တနင်္သာရီမှာ စစ်ဘေးဒုက္ခသည် နှစ်ထောင်နီးပါး ဆန်ပြတ်လပ်မှုနဲ့ ကြုံနေရ

RFA Burmese
2024.09.01
တနင်္သာရီမှာ စစ်ဘေးဒုက္ခသည် နှစ်ထောင်နီးပါး ဆန်ပြတ်လပ်မှုနဲ့ ကြုံနေရ တနင်္သာရီတိုင်းအတွင်း ဆန်ပေးဝေမှုအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

တနင်္သာရီတိုင်း မြိတ်ခရိုင်ထဲက တနင်္သာရီမြို့နယ်နဲ့ ပုလောမြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် နှစ်ထောင်နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အခြေခံစားကုန်ဖြစ်တဲ့ ဆန်ပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက စက်တင်ဘာလ ၁ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

ဒေသတွင်းက ကုန်စည်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေမှာ စစ်ကောင်စီတပ်က အရင်ကတည်းက စားနပ်ရိက္ခာသယ်ယူခွင့်ကို ကန့်သတ်ထားတာကြောင့် ဆန်ရှားပါးနေတာအပြင် တိုက်ပွဲကြောင့် ရုတ်တရက် ထွက်ပြေးရတာဖြစ်လို့ ဆန်ပြတ်လပ်မှုနဲ့ ကြုံရတာလို့ ဆိုပါတယ်။

"ဒေသခံတွေကတော့ တိုက်ပွဲမဖြစ်လည်း ထွက်ပြေးနေရတဲ့ အနေအထားမျိုးတောင်ရှိတယ်"

တနင်္သာရီမြို့နယ် ခြောက်မိုင်ရွာနဲ့ ထုံထော်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီက စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဩဂုတ်လ ၂၆ ရက်နေ့ကတည်းက ဒေသခံတစ်ထောင်ခန့် ထွက်ပြေးနေရတာပါ။

ဩဂုတ်လ ၃၁ ရက် မနေ့ကတော့ တနင်္သာရီအခြေစိုက် နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့က အရေးပေါ်အခြေအနေကြုံလာရင် အသုံးပြုနိုင်ဖို့ သိမ်းထားတဲ့ ဆန်တွေကို လူတစ်ဦးကို နို့ဆီဗူး နှစ်ဗူးနှုန်းနဲ့ ငါးရက်စာအတွက် ပေးဝေထားတယ်လို့ ဆိုပါတယ်။


ဆက်နွှယ်သော သတင်းများ

တနင်္သာရီမှာ စစ်ကောင်စီတပ်စခန်း သုံးခု တိုက်ခိုက်ခံရ

ပုလောမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး

ရေဘေးကြုံနေတဲ့ တနင်္သာရီမှာ စစ်ကြောင်းကြောင့် လူတစ်ထောင်ကျော် ထွက်ပြေးနေရ


လက်ရှိမှာ လတ်တလောဖြေရှင်းပေးထားတဲ့ အရေးပေါ်ဆန်လည်း ကုန်သွားပြီဖြစ်လို့ နောက်တစ်ပတ်အထိ နေရပ်မပြန်နိုင်ရင်တော့ ဆန်ရိက္ခာပြတ်လပ်မှုကို ထပ်မံကြုံတွေ့ရနိုင်တယ်လို့ နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“နောက်ထပ် သုံးရက်လေးရက်ဆို အစ်မတို့လည်း မခံနိုင်တော့ဘူး။ ဘာလို့ဆို အစ်မတို့မှာလည်း လုံး၀ရွာမှာနေလို့မရလို့ ပြောင်းလာတဲ့ အမြဲတမ်း စစ်ဘေးရှောင်ကလည်း ရှိသေးတယ်။ သူတို့ကိုလည်း ပေးဝေမှုတွေ မလုပ်ရသေးဘူး။ ကျန်တဲ့ရိက္ခာပိုင်းမှာ အားလျော့ပြီး ပြန်မဖြည့်နိုင်မှာကို စိတ်ပူနေရတယ်။ နေရာကွက်ကြား မကြာခဏ တိုက်ပွဲဖြစ်နေတာလေ။ စစ်ဘေးရှောင်တွေ အားလုံးအတွက် လုပ်ပေးနေပေမဲ့ ရွာသားတွေက မပြန်နိုင်ဘဲ ရက်ရှည်နေပြီး ရိက္ခာတွေ ပြန်မဖြည့်နိုင်ရင် နောက်တစ်နေရာ နောက်တစ်ရွာအတွက် ဖြစ်လာမယ့် စစ်ဘေးရှောင်တွေအတွက် အစ်မတို့မှာ အရန်ရိက္ခာ လုံး၀မရှိတဲ့ အခြေအနေမျိုး ဖြစ်သွားပြီ”

တနင်္သာရီမြို့နယ်နဲ့ တဆက်တည်းဖြစ်တဲ့ ပုလောမြို့နယ်မှာတော့ တိုက်ပွဲတွေကြောင့် ဆင်ထိုးကြီးရွာက ဒေသခံ ခြောက်ရာခန့်ဟာ ဩဂုတ်လ ၁ ရက်နေ့ကစလို့ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး တစ်လပြည့်ချိန်အထိ နေရပ်ကို မပြန်နိုင်သေးသလို စားနပ်ရိက္ခာ အခက်အခဲနဲ့ပါ ထပ်ကြုံနေရတာပါ။

ဆင်ထိုးကြီးရွာက ဒေသခံတွေကိုတော့ နီးစပ်ရာရွာတွေဖြစ်တဲ့ သရက်တပင်၊ အရှေ့ကုန်း၊ ကျောက်တောင်၊ ညောင်ရှင်ကုန်း စတဲ့ရွာတွေက ဒေသခံတွေက ကူညီစောင့်ရှောက်ပေးထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တိမ်းရှောင်ရတာ ရက်ကြာလာတဲ့အတွက် စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်နေပြီလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျောက်တောင်မှာဆိုရင် သူတို့ ဘုန်းကြီးကျောင်းမှာ ဆရာတော်ကပဲ ကူညီပြီးတော့ ရွာသားတွေနဲ့ တိုင်ပင်ပြီး ကူညီပေးနေတာမျိုးရှိတယ်။ ဒါပေမဲ့လည်း အဲဒါက ရေရှည်မှာ အဆင်မပြေနိုင်ဘူး။ ကျောက်တောင်တို့ အရှေ့ကုန်းတို့က လယ်ပေါတဲ့ နေရာတွေဖြစ်ပြီး လယ်တွေရှိတဲ့အတွက် သူတို့မှာ သိုလှောင်ထားတဲ့ ဆန်စပါးတွေ အတိုင်းအတာ တစ်ခုအထိ ရှိတယ်။ ရေရှည်မှာတော့ အဆင်မပြေနိုင်ဘူး။ တောင့်ခံနိုင်ရင် ၉ လပိုင်းထိပေ့ါ။ တစ်လကျော်ရင်တော့ မတောင့်ခံနိုင်ဘူး”

စစ်ကောင်စီက ပုလောနဲ့ တနင်္သာရီမြို့နယ်တွေကို ဆန်၊ ဆီနဲ့ အခြေခံစားသောက်ကုန်တွေ သယ်ယူခွင့် ကန့်သတ်ထားတာကြောင့်လည်း ကုန်ဈေးနှုန်းက နှစ်ဆခန့် မြင့်တက်နေတယ်လို့ သူက ပြောပါတယ်။

မြိတ်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဩဂုတ်လဆန်းပိုင်းကစလို့ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာပြီး လာမယ့် ပွင့်လင်းရာသီမှာ တိုက်ပွဲတွေအရှိန်မြှင့်လာနိုင်တာကြောင့် စစ်ဘေးဒုက္ခသည်တွေ ပိုတိုးလာနိုင်တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ရဲ့ ကော်မတီဝင် မင်းလွင်ဦးက ပြောပါတယ်။

“မြိတ်ခရိုင်ထဲမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ပိုဖြစ်လာတယ်။ ဒေသခံတွေကတော့ တိုက်ပွဲမဖြစ်လည်း ထွက်ပြေးနေရတဲ့ အနေအထားမျိုးတောင်ရှိတယ်။ ရွာထဲကို စစ်ကြောင်း၀င်လာတယ်ဆိုရင် ရွာသားတွေက သူတို့ရဲ့ စစ်ကြောင်းနဲ့ မတွေ့ခံရဲဘူး။ သူတို့က ပေါ်တာဆွဲတာဆွဲ၊ မီးရှို့ဖျက်ဆီး သတ်ဖြတ်နေတော့ ရွာသားတွေက မနေရဲဘူး။ တနင်္သာရီ မြို့နယ်မှာဆိုရင် လေကြောင်းတွေနဲ့တိုက်ခိုက်တာတွေ ဖြစ်လာတယ်”

တနင်္သာရီတိုင်းအတွင်း ဆန်ပေးဝေမှုအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့)
တနင်္သာရီတိုင်းအတွင်း ဆန်ပေးဝေမှုအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့)

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလှုမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီရက်ပိုင်းအတွင်း တနင်္သာရီတိုင်းထဲက တနင်္သာရီ၊ ပုလော၊ ကော့သောင်း၊ လောင်းလုံး၊ ထားဝယ် စတဲ့မြို့နယ်တွေမှာ တိုက်ပွဲဖြစ်တာနဲ့ စစ်ကြောင်းထိုးတာတွေဆက်ရှိနေပြီး စစ်ကြောင်းထိုးချိန် ဒေသခံ ဆယ်ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းမှာ အခုနှစ် ဇူလိုင်လအထိ စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော် ( ၆၃၆၀၀) အထိရှိလာပြီလို့ တနင်္သာရီတိုင်းအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လေ့လာမှတ်တမ်းတင်နေတဲ့ FE5 Taninthary က သြဂုတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။