ဧရာဝတီနဲ့ ရခိုင်ရိုးမအစပ်မှာ စစ်ကြောင်းထိုးနေ

RFA Burmese
2024.08.02
ဧရာဝတီနဲ့ ရခိုင်ရိုးမအစပ်မှာ စစ်ကြောင်းထိုးနေ ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ဧရာဝတီတိုင်း မအူပင်မြို့၊ လမ်းမပေါ်တွင် ဖြတ်သန်းသွားသည့် ကားများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ်။
Citizen Photo

ဧရာဝတီနဲ့ ရခိုင်ရိုးမ အစပ်တွေဖြစ်တဲ့ ဧရာဝတီတိုင်းဘက်အခြမ်း မြန်အောင်၊ ရေကြည်နဲ့ ကြံခင်း စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ် အင်အား နှစ်ရာနီးပါး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယအပတ်ထဲ မြန်အောင်က ဒေသခံ အမျိုးသားသုံးဦးဟာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်က စွပ်စွဲဖမ်းပြီးနောက် အခုလို စစ်ကြောင်းထိုးလာတာလို့ မြန်အောင် ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲပြင်းထန်လာပြီးနောက် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းအနီးက ဖောင်းထိုးရွာ တပ်စခန်းနဲ့ အုန်းကျွန်းကြီး အမြောက်တပ်မှာ အထိုင်ချတဲ့ တပ်စခန်းတွေကို ဇူလိုင်လလယ်မှာ ရုပ်သိမ်းခဲ့ပြီး ရခိုင်ရိုးမအစပ် ဧရာဝတီတိုင်းဘက်က မြို့နယ်တွေမှာ အင်အားဖြည့်ထားတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်အောင်ဒေသခံတစ်ဦးကတော့ ရခိုင်ရိုးမအစပ်တွေမှာ စစ်ကြောင်းထိုး နေတာ တစ်ပတ်ကျော်လာပြီလို့ RFA ကို ပြောပါတယ်။

“အဖမ်းအဆီးရှိပြီးတော့မှ စစ်ကြောင်းထိုးတာ။ အဲဒီဘက်တွေမှာတော့ အင်အားနှစ်ရာလောက်နဲ့ စစ်ကြောင်းထိုးတာတွေ ရှိတယ်။ နောက်ပြီးတော့ ဟိုင်းကြီးကျွန်းဘက်က စစ်တပ်တွေလည်း ရိုးမအစပ် ပို့ထားတယ်”

ရခိုင်ရိုးမအစပ်က ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ရိုးမကို အမှီပြုပြီး လုပ်ကိုင် စားသောက်နေကြတဲ့ တောင်သူတွေ တောင်ပေါ်တက်ပြီး ဝါးခုတ်တာ၊ မျှစ်ချိုးတာတွေ လုပ်လို့မရတဲ့ အခြေအနေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်းက လုံခြုံရေးအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဩဂုတ်လ ၂ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းကို စစ်ကောင်စီက လုံခြုံရေးတင်းကျပ်မှုတွေလုပ်ပြီး ရေလမ်းကြောင်းနေ ရခိုင်ဘက်ပို့မဲ့ ကုန်ပစ္စည်းတွေကိုလည်း ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း မြန်အောင်မြို့နယ် အင်ပင်မြို့ အနောက်ဘက်မှာရှိတဲ့ ရခိုင်ရိုးမအစပ်က ဒေသခံ လူငယ်လေးဦးကို လက်နက်တွေ တွေ့တယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။