ရိုဟင်ဂျာ တစ်သောင်းကျော် ခေါ်ထုတ်ပြီးနောက် မောင်တောရပ်ကွက်အချို့ AA ထိန်းချုပ်
2024.08.12
[Update: 7: 28 PM, Aug 12, 2024]
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောမြို့မှာ ဩဂုတ်လ ၇ ရက်နေ့ကစလို့ ဒီနေ့အထိ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ရိုဟင်ဂျာ တစ်သောင်းသုံးထောင်ကျော်အပါအဝင် ရခိုင်နဲ့ ဟိန္ဒူဘာသာဝင် စုစုပေါင်း လူ တစ်သောင်းခွဲကျော်ကို အာရက္ခတပ်တော် (AA) က ခေါ်ထုတ်သွားတယ်လို့ AA အဖွဲ့နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
လက်ရှိမှာ မောင်တောမြို့ထဲမှာ ပိတ်မိနေတဲ့ ရိုဟင်ဂျာ ငါးထောင်လောက်ပဲ ရှိနိုင်တော့တယ်လို့လည်း ဆိုပါတယ်။
“စပြီးတော့ ကယ်ထုတ်တဲ့နေ့ကနေ ဒီနေ့အထိဆိုရင်တော့ လူတစ်သောင်းခွဲကနေ နှစ်သောင်းကြားရှိတာပေါ့နော်။ မြို့ပေါ် ဧရိယာအများစုကိုတော့ AA က ထိန်းချုပ်ထားပြီ"
မောင်တောမြို့တွင်းမှာ ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး ပိတ်မိနေတဲ့ ရိုဟင်ဂျာတွေဟာ စစ်ကောင်စီ တပ်စွဲထားတဲ့ ရပ်ကွက်တွေက ရိုဟင်ဂျာတွေလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မောင်တောဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စပြီးတော့ ကယ်ထုတ်တဲ့နေ့ကနေ ဒီနေ့အထိဆိုရင်တော့ လူတစ်သောင်းခွဲကနေ နှစ်သောင်းကြားရှိတာပေါ့နော်။ မြို့ပေါ် ဧရိယာအများစုကိုတော့ AA က ထိန်းချုပ်ထားပြီ။ မြို့ထဲမှာ နှစ်ဖက်ထိတွေ့မှု ဖြစ်နေတာကတော့ အမှတ် (၁) ရပ်ကွက်ရယ်၊ မြို့မ ကညင်တန်းရယ်၊ နောက်ပြီးတော့ နခခ (၅) ပေါ့နော်။ အဲဒီနေရာတွေမှာ အဓိက တိုက်ပွဲဖြစ်နေတယ်။ စစ်ကောင်စီတပ်တွေရှိတဲ့နေရာတွေ၊ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်နေတဲ့နေရာတွေက မွတ်စလင်တွေ ပိတ်မိနေတာတွေ ရှိပါသေးတယ်”
စစ်ကောင်စီတပ်က ခံစစ်အထပ်ထပ်ကာရံထားတဲ့ မောင်တောမြို့ကို သြဂုတ်လ ၇ ရက်နေ့မှာ AA က ထိုးဖောက် ဝင်ရောက်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မောင်တောမြို့အလယ်ရပ်ကွက်တွေအပါအဝင် မြို့ရဲ့ သုံးပုံနှစ်ပုံကို AA က ထိန်းချုပ်ထားတယ်လို့လည်း ဆိုပါတယ်။
မောင်တောမြို့ပေါ်ကနေ အာရက္ခတပ်တော် (AA) က ခေါ်ထုတ်သွားသူတွေထဲ အများစုကတော့ AA က ချပေးထားတဲ့ နေရာတွေမှာ နေထိုင်ကြပြီး တချို့တွေလည်း နီးစပ်ရာဆွေမျိုးတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွာဖို့ စီစဉ်နေကြသူတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
မောင်တောတိုက်ပွဲကြောင့် ရိုဟင်ဂျာ တစ်ထောင်ကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး
မောင်တောဒေသခံတွေ မြို့ကနေ အမြန်ဆုံးထွက်ခွာဖို့ AA သတိပေး
ထိန်းချုပ်နယ်မြေက စစ်ဘေးဒုက္ခသည် ငါးသိန်းကျော်ကို ကူညီဖို့ AA တောင်းဆို
AA အဖွဲ့အနေနဲ့ ရိုဟင်ဂျာတွေရဲ့ လုံခြုံရေးကို တာဝန်ယူဖို့လိုအပ်တယ်လို့ မာမတ်ဆော်လိမ် လို့ အမည်လွှဲထားတဲ့ ရိုဟင်ဂျာအရေး အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“အဓိကတော့ သူတို့ကို အမိုးအကာတွေအောက်မှာ စားဝတ်နေရေးအဆင်ပြေအောင် အဓိကဆောင်ရွက် ထားဖို့ပါ။ ပြီးရင် သူတို့ကို ARSA တို့၊ RSOတို့ နဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲပြီးတော့ ဒုက္ခရောက်အောင်မလုပ် ဖို့လည်းလိုပါတယ်။ ဒါ ဒုတိယအချက်ပါ။ စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်းကနေ လက်နက်ကြီး ပစ်ခတ်မှုတွေ၊ တိုတိုပြောရရင် သူတို့အတွက် လုံခြုံရေးအစီအမံတွေ ဆောင်ရွက်ပေးဖို့လိုပါတယ်”
လက်ရှိ မောင်တောမြို့မှာ ပိတ်မိနေတဲ့သူတွေကိုလည်း လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လုံလုံခြုံခြုံ ထွက်ခွာခွင့်ပေးဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီလိုသာ ထွက်ခွင့်မပေးရင် နှစ်ဖက်တိုက်ပွဲတွေကြား အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးသွားနိုင်တယ်လို့ မာမတ်ဆော်လိမ် က ထောက်ပြပါတယ်။
ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ AA အဖွဲ့ဟာ အခုခေါ်ထုတ်သွားတဲ့ ရိုဟင်ဂျာတွေအတွက် ကြိုတင်စီမံထားတာတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။
“လောလောဆယ်က ပြည်သူတွေအသက်ရှင်ဖို့ အဲဒါက အရေးအကြီးဆုံးဖြစ်ပါတယ်။ ULA ကယ်ထုတ်တာ ဆိုရင် လွတ်မြောက်နယ်မြေတွေကို ရောက်မှာပေါ့နော်။ လွတ်မြောက်နယ်မြေတွေမှာဆိုရင် မွတ်စလင်ရွာတွေလည်း အများကြီးရှိတယ်။ ရခိုင်ရွာတွေလည်းရှိတယ်။ ULA/AAက တရားဝင်ကြေညာပြီးတော့ ထုတ်တာပေါ့နော်။ တစ်နေ့ကို ဘယ်လောက်ဆိုပြီးတော့။ လူသားချင်းစာနာမှုနဲ့ သူတို့ကို နေရာချထားဖို့၊ ထောက်ပံ့ကျွေးမွေးဖို့ အဆင်သင့်ရှိပါလိမ့်မယ်”
အခု မောင်တောမြို့တွင်းမှာ တိုက်ပွဲဖြစ်နေတာကြောင့် အရပ်သားတွေ မထိခိုက်အောင် စစ်ကောင်စီတပ်ကရော၊ AA ကပါ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ဆိုပါတယ်။
အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကတော့ သူတို့ကို လုံခြုံမဲ့နေရာတွေကို ပို့ဆောင်ထားတယ်လို့ RFA ကို ပြောပါတယ်။
“အခု မောင်တောတိုက်ပွဲ ပိုပြီး ပြင်းထန်လာတဲ့အချိန်မှာ စစ်ကောင်စီတပ်ဟာ မောင်တောမြို့ခံတွေကို မြို့ထဲက ထွက်သွားခွင့်မပေးဘူး။ အားလုံးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီး၊ ပိတ်လှောင်ထားတာရှိတယ်။ ဒီဟာကို အာရက္ခတပ်တော်က အပြစ်မဲ့ပြည်သူတွေကို တတ်နိုင်သမျှကယ်ထုတ်တာ ဖြစ်ပါတယ်။ အခု သူတို့ကိုတော့ လုံခြုံမဲ့နေရာကို ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။ အစား၊ အသောက်နဲ့ နေထိုင်စရာတွေလည်း ကျွန်တော်တို့ တတ်နိုင်သလောက် စီစဉ်ပေးထားတာ ရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလည်း ပေးနေတာရှိပါတယ်”
စစ်ကောင်စီတပ်က မောင်တောမြို့ကို ကာကွယ်ဖို့အတွက် အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြု နေတာကို အာရက္ခတပ်တော် (AA) က ကယ်ထုတ်ခဲ့တာလို့လည်း ဦးခိုင်သုခက ပြောပါတယ်။
ဒီပြောဆိုချက်တွေအပြင် မောင်တောမြို့က အခြေအနေတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
(မှတ်ချက် - ဤသတင်းတွင် အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခ၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)