တနင်္သာရီမှာ စစ်ကောင်စီတပ်စခန်း သုံးခု တိုက်ခိုက်ခံရ
2024.08.26
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ သြဂုတ်လ ၂၄ ရက် တစ်ရက်တည်းမှာ စစ်ကောင်စီတပ်ရဲ့ တပ်စခန်း သုံးခုကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်လိုက်တယ်လို့ အဲဒီတိုက်ခိုက်မှုမှာ ပါဝင်သူတွေက RFA ကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် တစ်ဦး သေဆုံးသွားပြီး အရာရှိတစ်ဦး အပါအ၀င် ခုနစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
သြဂုတ်လ ၂၄ ရက် မနက်ပိုင်းမှာ တနင်္သာရီမြို့နယ် အောက်ကင်းရွာ အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၅၇) တပ်ရင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င် အရာရှိတစ်ဦးနဲ့ တပ်ကြပ်ကြီး တစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ အဲဒီတိုက်ပွဲမှာပါဝင်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"နယ်မြေခံရှိတဲ့ ပကဖအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ပူးပေါင်းစစ်ကြောင်းနဲ့ ပူးပေါင်းတိုက်တာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်တာနဲ့ သေဆုံးတာတော့ရှိတယ်။ ကျွန်တော်တို့ဘက်က သေဆုံးတာတော့ မရှိဘူး"
အဲဒီနေ့ တစ်ရက်တည်းမှာပဲ တနင်္သာရီမြို့အဝင် တံတားစစ်ရေးဂိတ်နဲ့ ဗိုလ်ချုပ်ကြေးရုပ် အရှေ့တောင်ပေါ်က စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ပြီး အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်စခန်းနေရာတွေ တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးတွေနဲ့ တစ်နေကုန် ပစ်ခတ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တနင်္သာရီမြို့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စခန်းတိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက အင်အားတွေ ထပ်တိုးထားတယ်။ အင်အားတွေလည်း ဖြန့်ကြက်ထားတာတွေ့တယ်။ သူတို့ အထိုင်ချထားတဲ့နေရာကနေ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိနိုင်မယ်ထင်တဲ့ တောတန်းတွေ ရွာဘက်တွေကို လက်နက်ကြီးတွေနဲ့ တစ်နေကုန် လှမ်းပစ်တယ်"
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
တနင်္သာရီမြို့အဝင် တံတားထိပ်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ ဖြတ်သန်းသွားလာတဲ့ ဒေသခံတွေကို မကြာခဏ စစ်ဆေးလေ့ရှိပြီး စစ်ဆေးရေးတင်းကျပ်တဲ့ ဂိတ်ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။