ရွှေကုက္ကိုမှာ ဝမ်းရောဂါကြောင့် နယ်စပ်ဝင်ပေါက်တချို့ကို ထိုင်း တစ်လပိတ်မည်
2024.12.24

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်မှာ ဝမ်းရောဂါဖြစ်နေတာကြောင့် နယ်စပ်ဝင်ပေါက်အချို့ကို ပိတ်ထားဖို့ ထိုင်းဘက်ကညွှန်ကြားထားတယ်လို့ Thai PBS သတင်းဌာနက ဒီဇင်ဘာလ ၂၃ ရက်နေ့က ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲက ထိုင်း-မြန်မာနယ်စပ်ကို စောင့်ကြည့်ဖို့နဲ့ နယ်စပ်ဝင်ပေါက်တချို့ကို တစ်လပိတ်ထားဖို့ ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဖွန်သမ်ဝဲချရာချိုင် (Phumtham Wechayachai) က ညွှန်ကြားတာလို့ ဆိုပါတယ်။
ဒါပေမဲ့ ထိုင်း-မြန်မာနယ်စပ် အမှတ် (၁) နဲ့ အမှတ် (၂) တံတားကိုတော့ မပိတ်သေးဘဲ ပုံမှန်သွားလာနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံတစ်ဦးက RFA ကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ပြောပါတယ်။
"နယ်စပ်က လှေဂိတ်တွေပိတ်တယ်လို့တော့ ကြားတယ်။ တံတားတော့ မပိတ်ဘူး။ တံတားပိတ်လိုက်ပြီး အရေးပေါ်ပိတ်လိုက်ပြီ၊ တစ်လကြာမယ်။ ပိတ်လိုက်ပြီ၊ ပိတ်လိုက်ပြီနဲ့ ပြောနေလို့။ အဲဒါတစ်ခုကတော့ လုံး၀ အတည်ပြုလို့ရတယ်။ လုံး၀မပိတ်ဘူး။ ဒီတံတားကတော့ အမှတ်(၁) တံတားရော၊ အမှတ်(၂) တံတားရော"
တစ်လပိတ်မဲ့ နယ်စပ်ဝင်ပေါက်နေရာတွေကိုတော့ အသေးစိတ်ဖော်ပြထားတာ မရှိသေးပါဘူး။
"သဘာ၀တောလမ်းရယ်၊ သောင်ရင်းမြစ်ကိုဖြတ်တဲ့ ရေလမ်းရယ်။ နောက် အဲဒီ မဲဆောက်၊ ဖုဖရာ၊ မယ်ရမတ်ဆိုတဲ့ သုံးမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ကျေးရွာတွေနဲ့ ဆက်နေတဲ့လမ်းတွေရယ်၊ အဲဒါတွေကို တစ်လ ယာယီပိတ်တာပါ"
ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကတော့ တာ့ခ်ခရိုင်နဲ့ ထိစပ်နေတဲ့ မြန်မာနယ်စပ်ဝင်ပေါက်တချို့ကိုသာ ပိတ်ဖို့ဆိုလိုတာလို့ RFA ကို ပြောပါတယ်။
"ထိုင်းကာကွယ်ရေးဝန်ကြီး လာသွားတယ်။ လာသွားပြီးတော့ ဒီနယ်စပ်မှာရှိတဲ့ စစ်ဘက်၊ နယ်ဘက်၊ အရပ်ဘက် လုံခြုံရေးအဖွဲ့အစည်းတွေ အကုန်လုံးကို ညွှန်ကြားသွားတာပေါ့။ သူဆိုလိုတာကတော့ သဘာ၀တောလမ်းရယ်၊ သောင်ရင်းမြစ်ကိုဖြတ်တဲ့ ရေလမ်းရယ်။ နောက် အဲဒီ မဲဆောက်၊ ဖုဖရာ၊ မယ်ရမတ်ဆိုတဲ့ သုံးမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ကျေးရွာတွေနဲ့ ဆက်နေတဲ့လမ်းတွေရယ်၊ အဲဒါတွေကို တစ်လ ယာယီပိတ်တာပါ"
ထိုင်းသတင်းဌာနတွေကတော့ ရွှေကုက္ကိုမြို့မှာ ဝမ်းရောဂါကြောင့် လူသုံးရာခန့် နာမကျန်းဖြစ်ခဲ့ပြီး နှစ်ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားကြပါတယ်။ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားသုံးဦးလည်း ဝမ်းရောဂါကူးစက်ခံရတာကြောင့် မဲဆောက်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရပြီး နှစ်ဦးကတော့ ဆေးရုံကဆင်းသွားပြီလို့ ဆိုပါတယ်။
လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရွှေကုက္ကိုမြို့သစ်က လုပ်ငန်းရှင်တစ်ဦးကတော့ ဝမ်းရောဂါကူးစက်မှုဟာ အလုပ်သမားတန်းလျားတွေကနေ စတာဖြစ်ပြီး အခုတော့ ထိန်းချုပ်ထားနိုင်ပြီလို့ RFA ကိုပြောပါတယ်။
"အဓိကကတော့ ကျွန်တော်တို့ ဝန်ထမ်း အဲဒီတိုးချဲ့တန်းလျားတွေမှာနေတဲ့ အလုပ်သမားတွေကနေ စဖြစ်တာပါ။ အဲဒါက ကျွန်တော်တို့ အခုတစ်ပတ်ရှိပြီပေါ့။ ကျွန်တော်တို့ တစ်ပတ်အတွင်းပေါ့ အစားအသောက်တွေ အကုန်လုံး၊ လမ်းဘေးဆိုင်တွေ အကုန်လုံးပိတ်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ဒီ ရေတွေ ဘာတွေ ဆေးလိုက် ဖျန်းတာတွေ ကျန်းမာရေးဌာနနဲ့လုပ်တာ အားလုံးကြိုတင်ကာကွယ်ရပါပြီခင်ဗျ။ နောက် ကျွန်တော်တို့ ပိုးစစ်ကြည့်တာကျတော့လည်း ဒီရာသီကာလ ဝမ်းရောဂါပိုးပါပဲ"
ဆက်နွှယ်သောသတင်းများ
ဝမ်းရောဂါကူးစက်မှု ထိုင်း-မြန်မာနယ်စပ်ကို စောင့်ကြည့်ဖို့ ထိုင်းဒုဝန်ကြီးချုပ်ပြော
မြန်မာနယ်စပ်က ဝမ်းရောဂါကူးစက်မှု ကာကွယ်တားဆီးရေး ထိုင်းအစိုးရ ပြင်ဆင်
ဝမ်းရောဂါကူးစက်ခံရသူ သုံးရာခန့်ရှိတယ်ဆိုတာ သတင်းအမှားဖြစ်ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ ရွှေကုက္ကို မြို့သစ်မှာ ဝမ်းရောဂါကူးစက်ခံရသူ ခြောက်ဆယ်ကျော်သာရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေအပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အခုနှစ် ဇူလိုင်လဆန်းပိုင်းကလည်း ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ကုသရသူ ၅၃၄ ဦးရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နေ့စဥ်ထုတ်ပြန်တဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။