ဂွမြို့နယ်က စစ်ဘေးဒုက္ခသည်တွေ ဧရာဝတီတိုင်းမှာ နေထိုင်ဖို့ခက်ခဲနေ

RFA Burmese
2024.08.29
ဂွမြို့နယ်က စစ်ဘေးဒုက္ခသည်တွေ ဧရာဝတီတိုင်းမှာ နေထိုင်ဖို့ခက်ခဲနေ ဂွမြို့သို့ရောက်ရှိလာသည့် တိုင်ကျိုးကျေးရွာမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်က ကျိန္တလီမြို့မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ ဩဂုတ်လ ၁၂ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံအများစုက နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဧရာ၀တီတိုင်းကို ထွက်ပြေးခိုလှုံနေကြပါတယ်။

စစ်ဘေးရှောင်လာသူတွေ ပြောပြချက်အရ လူဦးရေ လေးသောင်းကျော် (၄၂,၄၃၄) ရှိတဲ့ ဂွမြို့နယ်က ဒေသခံ သုံးပုံနှစ်ပုံဟာ ဧရာဝတီတိုင်းကို ထွက်ပြေးလာကြတာဖြစ်ပါတယ်။

“သံတွဲစစ်ဖြစ်ထဲက ပိုက်ဆံချမ်းသာတဲ့သူတွေကတော့ ကြိုရှောင်သွားကြပြီပေါ့"

ဧရာဝတီတိုင်းအဝင် စစ်ဆေးရေးဂိတ်တွေက ရခိုင်ပြည်နယ်ကနေ စစ်ဘေးရှောင်လာသူတွေကို ဝင်ခွင့်မပေးတာကြောင့် သစ်ထုတ်တဲ့တောလမ်းကနေ လာရသူတွေရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သာပေါင်းမြို့ခံတစ်ဦးက ပြောပါတယ်။

“သာပေါင်းကို ရောက်လာတဲ့ စစ်ဘေးရှောင်တွေက လမ်းကြောင်းတွေက ပိတ်ထားတဲ့အတွက် သူတို့က တောလမ်းကနေ ခိုးဖွက်ပြီး လာရတာ။ လမ်းမှာလည်း ထမင်းတွေငတ်လာတယ်။ ကုန်းကြောင်းလာရတာ။ ခုနှစ်ရက်လောက် လာရတာ။ လမ်းရိုးရိုးကနေ လာလို့မရဘူး”

ရခိုင်ပြည်နယ်ဘက်က သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ခရီးသွားလာခွင့်နဲ့ နေထိုင်ကြောင်း ထောက်ခံစာမပါလို့ တောလမ်းတွေကိုဖြတ်ပြီး ဝင်ရသူတွေကို ဧရာဝတီတိုင်းထဲက မြို့နယ်အာဏာပိုင်တွေက စာရင်းပြုစုပြီး မြို့စွန်တွေမှာပဲ နေခွင့်ပြုတယ်လို့လည်း သူက ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

တိုက်ပွဲကြောင့် ဂွ ဒေသခံတချို့ ဧရာ၀တီတိုင်းဘက် ထွက်ပြေးတိမ်းရှောင်

ဧရာဝတီနဲ့ ရခိုင်ရိုးမအစပ်မှာ စစ်ကြောင်းထိုးနေ

တိုက်ပွဲကြောင့် ဂွမြို့က ဒေသခံ ငါးထောင်နီးပါး နေရပ်စွန့်ခွာထွက်ပြေး


ကျိန္တလီမြို့ကနေ ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့ကိုလာတဲ့အခါ မိုင် ၅၀ ဝန်းကျင်သာ ဝေးသလို ဂွမြို့နဲ့ ငသိုင်းချောင်းမြို့ကလည်း မိုင် ၇၀ ဝန်းကျင်သာဝေးတာကြောင့် ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေဟာ ဂွမြို့နဲ့ ငသိုင်းချောင်းလမ်းအတိုင်း ထွက်ပြေးလာကြတာလို့ ဒေသခံတွေက ပြောပါတယ်။

နေရပ်စွန့်ခွာလာသူအများစုကတော့ ရခိုင်ပြည်နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ဧရာဝတီတိုင်းက ငသိုင်းချောင်း၊ ရေကြည်၊ ကွင်းကောက်၊ ကျုံပျော်၊ ကြံခင်း၊ မြန်အောင်နဲ့ သာပေါင်းမြို့တွေဆီ အများဆုံးခိုလှုံလာကြတာ ဖြစ်ပါတယ်။

သံတွဲမြို့မှာ တိုက်ပွဲတွေစဖြစ်တဲ့ ဧပြီလကတည်းက ကျိန္တလီမြို့က ဒေသခံအများစု နေရပ်စွန့်ခွာလာကြသလို ဩဂုတ်လဒုတိယအပတ်လောက်က ကျိန္တလီမြို့မှာ တိုက်ပွဲတွေ စဖြစ်ခဲ့တဲ့အခါ ဂွမြို့က ဒေသခံတွေပါ ဧရာဝတီတိုင်းကို စစ်ဘေးတိမ်းရှောင်လာကြတာလို့ ဒုက္ခသည်တွေက ပြောပါတယ်။

ဂွမြို့နယ်က လူဦးရေ သုံးပုံနှစ်ပုံလောက် ဧရာဝတီတိုင်းကို ခိုလှုံလာကြတာကြောင့် ဧရာဝတီတိုင်းအတွင်း အိမ်ငှားခစျေးတွေ မြင့်တက်နေပါတယ်။

အရင်က တစ်လကို ကျပ် နှစ်သိန်းပေးရတဲ့ အိမ်တွေဟာ အခုဆိုရင် ခြောက်သိန်းလောက်အထိ ပေးနေရသလို စားဝတ်နေရေးပါ ခက်ခဲနေတယ်လို့ ဂွမြို့နယ်ကနေ ငသိုင်းချောင်းမြို့ကို စစ်ဘေးရှောင်လာသူတစ်ဦးက ပြောပါတယ်။

“ဂွမြို့နယ်ရဲ့ သုံးပုံပုံ နှစ်ပုံလောက်ပေါ့နော် အဲလောက်က စစ်ဘေးရှောင်တဲ့အထဲမှာပါတယ်။ မြို့နယ်ထဲမှာ သုံးပုံပုံ တစ်ပုံလောက်ပဲ ကျန်ခဲ့တယ်။ စားရေးသောက်ရေးကလည်း ဒီဧရာ၀တီတိုင်းမှာတော့ ဆန်ကတော့စျေး နည်းနည်းလျော့ပြီးတော့ ကျန်တဲ့ကုန်စျေးနှုန်းက ဒီမှာလည်း စျေးကြီးတာကိုး။ အခုလောလောဆယ်တော့ အခက်အခဲကတော့ အကုန်လုံးကတော့ ကြုံနေကြရမှာပဲလေ”

ရခိုင်ပြည်နယ်ကနေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ခရီးသွားလာခွင့်နဲ့ နေထိုင်ကြောင်း ထောက်ခံချက်တွေမပါတဲ့ စစ်ဘေးဒုက္ခသည်တွေကို အာဏာပိုင်တွေက ငသိုင်းချောင်းမြို့မှာ နေထိုင်ခွင့်မပြုဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ငသိုင်းချောင်း မြို့ခံတစ်ဦးက ပြောပါတယ်။

ငသိုင်းချောင်းမြို့ကို စစ်ဘေးရှောင်လာတဲ့ လူနှစ်ထောင်ခန့်ရှိပြီး ဘုန်းကြီးကျောင်းတွေမှာလည်း ခိုလှုံနေတဲ့ ဒုက္ခသည် နှစ်ရာခန့်ရှိတယ်လို့ အဲဒီမြို့ခံက ဆက်ပြောပါတယ်။

စစ်ဘေးရှောင်လာသူ အများစုကတော့ အိမ်တွေ ငှားရမ်းနေထိုင်ကြပြီး အိမ်ငှားခမတတ်နိုင်သူတွေကတော့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံကြပါတယ်။

ကျိန္တလီမြို့မှာ နှစ်ဖက်တိုက်ပွဲတွေ စတင်ချိန်ကစပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ဂွမြို့မှာ လူမရှိသလောက်နည်းသွားပြီလို့ မြို့မှာကျန်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သံတွဲစစ်ဖြစ်ထဲက ပိုက်ဆံချမ်းသာတဲ့သူတွေကတော့ ကြိုရှောင်သွားကြပြီပေါ့။ အဲဒီကနေ နောက်တော့ တစ်ဆင့်ချင်း တဆင့်ချင်းပေါ့။ ကျိန္တလီနား ရောက်လာတဲ့အခါကျတော့လည်း တချို့ကြတော့လည်း ပိုက်ဆံအတော်အတန် တတ်နိုင်တဲ့သူပေါ့။ လူလတ်တန်းစားလောက် ထွက်သွားကြတာပေါ့။ ဟိုနောက်ဆုံးအဆင့်ကတော့လည်း မြို့ပေါ်မှာ လူနည်းလာတဲ့အခါကျတော့လည်း မရှိတဲ့သူလည်း ပြောင်း၊ ရှိတဲ့သူလည်း ပြောင်းပေါ့။ အကုန်ပြောင်းကုန်ကြသလိုဖြစ်တာပေါ့။ အားလုံး”

ဂွနဲ့ ငသိုင်းချောင်းလမ်းကို ဩဂုတ်လ ၂၆ရက်နေ့ကစပြီး ဩဂုတ်လ ၂၉ ရက် ဒီနေ့အထိ ဖြတ်သန်းခွင့်ပိတ်ထားတာကြောင့် စစ်ဘေးရှောင်တွေထပ်လာဖို့ ခက်ခဲသွားပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ငသိုင်းချောင်း မြို့ခံတစ်ဦးကပြောပါတယ်။

“ဟိုးရက်ကတော့ ဂွအထိရတယ်။ ဂွအထိရပြီး ဂွကနေ ဟိုးဘက် ကျိန္တလီအထိကို မရဘူး။ ဘယ်လိုဖြစ်လို့လဲဆိုတော့ သူတို့ လက်နက်ကြီးစမ်းမှာမို့လို့ ပိတ်ထားတယ်လို့ ပြောတယ်။ ဒီနေ့ (ဩဂုတ် ၂၆ ရက်) ကတော့ ငသိုင်းချောင်းကနေ ဂွအထိကို ပိတ်တယ်။ ပိတ်လိုက်ရင်တော့ အစ်ကို သွားလို့ကို မရတော့တာ။ ဘယ်လိုမှသွားလို့ မဖြစ်တော့ဘူးပေါ့။ လာစရာလည်း ဒီလမ်းပဲရှိတာပေါ့။အခုဆို တောလမ်းတွေဆိုတာကလည်း အခုချိန်က မိုးရာသီလေ ရေကျော်ထားတာတွေရှိတယ်။ မလွယ်ဘူး”

ကျုံပျော်မြို့မှာတော့ လွန်ခဲ့တဲ့ တစ်လလောက်ကစပြီး ရခိုင်ပြည်နယ်က ထွက်ပြေးလာသူတွေ ရောက်လာတာ အခုဆိုရင် လူ ၂၅၀၀ ခန့် ရှိလာသလို မြို့ပေါ်မှာ အိမ်ငှားလို့တောင် မရတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့မှ စစ်ဘေးများဒုက္ခသည်များအား ဧရာ၀တီတိုင်း ငသိုင်းချောင်းမြို့သို့  ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့က ပို့ဆောင်ခဲ့စဉ်။ (ထာ၀ရမေတ္တာနာရေးကူညီမှုအသင်း(ဂွမြို့) ဓာတ်ပုံ)
ရခိုင်ပြည်နယ် ဂွမြို့မှ စစ်ဘေးများဒုက္ခသည်များအား ဧရာ၀တီတိုင်း ငသိုင်းချောင်းမြို့သို့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့က ပို့ဆောင်ခဲ့စဉ်။ (ထာ၀ရမေတ္တာနာရေးကူညီမှုအသင်း(ဂွမြို့) ဓာတ်ပုံ)

ကျုံပျော်မြို့မှာ အာဏာပိုင်တွေက ဧည့်စာရင်းစစ်ဆေးတာတွေ ခပ်စိပ်စိပ်လုပ်နေသလို ဧည့်စာရင်း မတိုင်ထားရင် ရပ်ကွက်ရုံးတွေကို ခေါ်ယူစစ်ဆေးနေပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဧရာ၀တီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်နဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က ဩဂုတ်လ၂၈ ရက်နေ့က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေစတင်ဖြစ်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး ဧရာ၀တီတိုင်းက ရခိုင်ရိုးမနဲ့နီးတဲ့ သာပေါင်း၊ ရေကြည်၊ ကြံခင်းနဲ့ မြန်အောင်မြို့နယ်တွေမှာ စစ်ကောင်စီ ခမရ (၁၀၈)၊ ခလရ(၃၆)၊ ခလရ (၅၁) နဲ့ ရေကြည်မြို့အခြေစိုက် အမတ (၃၄၄) တပ်ရင်းတွေက ရိုးမနဲ့နီးတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးတာ၊ ကင်းပုန်းဝပ်တာ၊ စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်ချထားတာအပြင် မြို့အဝင်အထွက်တွေကို လည်းတင်းတင်းကျပ်ကျပ် စစ်ဆေးနေတာဖြစ်ပါတယ်။

အာရက္ခတပ်တော် (AA) ကတော့ ချင်းပြည်နယ် ပလက်၀မြို့နယ် အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ကိုးမြို့နယ်နဲ့ တောင်ပြိုလက်ဝဲ၊ မအီ၊ ကမ်းထောင်းကြီး၊ ကျိန္တလီစတဲ့ မြို့နယ်ခွဲတွေကို သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။