တမူးမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ သုံးထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2025.01.30
တမူးမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ သုံးထောင်ကျော် ထွက်ပြေးနေရ ပြည်သူ့ကာကွယ်ရေးတပ်မတော်(တမူးမြို့) တပ်ရင်း (၁) တပ်ဖွဲ့ဝင်များနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဥ်။
People's Defense Force - Tamu District Photo

မြန်မာ-အိန္ဒိယနယ်စပ်အနီး စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ဇန်နဝါရီ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုလည်း များတယ်လို့ ‌ဒေသခံတွေ၊ အကူအညီပေးနေသူတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ရဲ့ ယာယီ တပ်စခန်းတွေကို တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း လေယာဥ်နဲ့ စစ်အင်အားဖြည့်တင်းပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

“တမူးမြို့နယ်ထဲက ဒေသခံ သုံးထောင်ကျော်ဟာ နှစ်နိုင်ငံနယ်စပ်အနီးကို ထွက်ပြေးနေရတယ်”

တိုက်ပွဲကြောင့် တမူးမြို့နယ်ထဲက ဒေသခံ သုံးထောင်ကျော်ဟာ နှစ်နိုင်ငံနယ်စပ်အနီးကို ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။

ဒီနေ့မှာလည်း အိန္ဒိယနယ်စပ်နဲ့ ၁၅ မိုင်ခန့်အကွာ တမူးမြို့နယ် ထန်းတပင်နဲ့ ပန်းသာရွာကြားမှာ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ တမူးမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့ တိုက်ပွဲရှိတယ်။ ဒီနေ့တိုက်ပွဲက ထန်းတပင်နဲ့ ပန်းသာကြားထဲမှာ၊ အထိုင်စခန်းပဲ။ ပန်းသာက နာမည်ကြီး အထိုင်စခန်းပဲ၊ ပျူစောထီးရယ်၊ ရှမ်းနီရယ်၊ ကသည်းရယ်၊ ကသည်းဆိုတာ တစ်ဖက်နိုင်ငံက ကသည်းလူမျိုးတွေပေါ့။ အဲဒီမှာ စကစရယ်၊ အင်အား လေးရာလောက်ရှိမယ်။ လေးမိုင်ကို ကျွန်တော်တို့က ဝိုင်းထားပြီးသားဆိုတော့ အခု ကျွန်တော်တို့ ထန်တပင်ကို အရင်ထောက်ပြီး တိုက်တာ။ ထန်းတပင် ပြီးတဲ့အချိန်မှ ပန်းသာကို လုံးမှာ၊ ပန်းသာကျသွားရင် တမူးမြို့က ရသွားပြီလို့ သတ်မှတ်လို့ရပြီ”

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အများအပြား သေဆုံးသလို တော်လှန်ရေး တပ်ဖွဲ့ဘက်ကလည်း ဆယ်ဦး သေဆုံးခဲ့ပြီလို့ ဆိုပါတယ်။

နှစ်ဖက် ထိခိုက်သေဆုံးမှုစာရင်း အတိအကျကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ပန်းသာစခန်းမှာ အင်အား လေးရာဝန်းကျင်ရှိပြီး စစ်ကောင်စီတပ်ရဲ့ တပ်ရင်းမှူးကိုယ်တိုင် ကြီးကြပ်တဲ့ စခန်းကြီးဖြစ်ပါတယ်။

တိုက်ပွဲကြောင့် တမူးမြို့နယ်ထဲက မင်းသာ၊ ပန်းသာ၊ သနန်၊ ဖိုင်လင်း စတဲ့ရွာတွေက ဒေသခံတွေဟာ မြန်မာ-အိန္ဒိယနယ်စပ်အနီးကို ထွက်ပြေးနေရပြီး ဇန်နဝါရီ လဆန်းပိုင်းကတည်းက ထွက်ပြေးနေရသူတွေနဲ့ဆိုရင် ဒေသခံ သုံးထောင်ကျော်ရှိပြီလို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် အစားအသောက်နဲ့ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“ဒီရောက်တာတော့ နှစ်ပတ်တော့ရှိပြီ။ နယ်စပ်ရောက်တာတော့ မဏိပူရ်ဘက်မှာပဲ နေတာ။ ဒါပေမဲ့ တမူးနဲ့ မ‌ဝေးဘူး၊ နယ်စပ်ပေါ့။ နည်းနည်းတတ်နိုင်တဲ့သူတွေက အိမ်ငှားပြီးတော့ နေတယ်။ ပြီးတော့ နည်းနည်း အခက်အခဲရှိတဲ့သူတွေက တဲထိုးပြီးနေတဲ့သူတွေလည်း ရှိတယ်။ လောလောဆယ်က ရှိတာလေးတွေကို ဟိုနားချေးလိုက်၊ ဒီနားချေးလိုက်တာပေါ့ကွာ”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားတဲ့ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့နဲ့ ကနန်ရွာကိုလည်း စစ်ကောင်စီတပ်က လေကြောင်းက အကြိမ်ကြိမ် တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်‌ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ အမှတ် (၁) ရပ်ကွက်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
စစ်‌ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ အမှတ် (၁) ရပ်ကွက်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

ဇန်နဝါရီ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့ ညပိုင်းကလည်း အဲဒီနေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

တမူးမြို့နယ်မှာ စစ်သုံ့ပန်းသုံးဆယ်ကျော် အချုပ်ခန်းဖောက် ထွက်ပြေး

နယ်စပ်ဖြတ်ကျော်ခွင့် အိန္ဒိယဘက်က တင်းကျပ်လိုက်လို့ ဒေသခံတွေ အခက်အခဲဖြစ်

NUG ထိန်းချုပ်တဲ့မြို့တွေ ဗုံးကြဲတိုက်ခိုက်ခံရပြီး ငါးဦး သေဆုံး


ခါမ်းပါတ်မြို့မှာ ‌လက်ရှိ ဒေသခံ အနည်းငယ်သာ ရှိတော့တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးက RFA ကိုပြောပါတယ်။

“အရင်လောက် လူစည်ကားတာရဲ့ သုံးပုံတစ်ပုံလောက်ပဲ ကျန်တော့တယ်။ အကုန်လုံးကလည်း သတိအနေအထားနဲ့ ကောင်းကင်ကို တမော့မော့နဲ့ နေကြရတော့ ‌ခြောက်‌ခြောက်ကပ်ကပ်နဲ့ စိတ်ညစ်စရာကြီး‌၊ ချောက်ချားစရာကြီး ဖြစ်နေတာပေါ့နော်။ တစ်ခုကတော့ ဖုန်းလိုင်းကို မှန်လို ရှုနေရတာ၊ ဖုန်းလိုင်းပြတ်ပြီး ဆိုတာနဲ့ အသင့်အနေအထားနဲ့ ပုန်းကျင်းနားလေးကို ချဥ်းကပ်ထားရတော့တာ။ ဖုန်းလိုင်းဖြတ်ပြီးရင် သူတို့က ယုတ်တော့မှာလေ။ အဲဒါက လာတော့မယ်ဆိုတော့ ဖုန်းလိုင်း ပြတ်ပြီဆိုတာနဲ့ လုံခြုံရာကိုသွားကြဖို့ ကျွန်မတို့ စီစဥ်နေတာရှင့်”

စစ်ကောင်စီတပ်ကို ထောက်ခံနေတဲ့ တယ်လီဂရမ် စာမျက်နှာတွေမှာတော့ ဇန်နဝါရီ ၂၈ ရက်နေ့ညပိုင်းက တမူးမြို့နယ်၊ ကျွန်းပင်သာ ဒေသတစ်ဝိုက်မှာ စစ်ကောင်စီတပ်က PDF တွေကို လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး အလောင်း ခုနစ်လောင်းနဲ့ လက်နက်ခဲယမ်းတွေ ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်း မရှိပါဘူး။

တမူးမြို့နယ်ထဲက ခါမ်းပါတ်မြို့နဲ့ မြို့သစ်မြို့ကို လက်ရှိအချိန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှာရှိတဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ် လည်ပတ်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။