ဧရာဝတီရောက် ရခိုင်စစ်ဘေးဒုက္ခသည်တွေ ကန့်သတ်မှုတွေနဲ့ ကြုံနေရ
2024.12.17

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဧရာဝတီတိုင်းက မြို့နယ်တွေကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ပင်လယ်ပြင်ငါးဖမ်းခွင့် ပိတ်ပင်ခံရတာအပြင် အသွားအလာ တင်းကျပ် စစ်ဆေးတာတွေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ဂွမြို့နယ်နဲ့ သံတွဲမြို့နယ်တွေကနေ ဧရာဝတီတိုင်း ရေကြည်၊ သာပေါင်း၊ ရွှေသောင်ယံ၊ ချောင်းသာ၊ ငသိုင်းချောင်း စတဲ့မြို့တွေကို ထွက်ပြေးတိမ်းရှောင်နေကြရသူ ငါးထောင်ထက်မနည်း ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။
“တချို့က မှတ်ပုံတင်မပါတာတို့၊ ခရီးသွားထောက်ခံစာ မပါတာတို့ အဲဒါမျိုးတွေ ရှိတယ်ပေါ့။ အဲဒီလူတွေကို ခေါ်လည်းပြီးရော ဧည့်စာရင်းစစ်တဲ့သဘောပေါ့။ စစ်ဆေးလည်းပြီးရော အဲဒီလူတွေကို ဖမ်းတယ်”
ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့မှာ ရခိုင်ပြည်နယ် ဂွနဲ့ သံတွဲမြို့နယ်တွေက ငါးဖမ်းစက်လှေအစင်း ခြောက်ဆယ်ခန့်နဲ့အတူ ထွက်ပြေးခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တစ်ထောင်နီးပါး ရှိပါတယ်။ သူတို့ကို အဲဒီမြို့မှာ ဆက်မနေဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီရဲ့ ဒေသအာဏာပိုင်တွေက ဖိအားပေးထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
“မြို့နယ်က လူကြီးတွေ၊ တိုင်းက လူကြီးတွေ ဆင်းလာတယ်။ ဆင်းလာပြီးတော့ ကျွန်တော်တို့ ဒီမှာ ၁၄ ရက် အချိန်ပေးမယ်ပေါ့ သူတို့။ အဲဒါ ဖျာပုံနဲ့ အမာကို ကျွန်တော်တို့ကို ခုနစ်ရက်အတွင်း ပြောင်းပေးပါဆိုပြီး လာပြောတယ် ကျွန်တော့်ကို။ ကျွန်တော်တို့တွေက တစ်ဆယ့်တစ် မျဉ်းစောင်းတွေဆိုတော့ ဒီနေရာမှာ ဒုက္ခရောက်နေကြတာပေါ့”
ရွှေသောင်ယံမြို့ဟာ အာရက္ခတပ်တော် (AA) နဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ဂွမြို့နဲ့ မိုင် ၃၀ ကျော်ကွာဝေးပြီး အာရက္ခတပ်တော် (AA) ကို ထောက်ပို့လုပ်မှာ စိုးရိမ်တာကြောင့် အခုလို ဖိအားပေး ရွှေ့ပြောင်းခိုင်းတာလို့ ဒေသခံတွေက ပြောကြပါတယ်။
ဆက်နွှယ်သောသတင်းများ
တောင်ကုတ်မြို့နယ်ကို သိမ်းပိုက်ပြီး အမ်းနဲ့ ဂွကို AA ထိုးစစ်ဆင်
ဂွမြို့မှာ တိုက်ပွဲပြင်းထန်ချိန် ဧရာဝတီတိုင်းကို စစ်ရေးတင်းကျပ်
ဂွမြို့ကို လက်မလွှတ်ရရေး စစ်ကောင်စီတပ် အပြင်းအထန် ခုခံနေ
အလားတူ ချောင်းသာမြို့နယ်မှာလည်း ရခိုင်ပြည်နယ်ဘက်ကို ဆီနဲ့ ရိက္ခာတွေတင်ပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရခိုင်စစ်ဘေး ဒုက္ခသည်တွေရဲ့ ငါးဖမ်းလှေတွေ ပင်လယ်ပြင်ထွက်ခွာခွင့်ကို ပိတ်ပင်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချောင်းသာမြို့ခံတစ်ဦးက ပြောပါတယ်။
“စစ်ဘေးရှောင် ဂျမ်း (ငါးဖမ်းသင်္ဘောကြီး) သမားတွေပေါ့။ သူတို့ မထွက်ရဘူး။ ရွာခံတွေပဲ ထွက်ရတယ်ပေါ့။ သူတို့က ဟိုဘက် (ရခိုင်ပြည်နယ်) ကို ဆီပို့လို့ဆိုပြီးတော့လေ။ စစ်ဘေးရှောင် ဂျမ်းသမားတွေ မထွက်ခိုင်းဘဲနဲ့ နယ်ခံသမားတွေပဲ ထွက်ခိုင်းတာပဲ ရှိတယ်”
ချောင်းသာမြို့မှာတော့ ရခိုင်ပြည်နယ်ကနေ ငါးဖမ်းလှေတွေနဲ့အတူ ထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည် ရှစ်ရာဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပင်လယ်ပြင် ငါးဖမ်းခွင့်ကန့်သတ်မှုတွေကို စစ်ကောင်စီတပ်၊ ရဲ၊ ငါးလုပ်ငန်းဦးစီးဌာနနဲ့ ထွေအုပ်ရုံးတို့က ကန့်သတ်ပိတ်ပင်ထားတာလို့လည်း ပြောကြပါတယ်။
သာပေါင်းမြို့နယ်က ရွာတချို့မှာလည်း ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ဧည့်စာရင်းစာတာနဲ့ ဖမ်းဆီးတာတွေ မကြာခဏ ကြုံနေရတယ်လို့လည်း မြို့ခံတချို့က ပြောပါတယ်။
သာပေါင်းမြို့နယ်က ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ ငဝန်မြစ်အနောက်ဘက်က ဘုရားကုန်း၊ သရက်ကုန်း၊ အလယ်စု၊ မရမ်းချို စတဲ့ ရွာတွေမှာ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ဧည့်စာရင်းစစ်တာနဲ့ ဖမ်းဆီးတာတွေလည်း မကြာခဏ ကြုံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သာပေါင်းမြို့ခံတစ်ဦးက ပြောပါတယ်။
“တချို့က မှတ်ပုံတင်မပါတာတို့၊ ခရီးသွားထောက်ခံစာ မပါတာတို့ အဲဒါမျိုးတွေ ရှိတယ်ပေါ့။ အဲဒီလူတွေကို ခေါ်လည်းပြီးရော ဧည့်စာရင်းစစ်တဲ့သဘောပေါ့။ စစ်ဆေးလည်းပြီးရော အဲဒီလူတွေကို ဖမ်းတယ်”
ငသိုင်းချောင်းမြို့က စစ်ဆေးရေးဂိတ်တွေမှာတော့ ရခိုင်ပြည်နယ်ဘက် ပြန်မယ့်သူတွေကို အခုလကစပြီး သွားခွင့်မပေးတော့သလို စစ်ကောင်စီတပ်က အသွားအလာတွေကိုပါ တင်းကျပ်စစ်ဆေးနေတယ်လို့ ဒေသခံ တွေကပြောပါတယ်။
ရခိုင်စစ်ဘေးဒုက္ခသည်တွေ ကန့်သတ်ခံနေရမှုတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
ဧရာဝတီတိုင်းနဲ့ ဆက်စပ်နေတဲ့ ရခိုင်ပြည်နယ် ဂွမြို့ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက် နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။