မြန်မာအပါအဝင် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့စာရင်း ထိုင်း စကောက်နေ

RFA Burmese
2024.11.08
မြန်မာအပါအဝင် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့စာရင်း ထိုင်း စကောက်နေ ထိုင်းနိုင်ငံ၊ မယ်ဆမ်လတ်မြို့ တွင် နေထိုင်သည့် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးအား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့က တွေ့ရစဉ်။
Lillian SUWANRUMPHA / AFP

ထိုင်းနိုင်ငံမှာ နှစ်ရှည်ပြောင်းရွှေ့နေထိုင်သူ ရှစ်သိန်းကျော်ထဲက မြန်မာနိုင်ငံသားတွေအပါအဝင် ငါးသိန်းလောက်ကို နိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့ အောက်တိုဘာလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ ထိုင်းအစိုးရအဖွဲ့အစည်းအဝေးမှာ အတည်ပြုလိုက်ပြီးနောက် ထိုင်း-မြန်မာနယ်စပ် နေရာအချို့မှာ စာရင်းစတင် ကောက်ယူနေပြီ ဖြစ်ပါတယ်။

အောက်တိုဘာလကုန်ကစပြီး မဲဆောက်မြို့နဲ့ တာ့ခ်ခရိုင်အတွင်းမှာ ဆယ်နှစ် နေထိုင်ခွင့်ပေးထားတဲ့ ကတ် ဒါမှမဟုတ် ဆယ်နှစ်ခံကတ် ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားတွေကို စိစစ်နေပြီလို့ တာ့ခ်ခရိုင်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးက RFA ကို ပြောပါတယ်။

"ရွာသူကြီးကို အန်တီတို့ လက်မှတ်သွားပြရတယ်။ အခုက (ထိုင်းသက္ကရာဇ်) ၂၅၅၁ ခုကလူတွေကို အဓိက ဦးစားပေးပြီးတော့ လုပ်ပေးနေတယ်။ ၂၅၅၁ က ဘာဖြစ်လို့လဲဆိုတော့ ထိုင်းဘုရင်မင်းမြတ်ရဲ့ နန်းသက် (၆၀) ပြည့်မှာ လုပ်ထားပေးတဲ့ဟာ ဖြစ်တဲ့အတွက်ကြောင့်။ သူတို့က ၂၅၅၁ ခု ကနေပြီးတော့ ၂၅၅၄ ခုနှစ်အတွင်းလုပ်ထားတဲ့ ဆယ်နှစ်ခံတွေပေါ့။ အခုနောက်ပိုင်းလုပ်တဲ့ဟာတွေတော့ မပါဘူးပေါ့။ အခုကတော့ စာရင်းယူတုန်းပဲ။ သူတို့ မိတ္တူယူထားတယ်။ လူရှိလား၊ မရှိလား ပြန်စစ်မယ်၊ အဲဒါမျိုးတွေပေါ့။ အခုဆို ကျောင်းသားဆေးခန်း၊ မယ်တောင်၊ မယ်တော်၊ ပြီးရင် ကပ်ပီပန်းဘက် အဲဒီလိုမျိုးပေါ့"

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်၊ ရနောင်းနဲ့ ကန်ချနဘူရီမှာလည်း တိုက်နယ်မှူးနဲ့ ကျေးရွာလူကြီးတွေကတစ်ဆင့် နာမည်စာရင်း ကောက်ယူနေတယ်လို့ ဆိုပါတယ်။

"အခုက (ထိုင်းသက္ကရာဇ်) ၂၅၅၁ ခုကလူတွေကို အဓိက ဦးစားပေးပြီးတော့ လုပ်ပေးနေတယ်။ ၂၅၅၁ က ဘာဖြစ်လို့လဲဆိုတော့ ထိုင်းဘုရင်မင်းမြတ်ရဲ့ နန်းသက် (၆၀) ပြည့်မှာ လုပ်ထားပေးတဲ့ဟာ ဖြစ်တဲ့အတွက်ကြောင့်"

နိုင်ငံသားဖြစ်ခွင့်ပေးမဲ့ လူဦးရေ ငါးသိန်းဝန်းကျင်ထဲမှာ မြန်မာနိုင်ငံသားတွေအပြင် လာအို၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေကနေ နှစ်ရှည်ပြောင်းရွှေ့နေထိုင်ကြသူတွေ ပါဝင်ပါတယ်။

ထိုင်းနိုင်ငံသားဖြစ်ခွင့် အဆိုပြုထားသူတွေကို အုပ်စုလေးခု ခွဲပေးမှာဖြစ်ပြီး ပထမအုပ်စုမှာ ၁၉၈၄ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အတွင်း ရွှေ့ပြောင်းနေထိုင်သူ ၁၂၀,၀၀၀ ဦး၊ ဒုတိယအုပ်စုမှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ရွှေ့ပြောင်းနေထိုင်သူ ၂၁၅,၀၀၀ ဦး၊ တတိယအုပ်စုမှာ ထိုင်းနိုင်ငံမှာ မွေးဖွားကြီးပြင်းတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကလေးငယ် ၂၉,၀၀၀ ဦးနဲ့ နောက်ဆုံးအုပ်စုမှာတော့ နေထိုင်ခွင့်အထောက်အထားမရှိတဲ့ မိဘတွေက မွေးဖွားလာတဲ့ ကလေးငယ် ၁၁၃,၀၀၀ ဦးတို့ကို နိုင်ငံသားပေးအပ်သွားမယ်လို့ ထိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားတာပါ။


ဆက်နွှယ်သောသတင်းများ

ထိုင်းမှာ လူငါးသိန်းနီးပါးကို နိုင်ငံသားဖြစ်ခွင့်ပေးမည်

ဒုက္ခသည်တွေကို နေရပ်ပြန်မပို့ရေး ထိုင်းကို ဖိအားပေးဖို့ HRW တောင်းဆို

ဘန်ကောက်မြို့အနီးက လုပ်ငန်းခွင်တွေမှာ မြန်မာ ၁၆၀ ကျော် ဖမ်းဆီးခံရ


နှစ်ပေါင်းများစွာ ထိုင်းနိုင်ငံမှာ ဒုက္ခသည်အဖြစ် နေနေကြရတဲ့ မြန်မာနိုင်ငံသားအများစု ဒီအစီအစဉ်မှာ ပါဝင်နိုင်တယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူ ဦးအောင်ကျော်က RFA ကို ဆိုပါတယ်။

"အများစုက ကျွန်တော်တို့ နိုင်ငံသားဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ နိုင်ငံခြားသားထဲမှာ လူဦးရေ သန်းနဲ့ချီပြီးတော့ အများဆုံးနေထိုင်တာ မြန်မာတွေဖြစ်တဲ့အတွက်ကြောင့် အထူးသဖြင့်တော့ ကျွန်တော်တို့ သုံးသပ်တာက ကရင်၊ မွန် ပုဂ္ဂိုလ်တွေက ထိပ်ဆုံးက အများဆုံး ပါသွားပါလိမ့်မယ်။ အဲဒီပုဂ္ဂိုလ်တွေကလည်း ဒုက္ခသည်စခန်းထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့သူတွေဖြစ်တယ်။ ပြီးရင် သူတို့မှာ ထိုင်းနိုင်ငံက ထုတ်ထားပေးတဲ့ ဆယ်နှစ်ခံကတ်တွေနဲ့ နေထိုင်နေကြတဲ့အတွက်ကြောင့် အဲဒီပုဂ္ဂိုလ်တွေက နံပါတ်တစ် ဦးစားပေးမှာ ပါသွားမှာ ဖြစ်ပါတယ်"

ဒါဟာ ထိုင်းအစိုးရရဲ့ ပထမဆုံးအကြိမ်ပေးတဲ့ အစီအစဉ်ဖြစ်ပြီး လာမဲ့ရက် ခြောက်ဆယ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာနက အသေးစိတ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်ကနေ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း သုံးဆယ်ကြာ ရွှေ့ပြောင်းနေထိုင်နေပြီး ဆယ်နှစ်ခံကတ် ကိုင်ဆောင်ထားသူကတော့ ဒီတစ်ခေါက် နိုင်ငံသားဖြစ်ခွင့်ကို မျှော်လင့်နေတယ်လို့ RFA ကို ပြောပါတယ်။

"သူတို့က ဆယ်နှစ်ခံနဲ့ သဘောတစ်ခုက လူရှိလား၊ မရှိလား သူတို့ ပြန်စစ်ဆေးတာပဲ။ (နိုင်ငံသားဖြစ်ခွင့်) အကြိမ်ကြိမ် သွားလျှောက်ဖူးတယ်၊ မရဘူး။ ရစေချင်တာပေါ့နော်။ ရလို့ရှိရင်တော့ ဘယ်လောက်ဝမ်းသာမလဲ မသိဘူး။ ရစေချင်တာပဲ။ သူများနိုင်ငံမှာလာနေတော့ သူများနိုင်ငံသားဖြစ်ဖို့ ရစေချင်တာပေါ့လေ။ လူတိုင်းပဲလေ၊ အဲဒါကျတော့။ သူများနိုင်ငံမှာနေရတာ သူများနဲ့ တန်းတူလည်း မနေရဘူး။ သူများက ခွဲခြားတယ်"

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ အစိုးရကျောင်းတစ်ကျောင်းကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: RFA)
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ အစိုးရကျောင်းတစ်ကျောင်းကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: RFA)

မြန်မာရွှေ့ပြောင်းမိဘနှစ်ပါးက မွေးဖွားပြီး ထိုင်းအစိုးရကျောင်းတွေမှာ ထူးချွန်ရင်တော့ အထူးအခွင့်အရေးအနေနဲ့ နိုင်ငံသားဖြစ်ခွင့် မြန်မြန်ဆန်ဆန် ရရှိနိုင်တယ်လို့ ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။

"မြန်မာရွှေ့ပြောင်းလုပ်သား မိဘနှစ်ပါးက မွေးဖွားပေမဲ့လည်း အဲဒီမြန်မာကလေးက ထိုင်းရဲ့ စာသင်ကျောင်းတွေမှာ တက္ကသိုလ်ကောလိပ်သိပ္ပံတွေမှာ ပညာရေးပိုင်း ထူးချွန်လို့ဖြစ်စေ၊ ပန်းချီပိုင်းမှာ ထူးချွန်လို့ဖြစ်စေ၊ လက်မှုပညာ တစ်မျိုးမျိူးမှာ ထူးချွန်လို့ဖြစ်စေ၊ အားကစားတစ်မျိုးမျိုးမှာ ထူးချွန်လို့ဖြစ်စေ၊ ထိုင်းနိုင်ငံကိုကိုယ်စားပြုပြီး နိုင်ငံအဆင့် ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်မယ်ဆိုရင် အထူးအခွင့်အရေးအနေနဲ့ ထိုင်းနိုင်ငံသားဖြစ်ခွင့်က အလျင်အမြန်ရရှိမှာဖြစ်တယ်လို့ ဆိုလိုတာ"

ရွှေ့ပြောင်းနေထိုင်သူတွေဟာ ထိုင်းနိုင်ငံမှာ အချိန်ကြာမြင့်စွာနေထိုင်ခဲ့ပြီး ခိုင်လုံတဲ့အထောက်အထား ရှိတာကြောင့် နိုင်ငံသားဖြစ်ခွင့်ပေးသင့်တယ်လို့ အောက်တိုဘာလ ၂၉ ရက်နေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Huangsap က ပြောထားပါတယ်။

နိုင်ငံသားဖြစ်ခွင့်ရသူတွေအနေနဲ့လည်း လွတ်လပ်စွာသွားလာနိုင်မှာဖြစ်သလို ထိုင်းနိုင်ငံအတွက် အကျိုးပြုစေမယ်လို့လည်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
တောင်ကိုရီးယားမှာ သမ္မတ စစ်အုပ်ချုပ်ရေးကြေညာပြီး လွှတ်တော်က ပယ်ဖျက်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။