စစ်ကိုင်းတိုင်းမှာ အရပ်သားတွေ ပစ်မှတ်ထား တိုက်ခိုက်ခံနေရ
2024.10.31
တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထိုးစစ်တွေပြင်းထန်လာသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်တာတွေနဲ့ ကျေးရွာတွေကို အင်အားသုံးစီးနင်းတာတွေ ပိုလုပ်လာတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
အောက်တိုဘာလအတွင်း ဘုတလင်၊ ကန့်ဘလူ၊ ကောလင်း၊ ရေဦး၊ ခင်ဦး၊ မြောင်၊ ကနီ စတဲ့ မြို့နယ် ခုနစ်ခုမှာ ဖမ်းဆီး သတ်ဖြတ်ခံရတာ၊ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်ခံရတာ၊ လေကြောင်းတိုက်ခိုက်ခံရတာတွေကြောင့် အရပ်သား ၄၃ ဦးခန့် သေဆုံးပြီး နောက်ထပ် လူ ၃၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အကြမ်းဖက်မှုတွေ ရက်စက်မှုတွေကတော့ တစ်နေ့တခြား ပိုဆိုးလာတယ်လို့ ပြောရမှာပေါ့"
ဘုတလင်မြို့နယ် တစ်ခုတည်းမှာတင် သေဆုံးသူ ၂၅ ဦးရှိနေပြီး နောက်ထပ် လူ ၈၀ ခန့်ကတော့ ဒီနေ့အထိ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဆက်နွှယ်သော သတင်းများ
ဘုတလင်မှာ အရပ်သား ရှစ်ဆယ်ကျော်ကို စစ်ကောင်စီတပ် ဖမ်းဆီးထား
ကန့်ဘလူမှာ ဘာသာရေးအဆောက်အအုံတွေ အပါအဝင် နေအိမ်လေးရာခန့် မီးရှို့ခံရ
၂၀၂၄ မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု ပိုများလာ
ဘုတလင်မြို့နယ်မှာ စက်တင်ဘာလ ၃၀ ရက်နေ့က အင်အား ၈၀ ခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခု ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကြောင်းတစ်ခုလုံး ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ လက်ထဲကျရောက်ခဲ့ပါတယ်။ အဲဒီနောက် အောက်တိုဘာလ ပထမပတ်မှာပဲ နောက်ထပ် အင်အားတစ်ရာခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုက ဘုတလင်မြို့နယ်က ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး တန်ပြန်စစ်ဆင်ရေးဆောင်ရွက်ခဲ့ရာမှာ အရပ်သားတွေ သတ်ဖြတ်ခံရတာတွေ များခဲ့တာလို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် အရပ်သားတွေ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေထဲ အဆိုးရွားဆုံးနဲ့ ကြုံလာရတယ်လို့ ဘုတလင်မြို့နယ် စီပါရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုမိုးသောက်က RFA ကို ပြောပါတယ်။
“သူတို့ရဲ့ အကြမ်းဖက်မှုတွေ ရက်စက်မှုတွေကတော့ တစ်နေ့တခြား ပိုဆိုးလာတယ်လို့ ပြောရမှာပေါ့။ ကျွန်တော်တို့ မတွေ့ဖူး၊ မမြင်ဖူး၊ မကြုံဖူးတဲ့ အဖြစ်ပျက်တွေက အခုကြုံတွေ့လာပြီပေါ့နော်။ အရင်တုန်းကဆိုရင် အညာဘက်မှာ တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေမှာလိုမျိုး ရက်စက်ကြမ်းကြုတ်မှုတွေ ကျွန်တော်တို့ မခံဖူးဘူးပေါ့။ အခုနောက်ပိုင်းတော့ သူတို့က နယ်မြေမခွဲခြားတော့ဘူး အားလုံးကို သူတို့က တွေ့တာ၊ မြင်တာ သတ်မယ်၊ ဖြတ်မယ်ဆိုတဲ့စိတ်နဲ့ ရက်ရက်စက်စက်ပေါ့နော်။ ခန္ဓာကိုယ်တွေ၊ ခြေတွေ၊ လက်တွေ ခေါင်းတွေကို တစ်စစီ ပိုင်းဖြတ်ပြီးတော့ သတ်ဖြတ်သွားတာမျိုး ဘုတလင်မြို့ စီပါမှာဆိုလည်း တွေ့မြင်နေရပြီဖြစ်တယ်။ အဲတော့ တစ်နေ့တခြား ပိုပြီးဆိုးလာတယ်“
အောက်တိုဘာလအတွင်း စီပါရွာ အပါအဝင် ရွာပေါင်း ၁၀ ရွာခန့်က နေအိမ် လေးရာကျော်ကိုလည်း စစ်ကောင်စီတပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် အောက်တိုဘာလအတွင်း ဘုတလင်မြို့နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ သုံးသောင်းခန့် ရှိတယ်လို့လည်း ပြောပါတယ်။
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာလည်း စစ်ဘေးဒုက္ခသည်တွေ အများစုနေထိုင်နေတဲ့ ကုက္ကိုလ်ကုန်းရွာကို အောက်တိုဘာ ၈ ရက်နေ့နဲ့ ဥက္ကံရွာကို အောက်တိုဘာလ ၂၂ ရက်နေ့တွေမှာ ဗုံးကြဲတိုက်ခံခဲ့ရတာကြောင့် အရပ်သား ငါးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဒေသခံတွေက ကျေးရွာတွေမှာ ဆက်မနေရဲကြတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကောလင်းမြို့နယ် ဥက္ကံရွာခံ တစ်ဦးက RFA ကို ပြောပါတယ်။
“အကုန်လုံးက အတွေးထဲမှာ ဘာရှိသလဲဆိုတော့ ဗုံးခိုကျင်းတူးမယ်။ လတ်တလောကတော့ ရွာတွေနဲ့က ဆွေမျိုးတွေ များတာဆိုတော့ ကိုယ့်ဆွေမျိုး၊ သူ့ဆွေမျိုးအိမ်တွေ၊ လယ်ထဲက သဲတိုက်တွေ အဲလိုမျိုးတွေမှာ ပို့ထားတာ။ ရွာပေါ်ကိုတော့ အများကြီး ပြန်မလာသေးဘူး။ ဒါပေမဲ့ ရွာပေါ်မှာ နေရမယ်ဆိုရင်ကတော့ အကုန်လုံးက ဗုံးခိုကျင်း တူးကြမယ်ဆိုတဲ့ အသိတရား (massage) ရသွားတယ်။ ဒီဘက်မှာ ပကဖ၊ ပအဖတွေကနေပြီး ဗုံးခိုကျင်းတူးတဲ့ကိစ္စကိုပြောတယ်။ ဒါပေမဲ့ ပြောရုံပဲ ပြောပြီး တအားဖိအားမပေးတော့ တော်တော်များများက မတူးကြဘူး။ အိမ် ၅၀ ဆယ်မှာ တစ်အိမ် မတူးဘူး။ အခုကတော့ တူးကြမယ်ပေါ့“
ရှမ်း-မန်း စစ်ဆင်ရေးအတွင်း စစ်ကိုင်းတိုင်းထဲက ဒီပဲယင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဩဂုတ်လ ၁၈ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပေမဲ့ နာရီပိုင်းအတွင်း စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်လာတာကြောင့် မြို့ကနေ ပြန်လည် ဆုတ်ခွာခဲ့ရပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ်က ဒီပဲယင်းမြို့ပေါ်လောက်ပဲ ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာတွေကိုတော့ ကာကွယ်ရေးတပ်တွေက စိုးမိုးထားနိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ပင်လည်ဘူးမြို့ကိုလည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့က အောက်တိုဘာလ ၈ ရက်နေ့က တိုက်ခိုက်သိမ်းယူထားပြီး အင်းတော်မြို့ကိုပါ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
စစ်ကောင်စီအနေနဲ့ စစ်ကိုင်းတိုင်းမှာ မြို့ပေါ်လောက်သာ စိုးမိုးထားနိုင်ပြီး ကာကွယ်ရေးတပ်တွေက ကျေးရွာတွေနဲ့ စစ်ကိုင်းတိုင်းရဲ့ နယ်မြေ ၇၀ ရာခိုင်နှုန်းလောက်ကို စိုးမိုးထားနိုင်တယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄၊ ၁၅ ရက်နေ့ နှစ်ရက်ကြာ စစ်ကိုင်းခရီးစဉ်မှာ ရပ်ကွက်နဲ့ ကျေးရွာအလိုက် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ စနစ်တကျဖွဲ့စည်းဖို့ နဲ့ PDF တွေဝင်မလာနိုင်အောင် လုံခြုံရေးကို အထူး သတိပြုဖို့ ပြောဆိုခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က စစ်ကောင်စီအနေနဲ့ ကာကွယ်ရေးတပ်တွေကို တန်ပြန်တိုက်ခိုက်နိုင်တာ မရှိတာကြောင့် အရပ်သားတွေကိုပဲ ပစ်မှတ်ထား သတ်ဖြတ်နေတာလို့ ပြောပါတယ်။
“PDFတွေကော တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေကော ဒီတပ်ဖွဲ့တွေအပေါ်မှာ သူတို့တွေ ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း အဲဒါလည်း မရှိဘူး။ နောက်ပြီးတော့ တိုက်နိုင်တဲ့ အခြေနေမျိုးလည်း သူတို့မှာ ရှိမနေဘူး။ အဲအတွက်ကြောင့်မို့ ဘာလက်နက်မှမရှိတဲ့ ပြည်သူလူထုကိုပဲ ရှုံးမဲမဲပြီးတော့ ပြည်သူတွေကိုပဲ တွေ့ကရာ သတ်ဖြတ်ပြနေတဲ့ အခြေအနေမျိုးလို့ ဒီလိုပဲ ကျွန်တော် နားလည်ပါတယ်“
စစ်ကောင်စီဟာ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို ပြန်လည်ရရှိဖို့ မြေပြင်၊ ဝေဟင်ကိုပါ အသုံးပြုပြီး တန်ပြန်တိုက်ခိုက်နေသလို နိုင်ငံရေး ဖိအားနဲ့ပါ ရယူဖို့ကြိုးပမ်းနေတယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
လာမဲ့ ပွင့်လင်းရာသီမှာ စစ်ကိုင်း အပါအဝင် နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်ပြီး စစ်ကောင်စီကလည်း စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေကို ပိုလုပ်ဆောင်လာလိမ့်မယ် နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ဒါကြောင့် တိုက်ပွဲအတွင်း၊ စစ်ကြောင်းတွေကို ရှောင်ရှားမဲ့ နည်းလမ်းတွေကို ပြည်သူတွေကို အသိပညာပေးသင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။
“ပ သုံးလုံး အဖွဲ့စည်းတွေက လူထုကို ပညာပေးမှုနဲ့ သူတို့အနေနဲ့ စစ်ပွဲဖြစ်လာရင် ရှောင်ကြရှားကြဖို့အတွက် နည်းလမ်းတွေ ပညာပေးဖို့။ အဲဒီမှာ အုပ်ချုပ်ရေး စနစ်တွေ တရားစီရင်ရေး စနစ်တွေ ပိုပြီးခိုင်မာအောင် လုပ်တဲ့နည်းနဲ့ပဲ ကျော်လွှားစရာရှိပါတယ်။ စစ်ကောင်စီကတော့ တစ်ဆင့်တိုးပြီးတော့ မိုက်မဲရမ်းကာလာဦးမှာပါပဲ"
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်က အရပ်သားတွေ သတ်ဖြတ်ခံရမှုဟာ စစ်ကောင်စီတပ်က အရပ်သားတွေအပေါ် ကျူးလွန်နေတဲ့ သက်သေတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်တိုဘာလ ၂၉ ရက် နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ အစည်းအဝေးမှာ တင်ပြတောင်းဆိုခဲ့ပါတယ်။