခဲလာ

RFA Burmese
2024.08.20
ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေ ရပ်တည်ရေးပိုခက်ခဲလာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်အချို့အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။
Facebook/ Ponnagyun Youths Association - PYA

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ရှစ်ခုကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေပါ ရပ်ဆိုင်းသွားတာကြောင့် စစ်ဘေး ဒုက္ခသည်တွေဟာ အခုမိုးတွင်းကာလမှာ စားဝတ်နေရေး အကျပ်အတည်းတွေနဲ့ ပိုပြီးရင်ဆိုင်နေကြရတယ်လို့ ဒုက္ခသည်တွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေမှာ လက်ရှိတိုက်ပွဲတွေ မစတင်ခင်က စစ်ဘေးဒုက္ခသည် ခြောက်သောင်းခန့် ရှိခဲ့ရာကနေ အခုဆိုရင် ဒုက္ခသည် ငါးသိန်းကျော်အထိ ရှိလာတယ်လို့ ဒေသတွင်း အရပ်ဖက်အဖွဲ့တွေက ပြောကြပါတယ်။

ဒေသခံတွေဟာ ယာယီကယ်ဆယ်ရေးစခန်းတွေအပြင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ကျေးရွာတွေက နေအိမ်တွေမှာ ခိုလှုံနေကြရတာပါ။

စစ်ဘေးဒုက္ခသည်များ ခိုလှုံနေကြသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ကျေးရွာတစ်ခုမှာ ရေကြီးရေလျှံမှု ဖြစ်ပွားသည်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအစောပိုင်းက တွေ့ရစဉ်။ (Photo: RFA)
စစ်ဘေးဒုက္ခသည်များ ခိုလှုံနေကြသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ကျေးရွာတစ်ခုမှာ ရေကြီးရေလျှံမှု ဖြစ်ပွားသည်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအစောပိုင်းက တွေ့ရစဉ်။ (Photo: RFA)

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပေမဲ့ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲနေတာတွေကြောင့် နေရပ်မပြန်နိုင်သေးဘဲ ဝမ်းရေးကိုပါ ခက်ခက်ခဲခဲဖြေရှင်းနေရတယ်လို့ ပေါက်တောမြို့နယ်က စစ်ဘေးဒုက္ခသည် ဒေါ်ခိုင်ရွှေက ပြောပါတယ်။

"ပေါက်တောကို သူတို့ (စစ်ကောင်စီ) က မကြာမကြာလာပြီး ဗုံးကြဲတာတွေရှိတယ်။ မြို့ပေါ် အဲဒီအနီးတစ်ဝိုက် သဝင်ချောင်းတို့ ပြီးရင် ကြိမ်ခွေမော်တို့ အနီးတစ်ဝိုက်ပေါ့နော်၊ အဲဒီအနီးအနားက ရွာတွေပေါ့နော်။ အဲဒီနေရာတွေက မလုံခြုံဘူးပေါ့။ မကြာမကြာလာပြီးတော့ ဒရုန်းတွေလာဝဲတယ်။ နေ့စဥ်ရက်ဆက်လိုလိုပေါ့။ အဲဒီအတွက် ဒေသမလုံခြုံတဲ့အတွက် မဝင်ရသေးဘူး။ စားဝတ်နေရေးကတော့ ကိုယ့်ဘာသာကိုယ်ပဲ ဖြေရှင်းရပါတယ်"

စစ်ကောင်စီတပ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတာတွေကြောင့် ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ခက်ခဲနေတာလို့ ပြောကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာဆိုရင် ဒုက္ခသည်တွေဟာ ရွာတွေကို လှည့်လည်ပြီး တောင်းရမ်းစားသောက်ရတဲ့ အခြေအနေအထိ ရောက်နေတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုက တာဝန်ခံ ဦးအောင်သိန်းချေက RFA ကိုပြောပါတယ်။

"ကျွန်တော်တို့ရွာမှာ အခုရောက်နေတာ စစ်ဘေးရှောင် လူ ၂၃၉၀ ရှိတယ်။ နေရေးထိုင်ရေးက သူတို့ စာသင်ကျောင်းတွေမှာ၊ ဘုန်းကြီးကျောင်းတွေမှာ၊ ဆွေမျိုးတွေဆီမှာ နောက်ပြီးလမ်းဘေးမှာ တဲထိုးပြီး နေကြတယ်။ မိုးတွင်းကာလမှာ စားရေးသောက်ရေး အဆင်မပြေတော့ဘူး၊ ရိက္ခာမရှိဘူး။ တချို့တလေဆိုရင် ရွာတိုင်းက လှည့်ပြီးတောင်းစားနေကြတယ်။ တချို့တလေက တစ်အိမ်ထောင်ကို ဆန်သုံးသိုက်ကျ ခြောက်သိုက်ကျ လာပေးသွားတာတွေရှိတယ်။ သူတို့က အများစုကိုလည်း မပေးနိုင်ဘူး။ လမ်းဘေးမှာ တဲထိုးတဲ့အိမ်တွေကို စားစရာမရှိတဲ့လူတွေကို လှူသွားတယ်။ ပုဂ္ဂလိကတွေ လာလှူတာ"

တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာ သုံးလလောက်အထိ ကြာမြင့်လာပေမဲ့ ဒီနေ့အထိ ဘာအကူအညီမှ မရဖူးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မောင်တောဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဘာအကူအညီ ဘာအထောက်အပံ့မှ မရဘူး။ စားနပ်ရိက္ခာတွေ အစိုးရကပေးတာတို့ NGO ကပေးတာတို့ UNHCR ကပေးတာတို့ ဘာမှမရကြဘူး။ အခက်အခဲတွေကျတော့ အများကြီးဖြစ်တာပေါ့။ မိုးတွင်းဆိုတော့ ပိုဆိုးတာပေါ့လေ။ ပြီးတော့ စုဆောင်းထားတဲ့ ငွေကြေးတွေနဲ့ ထွက်လာရတာဆိုတော့ မောင်တောစစ်ပွဲက ဒီအတိုင်းသာဆက်ပြီးတော့ နှစ်လ၊ သုံးလကြာမယ်ဆိုရင် အတိဒုက္ခတွေ အများကြီး အဆပေါင်းများစွာ တိုးလာနိုင်ပါတယ်။ ဘယ်သူ့ဆီက ဘာအထောက်အပံ့မှမရဘူးဆိုတော့ ပိုဆိုးမှာပေါ့"

"စားနပ်ရိက္ခာတွေ အစိုးရကပေးတာတို့ NGO ကပေးတာတို့ UNHCR ကပေးတာတို့ ဘာမှမရကြဘူး။ အခက်အခဲတွေကျတော့ အများကြီးဖြစ်တာပေါ့"

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA) ကတော့ နိုင်ငံတစ်ဝန်းမှာ ပြင်းထန်လာတဲ့ ပဋိပက္ခ၊ သွားလာခွင့်ကန့်သတ်ချက်တွေ၊ တယ်လီဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေးတွေကြောင့် အခက်အခဲတွေ ရှိနေပေမဲ့ အကူအညီတွေပေးနိုင်ဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဩဂုတ်လ ၁၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လတ်တလော ဆက်သွယ်ရေးလမ်းကြောင်းတွေပါ ဖြတ်တောက်ခံထားရတာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသူတွေဟာ သာမန်လူတွေထက် နှစ်ဆလောက် အခက်အခဲကြုံနေကြရတာလို့ စစ်ဘေးဒုက္ခသည်တွေကို တစ်ပိုင်တစ်နိုင် အကူအညီပေးနေတဲ့ ကိုဝေဟင်အောင်က ပြောပါတယ်။

"လက်ရှိ အခင်းအကျင်းကတော့ မိုးရာသီဆိုတော့ ကျွန်တော်တို့ ဆေးဝါးရရှိမှုရယ် ပြီးတော့ စားနပ်ရိက္ခာ ရရှိမှုကတော့ ခက်ခက်ခဲခဲဖြစ်နေတယ်။ ပြီးတော့ ကူညီထောက်ပံ့ရေးကလည်း သွားဖို့လာဖို့ကတော့ တော်တော် အခက်အခဲ ဖြစ်သွားတယ်ခင်ဗျာ။ ပိုက်ဆံတွေထုတ်ရတာလည်း ခက်ခဲတဲ့အတွက် ဒီမှာ ပိုက်ဆံငွေသားရရှိဖို့ရယ် ပြီးတော့ ပစ္စည်းပစ္စယ ဝယ်ဖို့အတွက်ရယ်ကလည်း တော်တော် အခက်အခဲ ဖြစ်သွားတယ်။ ဘဏ်တွေအကုန်လုံး ရပ်သွားတဲ့အတွက် ငွေသားရရှိမှုက တော်တော်လေးကို အခက်အခဲဖြစ်သွားတဲ့ အခင်းအကျင်းမှာ စစ်ဘေးရှောင်တွေကတော့ သာမန်လူတွေထက် နှစ်ဆလောက်ကို သူတို့ ဒုက္ခရင်ဆိုင်နေရတဲ့ အခင်းအကျင်းမျိုးဖြစ်နေတယ်"


ဆက်နွှယ်သောသတင်းများ

မောင်တောက စစ်ဘေးဒုက္ခသည်တွေအတွက် ဆေးဝါးအကူအညီ အရေးပေါ် လိုအပ်နေ

ရခိုင်တင်ပို့မဲ့ စားသုံးကုန်တွေကို စစ်ကောင်စီ ပစ်မှတ်ထား ဖမ်းဆီးနေ

တိုက်ပွဲတွေကြောင့် ရခိုင်က တောင်သူတွေ မိုးစပါး မစိုက်ပျိုးနိုင်


စစ်ဘေးဒုက္ခသည်တွေဟာ ကုန်စျေးနှုန်းကြီးမြင့်တဲ့ဒဏ်ကိုပါ ကြုံနေကြရတယ်လို့လည်း ပြောကြပါတယ်။

အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကတော့ သူတို့ထိန်းချုပ်နယ်မြေတွေက စစ်ဘေးဒုက္ခသည်တွေကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့တာတွေ လုပ်နေတယ်လို့ RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာရှိတဲ့ စစ်ဘေးရှောင်တွေကိုလည်းပဲ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးဌာနနဲ့ ဒီ HDCO ပေါ့နော် လူသားချင်းစာနာထောက်ထားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးရုံးကနေပြီးတော့ အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးနေတာတွေ ရှိပါတယ်"

ဒါပေမဲ့ ဘယ်လိုထောက်ပံ့ကူညီနေတယ်ဆိုတာကိုတော့ တိတိကျကျ ပြောဆိုတာမျိုးမရှိပါဘူး။

"ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် လာပြီးအကူအညီပေးပါလို့ ကျွန်တော်တို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ"

မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးစိုးနိုင်ကတော့ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် လိုအပ်ချက်တွေ များနေတာကြောင့် ဘယ်သူမဆို အကူအညီပေးကြဖို့ ပြောပါတယ်။

"ကျွန်တော်တို့ ဒီဒေသက ဒီ CSO အဖွဲ့အစည်းတွေကတော့ နိုင်သလောက် ထောက်ပံ့ပါတယ်။ နောက် ဒီကျေးရွာတွေလေ၊ ဒီလိုပေါ့ ခိုလှုံလို့ကောင်းမဲ့နေရာတွေကို ခိုလှုံတဲ့ စစ်ဘေးရှောင်တွေ ရခိုင်မှာ အများကြီးရှိပါတယ် ခင်ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် လာပြီးအကူအညီပေးပါလို့ ကျွန်တော်တို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ"

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ အခုဆိုရင် အချိန်ဆယ်လနီးပါး ကြာမြင့်လာပါပြီ။ တိုက်ပွဲတွေကတော့ အရှိန်ပြင်းထန်နေဆဲဖြစ်သလို ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြတဲ့သူတွေလည်း ဆက်ရှိနေကြဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။