သတ်မှတ်ဈေးထက်ပိုရောင်းလို့ဆိုပြီး ဆန်ကုန်သည်တချို့ ဖမ်းဆီးခံရ
2024.08.29
စစ်ကောင်စီကသတ်မှတ်ထားတဲ့ လအလိုက် ရည်ညွှန်း ဆန်ဈေးနှုန်းအတိုင်း မရောင်းတဲ့ ဆန်ကုန်သည် ဆယ်ဦးထက်မနည်း စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဆန်ကုန်သည်တွေက RFA ကို ပြောပါတယ်။
ဩဂုတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ ဝါးတန်းဆန်စပါးကုန်စည်ဒိုင်အနီးမှာ ဆန်အရောင်းအဝယ်လုပ်နေတဲ့ ကုန်သည်နဲ့ ပွဲစားဆယ်ဦးအပြင် ဘုရင့်နောင်ဆန်ပွဲရုံဘက်မှာလည်း ဖမ်းဆီးခံရတာတွေရှိတယ်လို့ ဆိုပါတယ်။
ဝါးတန်းကုန်စည်ဒိုင် အပြင်ဘက်မှာ အရောင်းအဝယ်လုပ်နေအချိန် အဖမ်းခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆန်ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
"ဝါးတန်းဒိုင်ထဲ ဝင်ဖမ်းတာမဟုတ်ဘူး၊ အပြင်မှာအရောင်းအဝယ်လုပ်တာ၊ ဝါးတန်းမှာ ဖမ်းတာမဟုတ်ဘူး၊ အပြင်မှာလိုက်ပြီးတော့ လက်ဖက်ရည်ဆိုင်ထိုင်၊ ထမင်းကြော်ဆိုင်ထိုင်ပြီးတော့ ဘာကောင် ညာကောင်းမှန်းမသိဘဲနဲ့ ရောင်းကြ ချကြတာ၊ နောက်တစ်ခုက ဘုရင့်နောင်မှာလည်းဆွဲတယ်ကြားတယ်"
ရန်ကုန်မြို့မှာ ဆန်အရောင်းအဝယ်အတွက် ဝါးတန်းဆန်စပါးကုန်စည်ဒိုင်နဲ့ ဘုရင့်နောင်ဆန်စပါးကုန်စည် ဒိုင်တွေမှာပဲ တရားဝင်အရောင်းအဝယ်လုပ်ရတယ်လို့ သူက ပြောပါတယ်။
"ရည်ညွှန်းဈေးအတိုင်း ရောင်းမှရမယ်ဆိုရင် မဖြစ်ဘူး၊ အကုန်လုံးဖမ်းမှရမယ်"
ဒါပေမဲ့ အဲဒီကုန်စည်ဒိုင်တွေမှာ စစ်ကောင်စီသတ်မှတ်ဈေးနဲ့ပဲ အရောင်းအဝယ်လုပ်ရတာကြောင့် ပြင်ပမှာ အရောင်းအဝယ်တွေ လုပ်လာကြတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။
ပြင်ပမှာ စစ်ကောင်စီသတ်မှတ်ဈေးထက် ဆန်အမျိုးအစားအလိုက် တစ်အိတ်ကို ငွေကျပ် တစ်သောင်းခွဲကနေ သုံးသောင်းအထိ ဈေးနှုန်းမြှင့်ပြီး အရောင်းအဝယ်လုပ်ကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီသတ်မှတ်ဈေးနှုန်းတွေက ကုန်သည်တွေအတွက် အရင်းမရတဲ့အပြင် ဆုံးရှုံးမှုတွေရှိလာတယ်လို့ လုံခြုံရေးအရ အမည်ဖော်လိုတဲ့ ရန်ကုန်မြို့က ဆန်လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
"အခုဈေးကွက်မှာဖြစ်နေတဲ့ဥစ္စာက ရည်ညွှန်းဈေးအတိုင်း ရောင်းလို့ရတဲ့ဆန်တွေ မရှိဘူး မဟုတ်ဘူး ရှိတယ်။ ဒါပေမဲ့ ရွှေဘိုပေါ်ဆန်းဆိုရင် ကျွန်တော်တို့ ရည်ညွှန်းဈေးနဲ့ ဝယ်လို့မရဘူးနော်။ ရွှေဘိုပေါ်ဆန်းရဲ့ဈေးနှုန်းက တစ်သိန်းခုနစ်သောင်းဝန်းကျင်လောက်ရှိတယ် အနိမ့်ဆုံး။ နောက်တစ်ခု ရွှေဘိုပေါ်ဆန်းက လိုသလောက် ဝယ်လို့မရဘူး။ အချို့တွေက အရောင်းရပ်ထားတယ်ဆိုပြီးတော့ လက်သိပ်ထိုးပြီး အရောင်းအဝယ်ဖြစ်နေတာ။ အဲဒီတော့ ရည်ညွှန်းဈေးအတိုင်း ရောင်းမှရမယ်ဆိုရင် မဖြစ်ဘူး၊ အကုန်လုံးဖမ်းမှရမယ်။ ဆန်အရည်အသွေး ပေါ်လိုက်ပြီး တစ်သောင်းခွဲကနေ သုံးသောင်း ကြား အရှုံးခံပြီး ရောင်းမှကိုရမယ်"
ဒါကြောင့် အခုလို ပြင်မှာ အရောင်းအဝယ်တွေလုပ်ပြီး ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
ဆန်ဈေးတင်ရောင်းမှုနဲ့ ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသားကို စစ်ကောင်စီ ထောင်ချ
ဆန်အမြတ်တင်ရောင်းချမှုနဲ့ ဂျပန်နိုင်ငံသားအပါအဝင် လုပ်ငန်းရှင် ၁၁ ဦးဖမ်းဆီးအရေးယူခံရ
ဆန်ဈေး အဆမတန်တင်ရောင်းသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီထုတ်ပြန်
ဆန်ကုန်သည်တွေကို ခေါ်ယူစစ်ဆေးပြီး ဆန်စျေးကိုထိန်းချုပ်ဖို့ စစ်ကောင်စီ ကြိုးစားနေ
ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကလည်း သတ်မှတ်ဆန်ဈေးနှုန်းတွေထက်ပိုပြီး အမြတ်တင်ရောင်းချလို့ဆိုပြီး ဆန်စပါး လုပ်ငန်းရှင် ခုနစ်ဦး၊ ဂျပန်နိုင်ငံသားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့ပါတယ်။
မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကတော့ ရည်ညွှန်းဈေးနဲ့ မရောင်းတဲ့သူတွေကို အရေးယူဖို့ လုပ်နေတာရှိတယ်လို့ RFA ကို ပြောပါတယ်။
"ရည်ညွန်းဈေးနဲ့ မရောင်းဘူးဆိုရင် အရေးယူတာတွေ လုပ်နေတာဆိုတော့လေ အဲကိစ္စဖြစ်မလား၊ အခြားဘာကိစ္စဖြစ်မလဲ၊ သိတာကတော့ ဆီရော၊ ဆန်ရော ရောင်းတဲ့သူတွေ၊ ဆီနဲ့ပတ်သက်ပြီးတော့ တရားစွဲထားတာတော့သိတယ်”
အခု ဆန်ကုန်သည်နဲ့ ပွဲစားတွေ ဖမ်းဆီးခံရတဲ့အခြေအနေကို သူက ဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီရဲ့ ဩဂုတ်လအတွက် သတ်မှတ်ရည်ညွှန်းဈေးတွေအဖြစ် ဆန်ကြမ်းအုပ်စုတွေအတွက် ၂၄ ပြည် ဆန်တစ်အိတ်ကို ငွေကျပ် ခုနစ်သောင်းခန့် (၆၈,၀၀၀) ကနေ တစ်သိန်းခန့် (၉၈,၀၀၀) နဲ့ ဧရာဝတီပေါ်ဆန်းအုပ်စုက အမြင့်ဆုံးဈေး တစ်သိန်းနှစ်သောင်းနဲ့ ရွှေဘိုပေါ်ဆန်းကို တစ်သိန်းခွဲခန့် (၁၄၅,၀၀၀) ထက်ပိုပြီး ဈေးနှုန်းမြှင့်တင်မရောင်းချဖို့ ကန့်သတ်ထားပါတယ်။
ပြင်ပပေါက်စျေးမှာတော့ ဆန်ကြမ်းအုပ်စုတွေအတွက် ၂၄ ပြည် ဆန်တစ်အိတ်ကို ငွေကျပ် တစ်သိန်းကျော် (၁၀၈,၀၀၀ )၊ ဧရာဝတီပေါ်ဆန်းအုပ်စုက အမြင့်ဆုံးစျေး တစ်သိန်းခွဲကျော် (၁၆၂,၀၀၀) နဲ့ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ကျပ်နှစ်သိန်းနီးပါး (၁၈၅,၀၀၀) နဲ့ ရောင်းချနေကြပါတယ်။
ဒီဈေးနှုန်းတွေကိုကြည့်ရင် ဆန်တစ်အိတ်ကို စစ်ကောင်စီသတ်မှတ်ဈေးနဲ့ ပြင်ပပေါက်ဈေး ကျပ် တစ်သောင်းကနေ လေးသောင်းအထိ ကွာနေတာ တွေ့ရပါတယ်။
စစ်ကောင်စီဘက်က သတ်မှတ်ရည်ညွှန်းဈေးနဲ့ ကန့်သတ်ထားရင် ဆန်ဈေးကွက်မှာ တရားမဝင် မှောင်ခိုစျေးကွက် ဖြစ်လာမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) အဖွဲ့ဝင်လည်းဖြစ်၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး က RFA ကို ပြောပါတယ်။
"အခုဟာကဗျာ သူတို့သတ်မှတ်ထားတဲ့ဈေးနဲ့ ရောင်းဆိုတော့ ဒီဘက်ကလူတွေက မကိုက်ဘူး၊ မကိုက်တော့ မရောင်းဘူး၊ တရားဝင် ဘာအထောက်အထားဘောင်ချာတွေနဲ့မှ ဘယ်လိုမှ ဝယ်လို့ရမှာမဟုတ်ဘူး။ အဲဒီတော့ ရောင်းသူဝယ်သူ ဝယ်နိုင်တဲ့ သူက ဝယ်မယ်။ ရောင်းနိုင်တဲ့သူကလည်း အဲဒီဈေးနဲ့ ရောင်းမယ်ဆိုရင်တော့ မှောင်ခိုစျေးကွက်ကြီးတစ်ခုဖြစ်လာမှာပေါ့ဗျာ”
ဆန်ကုန်သည်နဲ့ ပွဲစားတွေဖမ်းဆီးခံရတဲ့အကြောင်း အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
ပြီးခဲ့တဲ့ ဇွန်လတုန်းက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်နဲ့ ဒုဥက္ကဋ္ဌ ဦးလူမော်မြင့်မောင် အပါအဝင် ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းက ဆန်စက်ပိုင်ရှင် ဆယ်ယောက်ကျော် ဖမ်းဆီးစစ်ဆေး ခံခဲ့ရပြီးနောက် ဆန်စက် ကိုးလုံးကျော်နဲ့ လက်လီဆန်ဆိုင်တချို့ အပိတ်ခံခဲ့ရပါတယ်။