နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် သုံးသန်းခွဲနီးပါး စားနပ်ရိက္ခာနဲ့ အကူအညီတွေ လိုအပ်
2024.11.28

မြန်မာနိုင်ငံတစ်ဝန်းမှာ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ဆင်ရေးတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ သုံးသန်းခွဲနီးပါးအထိ စံချိန်တင် များပြားလာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ပဋိပက္ခတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေပါ မြင့်တက်နေပြီး အရပ်သား ကာကွယ်စောင့်ရှောက်ရေး လိုအပ်ချက်တွေနဲ့အတူ လူသားချင်းစာနာမှု အကျပ်အတည်းဟာလည်း ဆက်လက်ဆိုးရွားနေဆဲပဲလို့ ဆိုပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၁၂ သိန်းကျော်ရှိလာပြီ ဖြစ်ပါတယ်။
ပွင့်လင်းရာသီအစမှာပဲ စစ်ကောင်စီတပ်ဟာ အညာဒေသတွေဖြစ်ကြတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲကို တစ်ကျော့ပြန် ထိုးစစ်နဲ့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာကြောင့် စစ်ရေးပိုပြင်းထန်လာပြီး စစ်ဘေးဒုက္ခသည်တွေလည်း ပိုများလာတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ နို၀င်ဘာလ ၁၁ ရက်နေ့ကစလို့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သောင်းခန့်ဟာ စားနပ်ရိက္ခာအပါအဝင် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"မြို့နယ်အသီးသီးတိုင်းမှာ စစ်ကြောင်း တော်တော်များများ ထိုးနေတယ်။ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ရတဲ့အခြေအနေတွေ ရှိတယ်။ စစ်ကြောင်းထိုးရာက လွတ်မြောက်မယ်ထင်တဲ့ ကျေးရွာ၊ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်နေတာ ပိုများပါတယ်။ အဓိကတော့ စားနပ်ရိက္ခာပေါ့နော်။ ရာသီအကူးအပြောင်းဆိုတဲ့အခါကျတော့ စစ်ရှောင်တွေက ကျန်းမာရေးမကောင်းကြဘူး။ ရာသီတုပ်ကွေးနဲ့အပြိုင် ကလေးတွေဆိုရင်လည်း သွေးလွန်တုပ်ကွေး ဖြစ်ကြတယ်။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေး၀ါးတွေ လိုအပ်ပါတယ်။ စစ်ရှောင်ကာလ ကြာလာတာနဲ့ စစ်ရှောင်ဦးရေ များလာတာနဲ့ဆိုတော့ လှူတဲ့သူရှိပေမဲ့ လုံလောက်မှုတွေ နည်းပါးလာပြီ။ ဒါကြောင့် စားနပ်ရိက္ခာကတော့ အရေးပေါ် လိုအပ်နေတဲ့နေရာ အများကြီးရှိတယ်"
ပုလဲမြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ပုလဲ၊ ကန့်ဘလူ၊ ရေဦး၊ ဒီပဲယင်း၊ ရွှေဘို၊ အရာတော်၊ ခင်ဦး၊ ယင်းမာပင်၊ ဆားလင်းကြီး၊ တန့်ဆည် စတဲ့ မြို့နယ်တွေက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
"စစ်ရှောင်ကာလ ကြာလာတာနဲ့ စစ်ရှောင်ဦးရေ များလာတာနဲ့ဆိုတော့ လှူတဲ့သူရှိပေမဲ့ လုံလောက်မှုတွေ နည်းပါးလာပြီ။ ဒါကြောင့် စားနပ်ရိက္ခာကတော့ အရေးပေါ် လိုအပ်နေတဲ့နေရာ အများကြီးရှိတယ်"
ပုလဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားတာကြောင့် ဒေသခံတွေဟာ နေရပ်မပြန်ရဲသေးဘဲ တိုက်ပွဲကင်းလွတ်တဲ့ ရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတာပါ။
ဒါ့အပြင် တော်လှန်ရေးအားကောင်းတဲ့ မြို့နယ်တွေဖြစ်ကြတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက ထီးချိုင့်၊ ကသာ၊ ကောလင်း၊ အင်းတော်၊ ကလေး၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲတို့မှာ ကုန်စည်နဲ့ ရိက္ခာသယ်ယူမှု လမ်းကြောင်းတွေကို စစ်ကောင်စီက ကန့်သတ်တင်းကျပ်မှုများလာတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက အဆမတန် ငွေတောင်းခံတာတွေ၊ ခရီးသွားပြည်သူတွေကို ခြိမ်းခြောက်တာတွေ ရှိနေပြီး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေက ခက်ခဲတာကြောင့် အကူအညီတွေလည်း ရောက်မလာဘူးလို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာ၀န်ရှိသူ မဖူးပွင့်ဝေက ပြောပါတယ်။
"ပွင့်လင်းရာသီ ရောက်လာတာနဲ့အမျှ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုတွေ၊ တပ်ရင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ခဏခဏတော့ စစ်ရှောင်နေရတာပေါ့နော်။ စားနပ်ရိက္ခာသယ်ယူမှုအပိုင်းမှာတော့ ပိုပိုပြီး ဆိုးလာတာပေါ့နော်။ ဆီတောင်မှ အကန့်အသတ်နဲ့ သယ်တာတွေ ဖြစ်လာတဲ့အခါမျိုးမှာတော့ တော်တော်လေးကို အကန့်အသတ်တွေ ဖြစ်လာတယ်။ အခု ဒီအတောအတွင်းမှာပေါ့နော်။ ပိုဆိုးလာတဲ့ အနေအထားမျိုးမှာ သူတို့တွေက အဲလို ဖြတ်တောက်တယ်။ မရ ရတဲ့နည်းနဲ့ သယ်ရတယ်။ သယ်ရတဲ့အခါမှာ ကုန်စျေးနှုန်းတွေ မြင့်တက်လာတာ ရှိတယ်။ တော်တော်လေး အကျပ်ရိုက်တယ်"
စစ်ကောင်စီက ဖြတ်လေးဖြတ်စနစ်မျိုးနဲ့ ပိတ်ဆို့ထားတာကြောင့် ရေရှည်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်ရမယ့်အခြေအနေ ဖြစ်လာနိုင်တယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံက လက်နက်ကိုင်တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက တိုက်ပွဲတွေပြင်းထန်လာခဲ့ပြီး လက်ရှိအချိန်မှာ တိုင်းနဲ့ ပြည်နယ် ၁၅ ခုအနက် ၁၂ ခုမှာ တိုက်ပွဲဒဏ်ကို ခံနေရတယ်လို့လည်း UNOCHA က ဆိုပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မှာလည်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း (၅၇,၀၀၀) ခန့်ရှိနေပြီလို့ ထုတ်ပြန်ထားပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့က နေရပ်စွန့်ခွာထွက်ပြေးလာရသူ ၁၅၀၀ ထဲက ကလေး ရှစ်ရာဝန်းကျင်ဟာလည်း စားနပ်ရိက္ခာ မလုံလောက်မှု အန္တရာယ်တွေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။
ယင်းမာပင်ခရိုင်၊ ဘန့်ဘွေးမြောက်ရွာကနေ နေရပ်စွန့်ခွာထွက်ပြေးလာရတာ သုံးနှစ်ကျော်ကြာနေပြီဖြစ်တဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးကတော့ တောထဲမှာဖြစ်သလိုနေထိုင်ပြီး ဆန်အပိုင်းအကျိုးကို ချက်စားနေရတယ်လို့ ဆိုပါတယ်။
"ဆန်ရေစပါးကတော့ ဖြစ်သလိုပဲ စားရတာပေါ့။ ကျွန်တော်တို့ဘက်မှာ ဆန်မဟုတ်ဘူး။ ဆလပ် (ဆန်အပိုင်းအကျိုး) ဆိုတဲ့ဟာကိုပဲ စားရတယ်။ ဆန်အပိုင်းအကျိုး ခေါ်တာပေါ့။ ဆန်ဆိုရင် တစ်သိန်းခွဲလောက်ရှိတယ်။ စက်ကျကတဲ့ အကြေပေါ့ဗျာ။ အဲဒါကိုမှ ကျွန်တော်တို့ဘက်မှာ တစ်အိတ်ဆိုရင် ခုနစ်သောင်း၊ ရှစ်သောင်း။ အဲလိုဟာလေးတွေနဲ့ အဆင်ပြေအောင် စားရတယ်။ လူတိုင်းနီးပါးပဲ အဲလိုဖြစ်နေပြီ။ တချို့ဆိုရင် နေဖို့ထိုင်ဖို့တောင် ရာသီဥတုဖောက်ပြန်တဲ့အခါဆိုရင် တဲမလုံခြုံတာလေးတွေ နေပူထဲမှာပေါ့ဗျာ၊ တဲသေးသေးလေးတွေနဲ့ ပူအိုက်အိုက်နဲ့ အဲလိုနေကြရတယ်။ တဲလေးတွေနဲ့ သစ်ပင်အောက်မှာ မိုးမလုံတစ်လုံလေးနဲ့ နေရတာ များတယ်။ ဖြစ်နိုင်ရင်တော့ ဒီစစ်ကို မြန်မြန်ပြီးချင်တာပဲ"
၂ဝ၂၃ ခုနှစ်၊ ဇွန်လကတည်းက ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က စစ်ဘေးဒုက္ခသည်တစ်ဦးကလည်း နေအိမ်မီးရှို့ခံထားရတဲ့အပြင် လုံခြုံရေးစိုးရိမ်ရတာကြောင့် ဒီနေ့အထိ နေရပ်မပြန်နိုင်သေးပါဘူး။
"အစ်မတို့က ရဲစခန်းနဲ့လည်း နီးတယ်။ အိမ်ကလည်း မီးရှို့ခံထားရတဲ့အတွက် ပြန်လို့မရဘူး။ ရဲစခန်းနဲ့ အိမ်နဲ့ဆိုရင် ငါးအိမ်၊ ခြောက်အိမ်ပဲ ခြားတာ။ အဲဒီလိုဆိုတော့ မပြန်ရဲဘူး။ ပြန်လည်း မဆောက်ရဲသေးဘူး။ စခန်းထဲမှာ သူတို့ကလည်း ပြန်နေနေတာဆိုတော့။ နှမျောလည်း နှမျောတယ်။ ခံလည်းခံစားရတယ်။ အိမ်က ဆောက်ထားတာ ဘာမှမကြာသေးဘူး။ ကိုယ့်အိမ်မှာကိုယ် ပြန်နေချင်ပြီ။ ဒါပေမဲ့ ပြန်လို့မှမရတာ။ ဒါကြီးက ဘယ်လိုရှေ့ဆက်သွားရမလဲဆိုတာကလည်း စဥ်းစားလို့မရဘူးဖြစ်နေတယ်။ ဒါကြီးလည်း မြန်မြန်ပြီးချင်စေပါတယ်။ စစ်ကြောင်းထိုးတိုင်း ပြေးနေရတာ ကလေးတွေနဲ့ကျတော့ အဆင်မပြေဘူး”
ဆက်နွှယ်သောသတင်းများ
ငါန်းဇွန်မှာ ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်ဦး သေဆုံး
နိုင်ငံတစ်ဝန်း ဒုက္ခသည် ခြောက်သန်းကျော် အကူအညီလိုအပ်နေ
ကချင်နဲ့ ကယားက ဒုက္ခသည်တွေ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ သွားလာခွင့်တွေကို အဟန့်အတားမရှိ ခွင့်ပြုပေးရမှာဖြစ်ပြီး၊ အရပ်သားပြည်သူတွေဆီ လူမှုဘဝကယ်ဆယ်ရေး အကူအညီတွေ ရောက်ရှိဖို့ ရှုပ်ထွေးတဲ့ကန့်သတ်ချက်တွေ ဖယ်ရှားပေးရမယ်လို့လည်း (UNOCHA) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့လည်း စစ်ကောင်စီက နည်လမ်းပေါင်းစုံနဲ့ ပိတ်ဆို့ဖြတ်တောက်မှုတွေရှိတာကြောင့် စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ရေးတွေ ခက်ခဲနေတယ်လို့ ပခုက္ကူမြို့နယ် လူသားချင်းစာနာထောက်ထားရေးဌာန တာဝန်ခံက ပြောပါတယ်။
“သူတို့ စစ်ကြောင်းကိစ္စတွေ ရှိသည်ဖြစ်စေ၊ တခြားကိစ္စတွေ ရှိသည်ဖြစ်စေ၊ သူတို့ အရေးအကြောင်းကိစ္စတစ်ခု ရှိလာတဲ့အနေအထားတိုင်းမှာ သူတို့တွေက ဂိတ်တွေမှာ ပိတ်ဆို့မှုတွေလုပ်တယ်။ ဂိတ်တွေကနေပြီး ပစ္စည်းတွေယူတယ်ဆိုတဲ့ အနေအထားတွေ။ ပြီးတော့ သယ်ယူပို့ဆောင်ခွင့်တွေ ခက်ခဲအောင်လုပ်တဲ့အနေအထားတွေ အများကြီးရှိပါတယ်။ အရင်ကထက် သယ်ယူစရိတ်တွေ ကြီးလာတယ်။ မကုန်ကျသင့်တဲ့ ကိစ္စရပ်တွေမှာ ပိုပြီးတော့ကုန်ကျလာပြီး ပြည်သူတွေဆီရောက်ဖို့အတွက် ပိုပြီးခက်ခဲလာတဲ့ အနေအထားတွေရှိတယ်။ စားသောက်ရေးကိစ္စတွေမှာ ပိုပြီးခက်ခဲလာမဲ့ အနေအထားတွေ ရှိလာနိုင်တယ်"
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ကနေစပြီး ပခုက္ကူမြို့ရဲ့ အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အထိုင်ချထားတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော်ခန့်ဟာ မပြန်နိုင်သေးဘဲ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။