မောင်တောမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ
2024.08.05
ရခိုင်ပြည်နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က မောင်တောမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ အာရက္ခတပ်တော် (AA) က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲဟာ သြဂုတ်လ ၅ ရက် ဒီနေ့အထိ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
AA တပ်ဖွဲ့ဝင်တွေ မြို့တွင်းကိုဝင်ရောက်လာနိုင်တဲ့ အဓိကလမ်းကြောင်းတွေကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားပြီး အမှတ် (၅) ရပ်ကွက်၊ မြို့ဦးရွာ၊ မောင်နီရွာ၊ ဗိုလ်မှူးရွာနဲ့ မြို့သူကြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) နေရာတွေမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေတာပါ။
စစ်ကောင်စီတပ်က မောင်တောမြို့တွင်း ဦးဥတ္တမလမ်းပေါ်မှာရှိတဲ့ တည်းခိုခန်းတွေနဲ့ လူနေအဆောက်အအုံတွေပေါ်မှာ အခိုင်အမာတပ်စွဲပြီး AA ရဲ့ထိုးစစ်ကို ခုခံနေတယ်လို့ မောင်တောမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲကတော့ ရွှေဇားဘက်မှာ ပြီးသွားပြီ။ ရွှေဇားတံတားကိုတော့ AA က ကျော်လို့မရသေးဘူး။ မြို့ထဲက တော်ဝင်၊ ကျော် အဲဒီတည်းခိုခန်းတွေမှာ စစ်ကောင်စီတပ်နဲ့ မွတ်ဆလင် လက်နက်ကိုင်တွေက အခိုင်အမာ တပ်စွဲထားတယ်။ နောက်ထပ် ဘယ်လောက်ကြာနိုင်မလဲ မသိတော့ဘူး”
ရွှေဇားကျေးရွာ အုပ်စုအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ် ကာကင်းတွေကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရွှေဇားတံတားဘက်ကနေ မြို့တွင်းကို ဝင်ရောက်လာနိုင်တဲ့ ဦးဥတ္တမ လမ်းမပေါ်မှာ စစ်ကောင်စီတပ်က နေရာယူထားတာလို့ သူက ဆိုပါတယ်။
မောင်တောမြို့နယ်က စစ်ကောင်စီတပ်ရဲ့ တပ်စခန်းကြီးတွေနဲ့ ဗျူဟာကုန်းတွေကို AA က သိမ်းပိုက်လိုက်ပြီးနောက် မြို့အနီးဝန်းကျင်မှာရှိတဲ့ တပ်စခန်းတွေကို ဇွန် ၁၆ ရက်နေ့ကစလို့ ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။
သြဂုတ် ၃ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်ဘက်က ရေကြောင်းနဲ့ လေကြောင်းပစ်ကူ ပေးရတဲ့အထိ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူနဲ့ AA ပြောခွင့်ရသူတွေထံ RFA ကဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။