တောင်ကိုရီးယားမှာ သမ္မတ စစ်အုပ်ချုပ်ရေးကြေညာပြီး လွှတ်တော်က ပယ်ဖျက်

နန်းဆိုင်ဖူး (ဝါရှင်တန်ဒီစီ)
2024.12.03
တောင်ကိုရီးယားမှာ သမ္မတ စစ်အုပ်ချုပ်ရေးကြေညာပြီး လွှတ်တော်က ပယ်ဖျက် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် စစ်အုပ်ချုပ်ရေးကြေညာရန် မိန့်ခွန်းပြောနေကြားနေသည့် တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယို (Yoon Suk Yeol) အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။
Reuters

တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယို (Yoon Suk Yeol) က ဒီဇင်ဘာလ ၃ ရက်နေ့ ညပိုင်းမှာ တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ အဲဒီအရေးပေါ်ကြေညာချက်နဲ့ စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းဖို့ လွှတ်တော်အမတ်အများစုက မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက် သူ့ကြေညာချက်ကို ရုပ်သိမ်းပေးမယ်လို့ သမ္မတကလည်း ပြန်ပြီးကြေညာလိုက်ပါတယ်။ ဒါပေမဲ့ အစိုးရအဖွဲ့ဝင်အများစုရဲ့ အတည်ပြုချက်ရဖို့ လိုအပ်တယ်လို့ သမ္မတယွန်းက ပြောပါတယ်။

ဒီလို လွှတ်တော်မှာမဲခွဲဆုံးဖြတ်တဲ့အကြောင်း အမည်မဖော်လိုတဲ့ ကိုရီးယားရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

“လတ်တလောကတော့ လွှတ်တော် အမတ် (၁၉၀) လွှတ်တော်ထဲကို ဝင်နိုင်ခဲ့ပြီးတော့ အားလုံးက စစ်အုပ်ချုပ်ရေးပယ်ဖျက်ကြောင်း မဲပေးခဲ့ကြလို့ ဒီလွှတ်တော်ဥက္ကဌကနေ စစ်တပ်ကို စစ်အုပ်ချုပ် ရေးအလိုမရှိတော့ဘူးဆိုပြီးတော့ မာရှယ်လော ဖျက်သိမ်းလိုက်ပြီဆိုပြီးတော့ ကြေညာသွားပါတယ်။ ဆက်လက်ပြီးတော့ ရဲတွေ စစ်တပ်တွေက လွှတ်တော်ထဲကနေ ပြန်ပြီး ဆုတ်ခွာနေတဲ့ အပိုင်းတွေတော့ ရှိတယ်။ နောက်ထပ် ဘာဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမယ့်အပိုင်းတော့ရှိတယ်”

ထောင်နဲ့ချီတဲ့လူထုကြီးကလည်း လွှတ်တော်ရှေ့ကိုရောက်လာပြီး ငြိမ်းချမ်းစွာဆန္ဒပြနေကြသလို သမ္မတ ယွန်းဆွတ်ယို နှုတ်ထွက်ဖို့ တောင်းဆိုနေကြပါတယ်။ စစ်တပ်ကလည်း တင့်ကားတွေနဲ့ မြို့ထဲလှည့်နေပါတယ်။

သမ္မတ ယွန်းရဲ့ကြေညာချက်အရ ဆန္ဒပြခွင့် စုဝေးခွင့်မရှိသလို၊ ဝရမ်းမလိုဘဲ ဖမ်းခွင့်ရှိနေပါတယ်။ မြောက်ကိုးရီးယားကို လိုလားတဲ့အတိုက်အခံပါတီက ဒီမိုကရေစီစနစ်ကိုဖျက်ပြီး ပုန်ကန်ဖို့ကြိုးစားနေတယ်လို့ သမ္မတက စွပ်စွဲလိုက်ပြီး စစ်အုပ်ချုပ်ရေးကြေညာခဲ့တာပါ။

ကိုရီးယားဥပဒေအရ စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းရမယ်လို့ လွှတ်တော်ကဆုံးဖြတ်ရင် သမ္မတအနေနဲ့ အချိန်မဆိုင်းဘဲ ဖျက်သိမ်းရမယ်လို့ ပြဌာန်းထားပါတယ်။

တောင်ကိုရီးယား နိုင်ငံရေးလောကမှာ သမ္မတကတော်ရဲ့ အကျင့်ပျက်ခြစားမှု၊ ဝန်ကြီးတွေရဲ့ အကျင့်ပျက် ခြစားမှုတွေ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတာတွေ ဖြစ်နေပါတယ်။ ဒါကိုငြင်းပယ်ခဲ့ပြီးတဲ့နောက် သမ္မတနဲ့ လွှတ်တော်ကြားမှာ နိုင်ငံတော်ဘတ်ဂျက်ကို အတည်ပြုဖို့ သဘောမတူညီတာတွေရှိနေပါတယ်။

တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယို (Yoon Suk Yeol)  စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် လွှတ်တော်ခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ မဲခွဲဆုံးဖြတ်နေသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Reuters)
တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယို (Yoon Suk Yeol) စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် လွှတ်တော်ခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ မဲခွဲဆုံးဖြတ်နေသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Reuters)

တောင်ကိုရီးယားနိုင်ငံမှာ တရားဝင်အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ခုနစ်သောင်းလောက်ရှိတယ်လို့ သတင်းမီဒီယာတွေရဲ့အချက်အလက်အရသိရပါတယ်။ ဒါကြောင့် မြန်မာတွေရဲ့အခြေအနေနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကိုရီးယားနိုင်ငံကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကို RFA က မေးကြည့်တဲ့အခါ စိုးရိမ်စရာမရှိသေးဘူး လို့ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ သိပ်ပြီး စိုးရိမ်စရာမရှိပါဘူး။ ဒီကိစ္စ အချိန်ကာလတစ်ခုအတွင်းမှာ ပြန်လည်ပြီးတော့ အဆင်ပြေသွားမယ့် အနေအထားရှိပါတယ်။ သိပ်ပြီး ဆိုးဆိုးဝါးဝါးဖြစ်မှာ မဟုတ်ဘူး။ ကိုရီးယားနိုင်ငံရဲ့ စစ်တပ်အနေနဲ့ကလည်း ဒီလိုမျိုး သူ့ကို တစ်ဖက်သတ် အာဏာသိမ်းတဲ့အနေနဲ့လည်း လက်ခံမှာ မဟုတ်ပါဘူး။ လက်ရှိအခြေနေမှာတော့ သိပ်ပြီးတော့ အရမ်းစိုးရိမ်လွန်စရာတော့မရှိဘူးလို့ ကျွန်တော်တို့အနေနဲ့ သုံးသပ်ပါတယ်”


ဆက်နွှယ်သော သတင်းများ

မြန်မာ့အရေးကူညီဖို့ တောင်ကိုရီးယားဆွေးနွေးပွဲမှာ NUG ဖက်ဒရယ်ဝန်ကြီးတင်ပြ

တောင်ကိုရီးယားသမ္မတရဲ့ ထိုင်း၊ မြန်မာနဲ့ လာအိုခရီးစဉ်

မြန်မာ နဲ့ တောင်ကိုရီးယား ပိုမိုပူးပေါင်း


တောင်ကိုရီးယားမှာ လွှတ်တော်နဲ့သမ္မတကြား ပြဿနာကြီးနေတယ်လို့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူက ပြောပါတယ်။

“အစိုးရ အကူးအပြောင်းကလဲ မကြာခင် ဖြစ်လာမယ့် ပုံစံတွေရှိတယ်။ ကိုရီးယားမှာ အပြင်းထန်ဆုံး အာဏာပြိုင်နေကြတယ်။ လက်ရှိ အစိုးရကို ဖြုတ်ချဖို့လည်း လွတ်တော်ကနေ လုပ်နေတာရှိတယ်။ မကြာခင် ပြဿနာ အကြီးကျယ်တက်နိုင်တဲ့အနေအထားရှိတော့ လွှတ်တော်ကနေ သမ္မတကို မဖြုတ်ချ နိုင်ခင်မှာ သမ္မတကနေ လက်ဦးမှုယူပြီး အာဏာသိမ်းလိုက်တဲ့ ပုံစံလို့ပဲ မြင်ပါတယ်”

တောင်ကိုရီးယားနိုင်ငံမှာ အင်အားကြီးတဲ့ပါ တီတွေကတော့ Democratic Party နဲ့ လက်ရှိ သမ္မတ ယွန်းဆွတ်ယို ဦးဆောင်တဲ့ People Power Party တို့ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ ၁၉၈၀ လွန်ကာလ စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီးတဲ့နောက် စစ်အုပ်ချုပ်ရေးကြေညာတာ အခုဖြစ်ရပ်က ပထမဆုံးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။