မောင်တောတိုက်ပွဲကြောင့် ရိုဟင်ဂျာ တစ်ထောင်ကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး

RFA Burmese
2024.08.09
မောင်တောတိုက်ပွဲကြောင့် ရိုဟင်ဂျာ တစ်ထောင်ကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာသည့် ရိုဟင်ဂျာများလိုက်ပါလာသည့်လှေသည် နတ်မြစ်အတွင်းနစ်မြုပ်ပြီး ရေနစ်သေဆုံးသွားသည့် ရိုဟင်ဂျာဒုက္ခသည် ရုပ်အလောင်းများအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က တွေ့ရစဉ်။
AFP

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့မှာ စစ်ကောင်စီတပ်နဲ့ အရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး အဲဒီတိုက်ပွဲတွေကြောင့် ရိုဟင်ဂျာငါးထောင်ခန့်ဟာ နတ်မြစ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံဖို့ မြစ်ကမ်းဘေးမှာ စောင့်ဆိုင်းနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအထဲက ရိုဟင်ဂျာ ၁၅၀၀ ကျော်ဟာ အခုရက်ပိုင်းတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိ လာကြတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာရှိနေတဲ့ မာမတ်ဟူစိန်လို့ အမည်လွှဲထားတဲ့ ရိုဟင်ဂျာတစ်ဦးက RFA ကိုပြောပါတယ်။

"အခုမြန်မာနိုင်ငံဘက် နတ်မြစ်နားမှာလည်း စောင့်ဆိုင်းနေကြသူတွေလည်း ရှိသေးတယ်။ ဒီဘင်္ဂလားဒေ့ရှ်ဘက်ကို ကူးလာကြတာက လူ ၁၅၀၀ လောက်ရှိတယ်။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ထိန်းသိမ်းထားတာက ငါးရာလောက်ရှိတယ်။ သူတို့ကိုတော့ နေရာတစ်ခုတည်းမှာ စုထားတာ။ စခန်းထဲမှာတော့ ဝင်လာတာ တစ်ထောင်ကျော်လောက် ရှိတယ်။ ဒုက္ခသည်စခန်းတိုင်းမှာ ဆွေမျိုးနေအိမ်တွေမှာ နေကြတယ်”

"အခုမြန်မာနိုင်ငံဘက် နတ်မြစ်နားမှာလည်း စောင့်ဆိုင်းနေကြသူတွေလည်း ရှိသေးတယ်။ ဒီဘင်္ဂလားဒေ့ရှ်ဘက်ကို ကူးလာကြတာက လူ ၁၅၀၀ လောက်ရှိတယ်"

ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံဖို့ ကြိုးစားရင်း သြဂုတ်လ ၆ ရက်နေ့က ရိုဟင်ဂျာ စက်လှေတစ်စီး နတ်မြစ်ထဲက ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲမှာ နစ်မြုပ်ခဲ့ပါတယ်။ အဲဒီလှေမှောက်ပြီးနောက် ရိုဟင်ဂျာ ၃၄ ဦးရဲ့ အလောင်းကို ကမ်းပေါ်မှာတွေ့ရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ဒေသဆိုင်ရာ တာဝန်ရှိသူတွေက သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံဖို့ ကြိုးစားနေကြတဲ့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးကို RFA က ဒီနေ့ အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်ပါဘူး။

မြန်မာဘက်ခြမ်းက နတ်မြစ်ကမ်းမှာ စောင့်ဆိုင်းနေချိန် ဩဂုတ် ၅ ရက်နေ့ကလည်း လက်နက်ကြီးကျရောက် ပေါက်ကွဲတာကြောင့် ရိုဟင်ဂျာ ရာနဲ့ချီသေဆုံးခဲ့ပြီး ဒါဟာ အာရက္ခတပ်တော် (AA) က ပစ်ခတ်ခဲ့တာလို့ ရိုဟင်ဂျာတွေက ပြောထားပါတယ်။ AA ကတော့ အဲဒီဖြစ်စဉ်ဟာ သူတို့နဲ့မသက်ဆိုင်သလို သူတို့ထိန်းချုပ်တဲ့နယ်မြေထဲ ဖြစ်ပွားခဲ့တာလည်း မဟုတ်ဘူးလို့ သြဂုတ်လ ၇ ရက်နေ့မှာ ပြန်လည်တုံ့ပြန်ပါတယ်။ ဒီကိစ္စ အသေးစိတ် အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေပြီး အခြေအနေမှန်ကို သိရတဲ့အခါ အမြန်ဆုံးထုတ်ပြန်ပေးမယ်လို့လည် AA က ဆိုပါတယ်။

မောင်တောမြို့ကို စစ်ကောင်စီက ခံစစ်အနေအထားနဲ့ ခုခံကာကွယ်နေပြီး AA ကလည်း မြို့ကို ပိတ်ဆို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဒေသခံတွေကပြောပါတယ်။

သြဂုတ်လ ၉ ရက်နေ့မှာတော့ မောင်တောမြို့ အမှတ်(၄) မြို့သစ်၊ စံပြ၊ အမှတ်(၃) ဝိမလရပ်ကွက်တွေကို AA တပ်တွေ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ပိတ်မိနေတဲ့ ရိုဟင်ဂျာအများစုနဲ့ ရခိုင်၊ ဟိန္ဒူ အပါအဝင် လူတစ်ထောင်လောက်ကို ကယ်ထုတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

မောင်တောမြို့နယ်မှ ရိုဟင်ဂျာများကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ကယ်ထုတ်ပေးခဲ့သည်ကို AA က ထုတ်ပြန်ထားစဉ်။ (Screenshot: Telegram/AA Info Desk Video)
မောင်တောမြို့နယ်မှ ရိုဟင်ဂျာများကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ကယ်ထုတ်ပေးခဲ့သည်ကို AA က ထုတ်ပြန်ထားစဉ်။ (Screenshot: Telegram/AA Info Desk Video)

ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့ကစလို့ ဒီနေ့အထိ မောင်တောမြို့ မောင်နီ၊ လာသာ၊ ဗိုလ်မှူး စတဲ့ ရွာတွေမှာ ပိတ်မိ နေတဲ့ ရိုဟင်ဂျာတွေအပါအဝင် မြို့ခံ ငါးထောင်လောက်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်း ကယ်ထုတ်ထားတယ်လို့ AA နဲ့ နီးစပ်သူတွေက ပြောပါတယ်။

လက်ရှိမှာတော့ မောင်တောမြို့တွင်း ရွှေဇားတံတားထိပ်ကနေ မြို့တွင်းအချက်အချာကျတဲ့နေရာတွေမှာ စစ်ကောင်စီတပ်က နေရာယူထားပြီး မြို့တွင်းနေရာငါးခုလောက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ လုံခြုံရေး အမည်မဖော်လိုတဲ့ မောင်တောမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

"AA ကတော့ မောင်တောမြို့ထဲကို လေးနေရာ၊ ငါးနေရာလောက် ဝင်ရောက်တိုက်ခိုက်နေတာပေါ့နော်။ ရွှေဇားတံတားကိုတော့ AA က ကျော်လို့မရောက်သေးဘူး။ အဲဒီရွှေဇားတံတားနားကနေ နာရီစင် အနီးတစ်ဝိုက်ကိုတော့ စစ်တပ်နဲ့ မွတ်စလင် လက်နက်ကိုင်တွေ ထိန်းချုပ်ထားတယ်။ စံပြရွာတို့၊ ရပ်ကွက်(၅)တို့ မြို့မ ကညင်တန်းတို့၊ မောင်နီရွာတို့ကိုတော့ AA က ထိန်းချုပ်ထားတယ်လို့ပြောလို့ရတယ်။ တိုက်ပွဲကတော့ အဲဒီနေရာတွေရဲ့ အစပ်တွေမှာ အခုထိဖြစ်နေတုန်းပဲ"

စစ်ကောင်စီတပ်နဲ့ စစ်တပ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေ ထိန်းချုပ်ထားတဲ့ မြို့ထဲရပ်ကွက်တွေမှာတော့ သောင်းနဲ့ချီတဲ့ အရပ်သားတွေပိတ်မိနေကြဆဲလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မောင်တောမြို့ မကျဖို့အတွက် အပြင်းအထန် ခုခံကာကွယ်နေပြီး လေကြောင်းကနေ ဗုံးကြဲနေသလို မြစ်ကြောင်းနဲ့ တစ်ခုတည်းသာ ကျန်ရှိတော့တဲ့ အမှတ် (၅) နယ်ခြားစောင့်တပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ထိန်းချုပ်ဖို့ AA ကြိုးပမ်းနေ

နတ်မြစ်ထဲ နစ်မြုပ်တဲ့လှေက ရိုဟင်ဂျာ ၃၄ ဦးအလောင်းတွေ့ရှိ

မောင်တောမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ


မောင်တောမြို့နယ်မှာ ရိုဟင်ဂျာတွေက လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲကြား အသုံးချတာတွေ ခံနေရပြီး နိုင်ငံတကာအဖွဲ့တွေအနေနဲ့ အရေးတကြီး အကာအကွယ်ပေးဖို့ လိုအပ်နေပြီလို့ မာမတ် ကာဆိန်းလို့ အမည်လွှဲထားတဲ့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက RFA ကိုပြောပါတယ်။

"လက်ရှိအခြေအနေပြောရရင် ဆိုးဆိုးဝါးဝါးပါပဲ။ လက်နက်ကိုင်အဖွဲ့အစည်းတွေက တိုက်ပွဲကြားမှာ ရိုဟင်ဂျာတွေကိုပဲ အသုံးချနေတာ။ စစ်ကောင်စီပါတယ်၊ AA ပါတယ်၊ ARSA ပါတယ်၊ RSO ပါတယ်။ ဒီကျူးလွန်မှုတွေထဲမှာ လက်နက်ကိုင်အဖွဲ့တွေ အကုန်လုံး ပါဝင်ပတ်သက်မှုရှိတယ်။ ဒါတွေကို နိုင်ငံတကာအဖွဲ့တွေအနေနဲ့ ကာကွယ်ပေးဖို့ လိုအပ်တယ်"

မောင်တောမြို့ အခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းဖို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခ၊ စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားတာ ၁၀ လနီးပါးရှိနေပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်တွင်းက မြို့နယ် ကိုးမြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။ လက်ရှိမှာတော့ မောင်တောနဲ့ သံတွဲမြို့နယ်တွေကို အလုံးစုံ သိမ်းပိုက်နိုင်ဖို့အတွက် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကူညီကြဖို့ IIMM တိုက်တွန်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။